ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ လူစည်ကားရာနေရာများဖြစ်သည့် နွယ်အေးရပ်ကွက်၊ နှင်းဆီလမ်းမပေါ်ရှိ နွယ်အေး ဗလီနားတွင် အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသားတဦးအား လူတစုက ဓားဖြင့် အချက်ပေါင်းများစွာ ထိုး၍ သတ်ဖြတ်မှု ဇွန်လ ၇ရက်က ဖြစ်ပွားခဲ့သည်။
ဓားဖြင့် ရက်ရက်စက်စက် ထိုးသတ်ခံရသူက ဦးသန်းမြင့်ဆိုသူဖြစ်ပြီး ဈေးရောင်းသူတဦးဖြစ်ကာ ရန်ငြှိးရန်စကြောင့်လည်း မဟုတ်၊ လုယက်ခံသည့် အတွက်လည်း မဟုတ်ပါ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနမှ အကြံပေးဖြစ်သူ ဦးအောင်ကျော်မိုး၏ အစ်ကို ဖြစ်သည့်အတွက်ဆိုကာ စစ်တပ်ထောက်ခံသူ အမျိုးသားရေး လှုပ်ရှားသူများက အကြောင်းမဲ့ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထို့အတွက်လည်း ၎င်းတို့လက်ချက်ဖြစ်ကြောင်း စစ်တပ်ထောက်ခံသူ အမျိုးသားရေး လှုပ်ရှားသူများက ဆိုရှယ်မီဒီယာ များတွင် ထုတ်ဖော်ပြောဆိုထားသည်။
ယင်းသို့ စစ်ကောင်စီကို ဆန့်ကျင် တော်လှန်တိုက်ပွဲဝင်နေကြသူများသာမက၊ ၎င်းတို့၏ မိသားစုဝင်များနှင့် တဖက်တွင်လည်း စစ်ကောင်စီ ထောက်တိုင်များ၊ စစ်ကောင်စီ ဝန်းရံသူများ၊ သတင်းပေး အစရှိသူများအား အပြန်အလှန် သတ်ဖြတ်နေကြသည့် ဖြစ်စဉ်များမှာ သည်နှစ်အတွင်း ခပ်စိပ်စိပ် ဖြစ်ပွားလာခဲ့သလို၊ ယခုဇွန်လအတွင်းပင် သတ်ဖြတ်ခံရမှု ဖြစ်စဉ်များ ပို၍ အရှိန်မြင့်လာသည်ဟု ဆိုရမည်။
၂၀၂၃ ခုနှစ် နှစ်စပိုင်းမှစ၍ ရန်ကုန်မြို့ပေါ်၌ လုံခြုံရေး အထူးတင်းကျပ်ထားသည့်ကြား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဒု ညွှန်ချုပ် ဦးစိုင်းကျော်သူ၊ ရှေ့နေ ဦးမင်းတေဇညွှန့်တင်၊ ဗိုလ်မှူးဟောင်း ဦးရဲမင်းသန်း၊ ဒုဗိုလ်မှူးကြီးဟောင်း ဦးအောင်ညီထွန်းတို့ သတ်ဖြတ်ခံခဲ့ရပြီးနောက် ဆက်တိုက်ဆိုသလို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်း အရုံး (MNO) တည်ထောင်သူ ဥက္ကဋ္ဌ ဦးတင့်လွင့်နှင့် မေလ ၃၀ ရက်ကမူ အဆိုတော် လီလီနိုင်ကျော် ပစ်ခတ်ခံရ၍ သေဆုံးခဲ့သည်။
စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့် အဆိုတော် လီလီနိုင်ကျော် အသတ်ခံရမှုတွင် ကျော်သူရ(ခ) အီးတီနှင့် ကောင်းဇာနည် ဟိန်း (ခ) လပြည့်တို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည့်အပြင် ကောင်းဇာနည်ဟိန်း၏ မိခင်နှင့် အစ်မတို့ကို ဇွန်လ ၆ရက် နေ့က ရန်ကုန်တိုင်း ထန်းတပင်နေအိမ်တွင် စစ်ကောင်စီ ထောက်ခံသူများက ဝင်ရောက်သတ်ဖြတ်ခဲ့သည်။

