လွန်ခဲ့သောလက မိုခါဆိုင်ကလုန်းကြောင့် လူမှုအသိုက်အဝန်းများ ပျက်စီးသွားပြီးနောက် ပြန်လည်ထူထောင်ရေး လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေကြောင်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဝေးကွာသော ဆင်းရဲနွမ်းပါးဒေသများမှ လူနည်းစု လူမျိုးစု လူမှုအသိုက်အဝန်းများက ပြောသည်။
ရခိုင်လူမျိုးစု အများစု နေထိုင်သော မြန်မာနိုင်ငံ အနောက်ဘက်ဆုံးပြည်နယ်တွင် မြို၊ ခမီ၊ သက်၊ မရမာကြီး, ဒိုင်းနက်နှင့် ကမန်လူမျိုးများလည်း နေထိုင်ကြသည်။
လူနည်းစု လူမျိုးစု ကျေးရွာသားများသည် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းနောက်ပိုင်း ဒုတိယ အပြင်းထန်ဆုံးမုန်တိုင်း ဖြစ်သည့် မိုခါမုန်တိုင်းက မေလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖျက်ဆီးပြီးနောက် အပျက်အစီးများကို အဓိက ခံစားနေရသည်။
မြိုလူမျိုးစုမှ ဦးရွှေမောင်သည် မြောက်ဦးမြို့နယ်မှ စိုက်ပျိုးရေးကျေးရွာ မကြားစီတွင် နေထိုင်သည်။
သူ၏ကျေးရွာမှ အချို့သောမိသားစုများသည် အကူအညီများမရသောကြောင့် ပျက်စီးသွားသောနေအိမ်များကို ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိသေးပေ။
“ကျနော်တို့ ဘာအကူအညီမှ မရသေးဘူး။ အိမ်တွေပြန်ဆောက်ဖို့ တောထဲက သစ်ပင်တွေ ခုတ်နေရတယ်” ဟု ၎င်းကပြောသည်။
မကြားစီကျေးရွာမှ ကျောင်းတခုနှင့် ဆေးခန်းတခု အပါအဝင် အိမ် ၁၃၀ ခန့် မုန်တိုင်းကြောင့် ပျက်စီးသွားကြောင်း ဦးရွှေမောင်က ပြောသည်။
ထိုရွာမှ ကလေး၊ လူကြီးများသည် သန့်ရှင်းသောရေ မရသောကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် အရေပြား ရောဂါများ ခံစားနေရကြောင်းလည်း ၎င်းကပြောသည်။
မြောက်ဦးမြို့နယ်၊ မောင်နှမကျေးရွာမှာ ခမီတိုင်းရင်းသား လူနည်းစုများနေထိုင်သည့် ကျေးရွာဖြစ်ပြီး အစားအစာ မလုံလောက်မှု အပြင်းအထန် ရင်ဆိုင်နေရသည်။
“ရွာမှာ အစားအစာ မလုံလောက်ဘူး။ ရွာဘုန်းကြီးကျောင်းက အစားအသောက်တွေ တောင်းနေရတယ်” ဟု ရွာခံတဦးက ပြောသည်။
ရွာမှ ဝါးနှင့် သက်ကယ်ဖြင့် တည်ဆောက်ထားသည့် အိမ်အများစုကိုလည်း မုန်တိုင်းက ဖျက်ဆီးခဲ့သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မြို၊ ခမီ၊ ဒိုင်းနက် လူမှုအသိုက်အဝန်းများသည် ပထဝီအရနှင့် လူမှုအခြေအနေအရ ရခိုင်လူများစုများနှင့် သီးခြားဖြစ်နေသည်။
မုန်တိုင်းကြောင့် အပျက်အစီး ကြီးမားသဖြင့် ဝေးကွာသော ကျေးရွာများသို့ ဒေသတွင်းမှ အကူအညီများ လုံလုံလောက်လောက် ရောက်မလာကြောင်း မြောက်ဦးမြို့နယ်မှ စေတနာ့ဝန်ထမ်းတဦးက ပြောသည်။
“မြောက်ဦးမြို့နယ်အနီးက ဆင်းရဲတဲ့ လူမှုအသိုက်အဝန်းတွေတောင် အကူအညီမရသေးဘူး။ ဒါကြောင့် ဝေးကွာတဲ့ နေရာတွေကြောင့် လူနည်းစု အသိုက်အဝန်းတွေကို အကူအညီရောက်ဖို့ ခက်ခဲတယ်” ဟု ၎င်းကရှင်းပြသည်။
သယ်ယူပို့ဆောင်ရေးခက်ခဲမှုများနှင့် ဆက်သွယ်ရေး ပြတ်တောက်မှုများကြောင့် မုန်တိုင်းဒဏ်ခံ မြိုနှင့် ခမီ လူမှုအသိုက်အဝန်းများသို့ အရေးပေါ်အကူအညီပေးရေး အခက်အခဲ ဖြစ်နေကြောင်း ဒေသတွင်း စေတနာ့ဝန်ထမ်းအဖွဲ့အစည်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းက ပြောသည်။
