တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်သွင်းကုန်အတွက် ပြည်တွင်းဘဏ်များတွင် ယွမ်ငွေဖြင့် ငွေစာရင်းဖွင့်ပြီးမှသာ ကုန်သွယ်ရေးလိုင်စင် ထုတ်ပေးမည်ဟု စစ်ကောင်စီက သတ်မှတ်လိုက်သည်။
ယခင်က နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သည်များအနေဖြင့် တရုတ်ယွမ်သို့မဟုတ် အမေရိကန်ဒေါ်လာကို အဆင်ပြေ သလို ဝယ်ယူသုံးစွဲ ပေးချေနိုင်သော်လည်း ယခုအခါ ယွမ်ငွေကို သုံးရမည်ဟု စစ်ကောင်စီ၏ နိုင်ငံခြားငွေကြီးကြပ်မှု ကော်မတီ (FESC)က ဇွန်လ ၁ရက်တွင် ထုတ်ပြန်လာခြင်းဖြစ်ပြီး၊ တရုတ်နယ်စပ်မှ သွင်းကုန်လိုင်စင်လျှောက်ရာတွင် ပို့ကုန်ရငွေမှဖြစ်စေ၊ ပြည်တွင်းဘဏ်မှ ဝယ်ထားသည့် ယွမ်ငွေရှိကြောင်း ဘဏ်အထောက်အထားပါ တင်ပြရမည်ဟု ပါရှိသည်။
မူဆယ်နယ်စပ်မှ ကုန်သည်ကြီးတဦးက “အရင်က Export ပို့ရင် ဒေါ်လာနဲ့တွက်ပြီးပေးတာ။ ကုန်ပစ္စည်းတချို့ကိုပေါ့။ တချို့ကတော့ ယွမ်ငွေနဲ့ပေးတာ။ ဒါပေမယ့် ဇွန် ၁ ရက်ကစပြီးတော့ ပို့ကုန်အားလုံးကို ယွမ်ငွေနဲ့ပဲဝင်မယ်။ ဒေါ်လာနဲ့ မဝင်ဘူး။ ဒီလိုပဲ သွင်းကုန်တွေကိုလည်း ပို့ကုန်ဝင်ငွေရှိမှ သွင်းလို့ရမယ်။ အဲဒီငွေကလည်း ယွမ်ငွေဖြစ်ရမယ်။ ဒေါ်လာ မဖြစ်ရဘူး။ တရုတ်နိုင်ငံက သွင်းကုန် ယွမ် ၁ သိန်းဖိုးဝယ်ရင် ပို့ကုန်ရငွေကလည်း ယွမ် ၁ သိန်းဖိုး ဖြစ်ရမယ်။ ဒေါ်လာ ကို သုံးစွဲခွင့်မပြုဘူးဆိုတဲ့သဘောပဲ။ ယွမ်ငွေတမျိုးထဲသာ သုံးစွဲခွင့်ပြုမယ်”ဟု ဧရာဝတီကို ပြောသည်။
ထို့အတူ ပို့ကုန်သမားများအနေဖြင့်လည်း စစ်ကောင်စီ၏ဗဟိုဘဏ်က သတ်မှတ်ဈေးအတိုင်း ယွမ်ငွေနှင့်သာပေး၍ ဝင်ငွေ၏ ၆၅ ရာခိုင်နှုန်းကို သတ်မှတ်ဈေးအတိုင်း ဘဏ်များထံ ပြန်ရောင်းရမည် ဖြစ်သည်။
အဆိုပါ ပို့ကုန်ဝင်ငွေရှိမှသာ သွင်းကုန်တင်သွင်းခွင့်ပြုခြင်း၊ ရလာသည့်ငွေကြေးကိုလည်း ဗဟိုဘဏ်သတ်မှတ်ဈေးဖြင့် ဖြတ်ယူခြင်း တို့ကြောင့် နယ်စပ်ကုန်သွယ်ရေးတွင် လုပ်ကိုင်ရခက်ခဲသည့်အပြင် ကုန်သည်များမှာ သွင်းကုန် တင်သွင်း ပါက လိုအပ်သည့်ငွေကြေးကို ပြင်ပပေါက်ဈေးနှင့် ဝယ်ယူထည့်ရသောကြောင့်လည်း နစ်နာမှုများရှိကြောင်း မူဆယ် နယ်စပ်မှ ကုန်သည်ကြီးက ထောက်ပြပြောဆိုသည်။
