ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေသဖြင့် ယခု ရက်သတ္တပတ် အတွင်း မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ)က သတိပေးထားသည်။
ယနေ့ မိုး/ဇလ၏ ထုတ်ပြန်ချက်တွင် ရခိုင်၊ ချင်းပြည်နယ် အပါအဝင် ပြည်နယ်နှင့်တိုင်း ၁၃ ခုတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့နေရာများ၌ ဒေသအလိုက် နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင် ကြောင်း ရခိုင်၊ ချင်း၊ ရှမ်း၊ ကရင်နှင့် မွန်ပြည်နယ်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်း နှင့် နေပြည်တော်တို့တွင် ဇွန် ၉ ရက်မှ ၁၃ ရက်ထိ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက “မုတ်သုံအားကောင်းရာမှ အားအလွန် ကောင်းတဲ့အခြေအနေ ဖြစ်တယ်။ ကမ်းရိုးတန်းတလျှောက် မုတ်သုံလေအားကောင်းတော့ မိုးရွာမယ်။ တချို့နေရာတွေ မှာ နေရာကွက်မိုးကြီးမယ်။ နေရာလိုက်မိုးကြီးမယ်။ မိုးသက်လေပြင်းကျတာတွေ ရှိမယ်။ မိုးသည်းထန်စွာရွာတာ များ လာရင်တော့ ရေကြီးရေလျှံမှုတွေ ဖြစ်လာမယ်။ မြေပြိုတာတွေ ဖြစ်နိုင်တယ်” ဟု ပြောသည်။
လက်ရှိတွင် မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်၌ မိုးရွာသွန်းမှုကြောင့် ဒေသခံပြည်သူများ နေထိုင်စားသောက်ရေး အခက်အခဲ ဖြစ်နေသလို ဒေသတွင်းအဖွဲ့များ အနေဖြင့်လည်း ကူညီရေးလုပ်ဆောင်ရာတွင် အခက်အခဲများ ကြုံနေရ ကြောင်းလည်း သိရသည်။
မေတ္တာရောင်ခြည်အသင်းမှ ကိုလင်းလင်းက “ပင်လယ်ပြင်ဘက်ကိုထွက်တာ မနေ့က နောက်ဆုံးအနေနဲ့ပေါ့။ အိုးတွေ ဘာတွေ သွားလှူတာ။ ပင်လယ်ကို ဖြတ်သွားတာက အဆင်မပြေတော့ဘူး။ လှိုင်းက တအားကြီးတယ်။ ကျန်တဲ့ဘက် တွေကိုပဲ ဦးစားပေးပြီးသွားမယ်လို့ စီစဉ်ထားကြတယ်။ မနေ့က ဘုတ်မလဲရုံတမယ်ပဲ” ဟု ဧရာဝတီကို ပြောသည်။
စားနပ်ရိက္ခာ ထောက်ပံ့ရေးကိုပင် လုံလောက်စွာ မရရှိသေးသည့် ရခိုင်ဒေသခံများအနေဖြင့် အမိုးအကာများလည်း လုံခြုံစွာ ပြန်လည်မတည်ဆောက်နိုင်သေးသောကြောင့် နီးစပ်ရာဘာသာရေးအဆောက်အအုံများ၊ တာပေါ်လင်အမိုး များဖြင့် နေထိုင်ရေးအတွက် ယာယီဖြေရှင်းနေရချိန်တွင် မိုးကြီးပါက ပိုမိုဒုက္ခများမည်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ဒေသခံတဦးက “ကိုယ့်အိမ်ကမလုံတော့ ဘုန်းကြီးကျောင်းဖြစ်ဖြစ်၊ သူများအိမ်ဖြစ်ဖြစ် သွားနေနေရတာလေ။ အဓိကက အမိုးအောက်ရောက်ရေးက အရေးကြီးနေတာ” ဟု ပြောသည်။
မိုးလေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်ကမူ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း သည် ဇွန်လ ၁၀ ရက် နေ့လယ် ၁၂ နာရီခွဲတွင် စစ်တွေမြို့အနီးမှ လေတိုက်နှုန်းအများဆုံး ၁ နာရီ ၅၇ မိုင်နှင့် ကုန်း တွင်းကို မုန်တိုင်းဗဟို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း နိုင်ငံတကာ မိုး/ဇလအဖွဲ့များ၏ သတိပေးချက်ကို ကိုးကားပြီး ဆိုထားသည်။
အင်အားမပြင်းထန်သော အဆိုပါ မုန်တိုင်းသည် ရခိုင်၊ ချင်းနှင့် မကွေးတိုင်းတို့ကို ဖြတ်သန်းသွားမည်ဖြစ်ပြီး သတိ ထားရမည့် အဓိကအဆောက်အအုံအနေဖြင့် စစ်တွေလေဆိပ်အပြင် မောင်တောဆိပ်ကမ်း၊ စစ်တွေဆိပ်ကမ်းတို့ ပါဝင်ကြောင်းလည်း သူကဆိုသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကမူ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကာ အားကောင်းသော လေဖိအားနည်း ရပ်ဝန်းအဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထုတ်ပြန်ထားသည်။
You may also like these stories :
မုန်တိုင်း ကယ်ဆယ်ရေး အကူအညီ ရခိုင်လူနည်းစုများ မရ
မုန်တိုင်းအလွန် ပြန်ရုန်းထဖို့ ကြိုးစားနေရတဲ့ ရသေ့တောင်မြို့နယ်က ဒုံးပိုက်ရွာ
စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် မိုခါမုန်တိုင်း နောက်ဆက်တွဲ ကူညီရေး အဟန့်အတားဖြစ်
ဆိုင်ကလုန်းမိုခါကြောင့် သေဆုံးသူ ၂၀၀ ကျော်အထိ မြင့်တက်လာ