လက်တုံ့ပြန် သတ်ဖြတ်ခြင်းဟု စစ်ကောင်စီ၏ လော်ဘီ လူမှုကွန်ရက်များ စာမျက်နှာများတွင် ရေးသားဖော်ပြထားကြသည့်အပြင် တော်လှန်ရေး အင်အားစုများ၏ မိသားစုဝင်များကိုပါမချန် သတ်ဖြတ်ကြရန် တယ်လီဂရမ်ချန်နယ်များတွင် လှုံ့ဆော်လျက်ရှိသည်။
ထိုသို့ လှုံ့ဆော်မှုများကြောင့် အပြစ်မဲ့ပြည်သူများပါ သတ်ဖြတ်ခံရမှု ဖြစ်စဉ်များလည်း ခပ်စိပ်စိပ်ဖြစ်ပွားလျက်ရှိသလို အင်အားစု နှစ်ဖက်စလုံးအနေဖြင့်ပါ ကျီးလန့်စာစားနေရသည့် အခြေအနေကို လတ်တလော ကြုံတွေ့နေရလျက် ရှိသည်။
စစ်အာဏာရှင်ကို တော်လှန်နေသည့် အင်အားစုများက စစ်တပ်ထောက်တိုင်များဖြိုချသည်ဟု ဆိုကြသလို စစ်တပ် ထောက်ခံသူ အသိုင်းအဝိုင်းကလည်း မိမိတို့ ဘက်တော်သားများ သတ်ဖြတ်ခံနေရသည့်အတွက် လက်တုံ့ပြန်သည့် အနေဖြင့် မိသားစုဝင်များပါမချန် သတင်းပေးရန်နှင့် သတ်ဖြတ်၍ လက်စားချေကြရန် တိုက်တွန်းမှုများကို တယ်လီဂရမ် ချန်နယ်များတွင် တွေ့မြင်ရသည်။
စစ်တပ်လော်ဘီတဦး၏ တယ်လီဂရမ်ချန်နယ်တွင် NUG အဖွဲ့ဝင်များဖြစ်သည့် ယာယီသမ္မတ ဒူဝါလရှီးလ၊ မန်းဝင်းခိုင် သန်း၊ ဦးရည်မွန်၊ ဒေါ်ဇင်မာအောင်၊ ဦးလွင်ကိုလတ်နှင့် ဦးမင်းကိုနိုင်၊ ပန်ဆယ်လို၊ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း၊ ခေတ်သစ်မီဒီယာ အယ်ဒီတာချုပ် သာလွန်ဇောင်းထက် အစရှိသူတို့၏ မိသားစုများ၏အကြောင်းကို သိရှိသူများ ဖော်ထုတ်သတင်းပေးကြရန် လှုံ့ဆော်ထားသည်ကို တွေ့ရသည်။
ထိုမျှသာမက ဆိုရှယ်မီဒီယာတွင် တော်လှန်ရေး လှုပ်ရှားမှုများအောက်တွင် ကွန်မန့်ရေးသားသူများအား ဖမ်းဆီးခိုင်းမှုများကြောင့် စစ်ကောင်စီက လိုက်လံဖမ်းဆီး ထောင်ချမှုဖြစ်စဉ်များလည်း ဖြစ်ပေါ်လျက်ရှိသည်။
ဖမ်းဆီးရုံသာမက သတ်ဖြတ်မှု ဖြစ်စဉ်များအနေဖြင့် ပြီးခဲ့သည့် မေလအစပိုင်းတွင်လည်း ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလဘောင် ကျေးရွာနေ NLD ပါတီ မြို့နယ်ဗဟိုအလုပ် အမှုဆောင်တဦးဖြစ်သည့် ဦးဝင်းနိုင်၏ ညီမ ဖြစ်သူနှင့် အသက် ၈ နှစ်အရွယ် သမီးဖြစ်သူတို့ကို အမည်မသိ သေနတ်သမားတချို့က နေအိမ်အတွင်း၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြသည်။