သွင်းကုန်လုပ်ငန်းရှင်တဦးကလည်း “ဒေါ်လာနဲ့ အဝင် အထွက် လုပ်မရဘူး။ ယွမ်ငွေနဲ့ပဲလုပ်ရမှာ။ နယ်စပ်မှာ ယွမ် ငွေနဲ့မှ မလုပ်ရင် အရောင်းအဝယ် လုပ်လို့မရဘူး ဖြစ်သွား တာ။ သွင်းကုန်သမားကလည်း သွင်းရင် ပို့ကုန်သမား တွေဆီက ယွမ်ငွေဝယ်ရမယ်။ သွပ်တွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ စားကုန်သောက်ကုန်သွင်းရင် ယွမ်ငွေကို အပြင် ပေါက်ဈေးနဲ့ဝယ်ပြီး ပြန်သွင်းရမှာ။ အဲဒီတော့ ကုန်သွယ်ရေးမှာ အခက် အခဲရှိတယ်။ ကုန်ကျစရိတ်တွေ တက်လာမှာ” ဟု ပြောသည်။
ဗဟိုဘဏ်၏ ယွမ်ငွေပေါက်ဈေးမှာ ၁ ယွမ်လျှင် မြန်မာငွေ ၃၀၀ ကျပ် ဝန်းကျင်ရှိပြီး ပြင်ပပေါက်ဈေးမှာ တရုတ်ငွေ ၁ ယွမ်လျှင် မြန်မာငွေ ၄၀၀ ကျပ်ကျော်ထိ ရှိနေသဖြင့် ကုန်သည်များအတွက် ကွာဟချက် ကြီးမားနေကြောင်း သိရ သည်။
တရုတ်နိုင်ငံဘက်သို့ မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ ဖရဲ၊ သခွား၊ ရော်ဘာ၊ ရေထွက်ပစ္စည်း၊ ငရုတ်သီး စသည့် ကုန်ပစ္စည်းများ တင်ပို့နေပြီး တရုတ်ဘက်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ စား သောက်ကုန်၊ လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများကို တင်သွင်းနေခြင်းဖြစ်ကာ ယခုရက်တွင်း တရက်လျှင် နှစ်ဖက် ကုန်သွယ်မှု ကုန်ကားအစီးရေ ၁၀၀ ဝန်းကျင်သာရှိကြောင်း ကုန်သည်များထံမှ သိရသည်။
ပြီးခဲ့သည့် မေလလယ်ပိုင်းအတွင်းကလည်း သံနှင့်သံမဏိ သွင်းကုန်လုပ်ငန်းရှင်များကို အမေရိကန် ဒေါ်လာအစား တရုတ်ယွမ်ငွေကို ပြောင်းလဲသုံးစွဲရန်နှင့် ဆေးဝါးတင်သွင်းသူ လုပ်ငန်းရှင်များကို လည်း တရုတ်ယွမ်နှင့် ထိုင်းဘတ်ငွေ များ အစားထိုးကုန်သွယ်ရန် စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနက လုပ်ငန်းရှင်များကို ဖိအားပေး ညွှန်ကြားထားသေးသည်။
စစ်ကောင်စီသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရေး၊ နိုင်ငံခြားငွေကို ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းများ ဆောင်ရွက်ရန် ဟုဆိုကာ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက ဦးဆောင်ကာ နိုင်ငံခြားငွေကြီးကြပ်မှု ကော်မတီ (FESC)ကဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
You may also like these stories:
နယ်စပ်ကုန်သွယ်ရေး ဒေါ်လာ သတ်မှတ်ချက် နေရာထပ်ချဲ့
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်လုနီးပါး ဖြစ်နေ
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ထိုးကျနေ
ငွေဈေး အတက်အကျ များ၍ နယ်စပ်ကုန်သွယ်ရေးများ တန့်နေ