ရုရှားနိုင်ငံသည် မြန်မာနှင့် အိန္ဒိယသို့ တင်ပို့ထားသည့် လက်နက်များကို ပြန်လည်ဝယ်ယူနေကြောင်း သံသယဖြစ်ဖွယ်ရှိသည်ဟု အကောက်ခွန် အချက်အလက်များကို Nikkei Asia သတင်းဌာန၏ လေ့လာမှုတွင် တွေ့ရသည်။
ထိုလေ့လာမှုတွင် မြန်မာနှင့် အိန္ဒိယသို့ တင်ပို့ထားသည့် တင့်ကားနှင် ဒုံးကျည်အစိတ်အပိုင်းများကို ရုရှားက ပြန်လည်တင်သွင်းသည့် မှတ်တမ်းများကို တွေ့ရသည်။ ရုရှားသည် ယူကရိန်းစစ်ပွဲတွင် သုံးရန် လက်နက်ဟောင်းများကို ပြုပြင်ရန်အတွက် ထိုအစိတ်အပိုင်းများကို စစ်ဘက်ဆက်ဆံရေး ကာလကြာမြင့်စွာရှိသော နိုင်ငံများမှ ပြန်လည်တင်သွင်းနေပုံ ရသည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယူကရိန်းကို ကျူးကျော်မှု စတင်ပြီးနောက် အမေရိကန် ပြည်ထောင်စု၊ ဥရောပနိုင်ငံများနှင့် ဂျပန်တို့သည် ရုရှားသို့ စစ်ရေးတွင် သုံးနိုင်သည့်ပစ္စည်းများ တင်ပို့မှု ပိတ်ပင်ထားသည်။
အမေရိကန် သုတေသနလုပ်ငန်း ImportGenius, အိန္ဒိယ ပို့ကုန်သွင်းကုန် အချက်အလက်များ (Exim Trade Data) နှင့် အခြားရင်းမြစ်များမှ ရရှိသည့် ရုရှားသို့ တင်ပို့မှု အကောက်ခွန်ရှင်းလင်းမှု အချက်အလက်များကို Nikkei သတင်းဌာနက သုတေသနလုပ်ခဲ့ပြီး တင့်ကားနှင့် ဒုံးကျည်အစိတ်အပိုင်းများ ရုရှားက တင်သွင်းသည့် မှတ်တမ်းများအား လေ့လာခဲ့သည်။
ရုရှားစစ်တပ်အတွက် တင့်ကားများ ထုတ်လုပ်ပေးသော UralVagonZavod သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် မြန်မာစစ်တပ်ထံမှ ကုန်ပစ္စည်းများ ဒေါ်လာ ၂၄ သန်းဖိုး တင်သွင်းသည်။ ထိုကုန်ပစ္စည်းများသည် UralVagonZavod က ထုတ်လုပ်သော ပစ္စည်းများဖြစ်သည်ဟု မှတ်ပုံတင်ထားသည်။
အကောက်ခွန်မှတ်တမ်းများအရ ပြန်လည်တင်သွင်းသော ကုန်ပစ္စည်းများသည် တင့်ကားများတွင် တပ်ဆင်သည့် တယ်လီစကုတ် ၆,၇၇၅ ခုနှင့် ကင်မရာ ၂၀၀ ဖြစ်ကြောင်း ပြသနေသည်။ ၎င်းတို့သည် ပစ်မှတ်၏ အကွာအဝေးကို တိုင်းတာချိန်ရွယ်သည့် ကိရိယာများဖြစ်နိုင်ကြောင်း တင့်ကားများ ထုတ်လုပ်ရာတွင် ပါဝင်ခဲ့သည့် ဂျပန်မြေပြင်တပ်မှ အငြိမ်းစားအရာရှိ နိုဘူယူကီ အကာတာနီက ပြောသည်။
ဗြိတိန် သုတေသနလုပ်ငန်းတခုဖြစ်သော သေနင်္ဂဗျူဟာလေ့လာရေး နိုင်ငံတကာ အင်စတီကျု (IISS) ၏ ၂၀၂၃ ခုနှစ်ထုတ် Military Balance အစီရင်ခံစာအရ ရုရှားတွင် တင့်ကား ၅,၀၀၀ ခန့်ရှိသည်။