သို့သော် ထိုစေတနာ့ဝန်ထမ်းအဖွဲ့သည် ဇွန်လ ၅ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်ရှိ မြေနုကျွန်းမှ လူမျိုးစုကျေးရွာ နှစ်ခုသို့ အစားအသောက်များ ပေးပို့နိုင်ခဲ့သည်။
မြေနုမှ ဒေသခံတဦးသည် သူနေထိုင်သည့်နေရာတွင် အဆက်အသွယ် ပြတ်တောက်နေသောကြောင့် စစ်တွေမြို့သို့ သွားရောက်ပြီး အကူအညီတောင်းခံခဲ့ကြောင်း ထိုစေတနာ့ဝန်ထမ်းအဖွဲ့က ပြောသည်။
မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းသည် ခက်ခက်ခဲခဲ ခရီးသွားရောက်ပြီးနောက် ထိုကျေးရွာရှိရာ ကျွန်းသို့ရောက်ရန် တနာရီကြာသည့်ခရီးကို စက်လှေဖြင့် သွားရောက်ခဲ့သည်။ သို့သော် အခက်အခဲများမှာ စတင်ရုံသာ ရှိသေးသည်။ ထိုကျွန်း၏ အရှေ့ဘက် ဆိပ်ကမ်း စိုးမေကြည်ကျေးရွာသို့ ဆိုက်ကပ်ပြီးနောက် ထိုအဖွဲ့သည် ၎င်းတို့၏ စားနပ်ရိက္ခာအကူအညီများကို ဆံတော်ရှင်ကျေးရွာသို့ ရောက်ရန် တောင် ကိုးတောင်ကိုဖြတ်ပြီး နောက်ထပ် နှစ်နာရီကြာ ခြေကျင်သယ်ဆောင်ရသည်။
ထိုကျေးရွာသည် ရခိုင်ပြည်နယ်မှ တန်ခိုးကြီးဘုရားများအနက် တဆူဖြစ်သော ဆံတော်ရှင်ဘုရား တောင်ခြေတွင် တည်ရှိသည်။ ထိုကျွန်းသည် ဘုရားပွဲကျင်းပရာ ဒီဇင်ဘာလတွင် ဘုရားဖူးများဖြင့် စည်ကားနေသော ကျွန်းဖြစ်သည်။
ဆံတော်ရှင်ဘုရားပတ်ဝန်းကျင်မှ မြိုနှင့် ခမီကျေးရွာများသည် မုန်တိုင်းအတွင်း အကြီးအကျယ် ပျက်စီးပြီး အရေးပေါ်ပြင်ဆင်ရန် လိုအပ်နေကြောင်း ထိုစေတနာ့ဝန်ထမ်းအဖွဲ့က ပြောသည်။
“အရေးပေါ်အကူအညီ လိုအပ်နေတဲ့ ရွာ နှစ်ရွာကို ကျနော်တို့က တာပေါ်လင်နဲ့ အရေးပေါ် အစားအသောက် အကူအညီပေးတယ်။ ကျွန်းပေါ်က ရွာတွေအားလုံးကို ကျနော်တို့ မကူညီနိုင်သေးဘူး” ဟု စေတနာ့ဝန်ထမ်းတဦးက ပြောသည်။
မြေနုကျွန်းမှ ကျေးရွာ ၁၉ ရွာအနက် တောင်ပိုင်းနှင့်အနောက်ပိုင်းမှ ကျေးရွာများသည် မုန်တိုင်းဒဏ် အဆိုးဆုံး ခံစားရသည်။
“ကျေးလက် လူမျိုးစု လူနည်းစုတွေက ဆင်းရဲပြီး အထီးကျန်တယ်။ အကူအညီ ဘယ်လိုတောင်းရမယ်ဆိုတာ သူတို့ မသိဘူး။ သူတိုဘာသာ နာလန်ထူဖို့ အရမ်းခက်တယ်” ဟု စေတနာ့ဝန်ထမ်းတဦးက ပြောသည်။
ရခိုင်ပြည်နယ်မှ ပြည်သူ ၂၆၆,၅၀၀ အတွက် အကူအညီများပေးခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဇွန်လ ၂ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တစောင်တွင် ဖော်ပြထားသည်။ UNOCHA သည် မုန်တိုင်းဒဏ်ခံဒေသများသို့ အကူအညီများပေးရန် စစ်ကောင်စီ၏ ခွင့်ပြုချက် တောင်းခံနေဆဲ ဖြစ်ကြောင်းလည်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Rakhine Minorities Report Food, Shelter Crisis as Aid Fails to Arrive ကို ဘာသာပြန်သည်။)
You may also like these stories:
မုန်တိုင်းအလွန် ပြန်ရုန်းထဖို့ ကြိုးစားနေရတဲ့ ရသေ့တောင်မြို့နယ်က ဒုံးပိုက်ရွာ
မုန်တိုင်းဒဏ်ခံ ရခိုင်ပြည်နယ်တွင် အရေးပေါ် အကူအညီ လိုအပ်နေ
ဆိုင်ကလုန်းမိုခါကြောင့် ရခိုင်ပြည်နယ်မှ ငါးဖမ်းကျေးရွာများ အကြီးအကျယ် ပျက်စီး
စာရေးဆရာဝေဟင်အောင်နှင့်အဖွဲ့အား ဖမ်းဆီးမှု၊ ကူညီကယ်ဆယ်ရေးကို ခြိမ်းခြောက်ရာရောက်
မြန်မာတွင် မုန်တိုင်း ကယ်ဆယ်ရေးအတွက် ကုလသမဂ္ဂက ဒေါ်လာ ၃၃၃ သန်း တောင်းထား