“ရုရှားမှာ ခေတ်မီအောင်ပြုပြင်ပြီး ရှေ့တန်းကို ပို့ဖို့ T-72 တင့်ကားတွေ သိုလှောင်ထားတာ အများကြီးရှိတယ်” ဟု ဘရပ်ဆဲလ်အခြေစိုက် သုတေသနလုပ်ငန်း နိုင်ငံတကာအကျပ်အတည်း လေ့လာရေးအုပ်စု (ICG) မှ ရုရှားသုတေသီ အိုလက် အစ်ဂနာတော့ဗ်က ပြောသည်။ “အဲဒီ ကိရိယာတွေက ရုရှား ကာကွယ်ရေးပစ္စည်း လုပ်ငန်းအတွက် ကြီးမားတဲ့ပြဿနာပဲ။ ဒါကြောင့် ဒီနည်းလမ်းနဲ့ ပြန်လည်ရရှိအောင် ကြိုးစားနေတာလို့ ယူဆရတယ်” ဟု ၎င်းကပြောသည်။
ယခင် ကုန်သွယ်မှုမှတ်တမ်းများအရ ထိုသို့သော ကိရိယာများအတွက် အနောက်နိုင်ငံနည်းပညာများကို ယခင်က အားကိုးခဲ့သော ရုရှားသည် ကုန်သွယ်ရေး ပိတ်ဆို့မှုများကြောင့် ၎င်းတို့ကို ရရှိရန် ရုန်းကန်နေရပုံရသည်။
Nikkei သတင်းဌာနသည် UralVagonZavod, ရုရှားအစိုးရနှင့် မြန်မာစစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနတို့ကို ထိုသို့ ပြန်လည်ဝယ်ယူမှုများအကြောင်း မေးမြန်းသော်လည်း ယခုသတင်းရေးသည့်အချိန်အထိ အကြောင်း မပြန်ပေ။
UralVagonZavod သည် ၂၀၁၉ ခုနှစ်တွင် မြန်မာစစ်တပ်သို့ စစ်လက်နက်များ တင်ပို့ခဲ့သည်။ ယခု ပြန်လည်ပေးပို့သော ပစ္စည်းများသည် ချို့ယွင်းသော ပစ္စည်းများ ဖြစ်နိုင်သော်လည်း ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနတွင် ယခင် တာဝန်ထမ်းဆောင်ခဲ့သည့် စစ်သုတေသီ ကီနီချီ နီရှီမူရာက “ချို့ယွင်းတဲ့ပစ္စည်းတွေကို တင်သွင်းစဉ်ကတည်းက အပြည့်အဝ စစ်ဆေး အစားထိုးလဲလှယ်ပြီး ဖြစ်သင့်တယ်” ဟု ပြောသည်။
အခြားသုတေသီများကလည်း သဘောတူသည်။ “ကျနော် သိသလောက် အာမခံကာလအတွက် ပြန်ပို့ဆိုလည်း အရေအတွက်က များလွန်းတယ်” ဟု ဒတ်ချ် ကာကွယ်ရေး ထောက်လှမ်းရေး သုတေသန အင်တာနက်စာမျက်နှာ Oryx မှ ဂျာကတ် ဂျနော့စကီးက ပြောသည်။
ဒုံးကျည်များထုတ်လုပ်သည့် စက်ကိရိယာတည်ဆောက်ရေး ဒီဇိုင်းဗျူရို၏ ရုရှားအမည် အတိုကောက်ဖြစ်သော NPK KBM သည် ၂၀၂၂ ခုနှစ်၊ သြဂုတ်လနှင့် နိုဝင်ဘာလတွင် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များအတွက် ညဘက်မြင်ကိရိယာ အစိတ်အပိုင်း ခြောက်ခုကို ဒေါ်လာ တသိန်းခွဲဖြင့် အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနထံမှ ဝယ်ယူခဲ့သည်။ ဒုံးကျည်များ ညဘက်တွင် အလင်းရောင်နည်းနည်းဖြင့် အလုပ်လုပ်စေနိုင်သည့် ထိုအစိတ်အပိုင်းများကို NPK KBM က ထုတ်လုပ်ပြီး အိန္ဒိယသို့ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလက တင်ပို့ခဲ့သည်။
ရုရှားသည် တင့်ကားများပြုပြင်ရန် ထိုအစိတ်အပိုင်းများ ပြန်လည်တင်သွင်းနေပုံရပြီး ယခုနှစ် မတ်လကုန်အထိ အိန္ဒိယသို့ ပြန်လည်တင်ပို့ခြင်း မရှိပေ။ NPK KBM နှင့် အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနတို့က Nikkei ၏ မေးမြန်းမှုများကို အကြောင်းမပြန်ပေ။
စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု (SIPRI) ၏ အဆိုအရ ရုရှားသည် ကမ္ဘာ့ တတိယ အကြီးမားဆုံး လက်နက်တင်ပို့သည့် နိုင်ငံဖြစ်ပြီး အိန္ဒိယသည် ရုရှားထံမှ လက်နက်အများဆုံး တင်သွင်းကာ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ရုရှားက တင်ပို့သည့် လက်နက်များ၏ ၃၅ ရာခိုင်နှုန်းကို ဝယ်ယူသည်။
SIPRI သည် ၎င်းတို့၏ တွေ့ရှိချက်များကို ဝယ်ယူမှုပမာဏ၊ ထုတ်လုပ်မှုတန်ဖိုးနှင့် လက်နက်စွမ်းရည် စသည့် ဝယ်ယူသူအညွန်းကိန်းတန်ဖိုး (TIV) အပေါ် အခြေခံ တွက်သည်။ အိန္ဒိယပြီးလျှင် ရုရှားလက်နက် အဝယ်ဆုံးနိုင်ငံမှာ တရုတ်ဖြစ်ပြီး ရုရှား၏ လက်နက်တင်ပို့မှု ၁၅ ရာခိုင်နှုန်း ဝယ်သည်။ တရုတ်ပြီးလျှင် အယ်လ်ဂျီးရီးယားက ၁၀ ရာခိုင်နှုန်းဖြင့် တတိယလိုက်သည်။ တင်ပို့ပြီး ကိရိယာများကို ပြန်လည်တင်သွင်းခြင်းဖြင့် ရုရှားသည် လက်နက်ဟောင်းများကို အဆင့်မြှင့်တင်ပြီး စစ်မြေပြင်သို့ ပို့ဆောင်နိုင်သည်။
လွန်ခဲ့သောလက ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားတွင် ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲတွင် စက်မှုထိပ်သီး ၇ နိုင်ငံခေါင်းဆောင်များက ရုရှားကို စစ်ရေးအထောက်အပံ့ရပ်ရန် အခြားနိုင်ငံများကို တောင်းဆိုထားသည်။ သို့သော် “ရုရှားလုပ်လက်နက်ကို အားကိုးတဲ့ နိုင်ငံတွေဆီက ပူးပေါင်းဆောင်ရွက်မှုရဖို့ ခက်ခဲတယ်” ဟု တိုကျိုမှ ဟီတိုဆူဘာရှီတက္ကသိုလ်၊ လက်နက်ထိန်းချုပ်မှု လေ့လာရေး ပါမောက္ခ နိုဘူမာဆာ အကီယာမာက ပြောသည်။
ရုရှားသို့ စစ်လက်နက်ပစ္စည်း စီးဝင်မှု တားဆီးရန်နှင့် ယူကရိန်းစစ်မြေပြင်တွင် ထိုလက်နက်များ မသုံးစေရန် အားထုတ်မှုသည် ရုရှားနှင့် အရောင်းအဝယ်များကို ဖော်ထုတ်သည့်နည်းလမ်း ထူထောင်ခြင်းကဲ့သို့ တင်းကျပ်သည့် အစီအမံများ လိုအပ်သည်။
ကိုးကား ။ ။ Nikkei Asia သတင်း Russia ‘buying back’ arms parts exported to Myanmar and India
You may also like these stories:
အာဏာသိမ်းစစ်ကောင်စီ လက်နက် ဒေါ်လာ ၁ ဘီလီယံဖိုး ဝယ်ယူ
စစ်အသုံးစရိတ် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံအထိ စစ်ကောင်စီ တိုးမြှင့်
ရုရှားက လက်နက်ထောက်ပံ့မှု ရပ်ရင် မြန်မာ ပဋိပက္ခ အဆုံးသတ်နိုင်ဟု အမေရိကန်ပြော
မြန်မာကတဆင့် အာရှမှာ ရုရှားခြေကုပ်ရနိုင်သလား