ရန်ကုန်တွင် သာမက မန္တလေးတိုင်းအတွင်း၌လည်း ပြီးခဲ့သည့် မတ်လကုန်ပိုင်းနှင့် ဧပြီလအစပိုင်းတွင် NLD ပါတီဝင်နှင့် ထောက်ခံသူ ၃ ဦးကို အာဏာသိမ်းစစ်တပ်ကို လိုလားသောအဖွဲ့ဟု လူသိများသော သွေးသောက်အဖွဲ့က သတ်ဖြတ်ခဲ့ကြသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူတဦးက “ဒီလို သတ်တဲ့ ဖြတ်တဲ့အလုပ်ကို နှစ်ဖက်စလုံးက နှစ်ခြိုက်သွားကြပြီ။ အခုချိန်မှာတော့ ဘယ်ဘက်က စရပ်မလဲဆိုတာ တဖက်နဲ့တဖက် လက်ညှိုးထိုးစရာ ဖြစ်လာနေတာပေါ့။ ဒါပေမယ့် နှစ်ဖက်စလုံးက ရပ်မယ့်အနေအထားမျိုးလည်း မတွေ့ရသေးဘူး။ အပြန်အလှန် သတ်ဖြတ်နေတာက ဘာမှတော့ အကျိုးမရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ လက်တုံ့ပြန် သတ်ဖြတ်မှုများသည် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ဆိုးကျိုးရလဒ်များထဲမှ တခုဖြစ်ပြီး ယင်းအခြေအနေများကို ရပ်တန့်နိုင်ရန် ဘက်ပေါင်းစုံမှ ကြိုးစားရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“ကျနော်တို့ စဉ်းစားရမှာက ကျနော်တို့ ဘယ်လိုနိုင်ငံ ဘယ်လိုတိုင်းပြည်ကို ထူထောင်ကြမှာလဲ။ ဘယ်လို လုပ်ရပ်တွေက အဲဒီလို ထူထောင်ဖို့မှာ အဟန့်အတား ဖြစ်စေမလဲ စဉ်းစားသင့်တယ်။ အသိပညာနည်းတဲ့ တော်လှန်ရေး မဖြစ်အောင် ဝိုင်းတွန်းကြရမယ်။ ဝိုင်းဖြည့်ဆည်းကြရမယ်” ဟု ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း NLD ပါတီဝင် ၉၁ ဦး အပါအဝင် ၎င်းတို့၏ မိသားစုဝင်များနှင့် ပါတီကို ဝန်းရံကြသူ ၁၂၀ နီးပါး သတ်ဖြတ်ခံထားကြောင်း NLD က ထုတ်ပြန်ထားသလို၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီဝင်များနှင့် အုပ်ချုပ်ရေး ဝန်ထမ်းပေါင်း ၃၁၀၀ ကျော်မှာလည်း သတင်းပေး ဒလန်အဖြစ် စွပ်စွဲသတ်ဖြတ်ခံထားရကြောင်း စစ်ကောင်စီနှင့် USDP တို့က ယမန်နှစ်က ထုတ်ဖော်ပြောဆိုထားကြသည်။
ထိုအချက်အလက်များနှင့် ပတ်သက်ပြီး လွတ်လပ်သော သုတေသန အဖွဲ့အစည်းများက သီးခြား ထုတ်ပြန်ထားသော စာရင်းအချက်အလက်များ မရှိသေးပေ။
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက “အရပ်သား ပစ်မှတ်တွေကို တိုက်ခိုက်တာက NUG လက်အောက်ကပဲ ဖြစ်ဖြစ်၊ NUG လက်အောက် မဟုတ်တဲ့ အဖွဲ့တွေပဲ ဖြစ်ဖြစ်၊ စစ်တပ်ရဲ့ လက်အောက်ခံအဖွဲ့တွေပဲဖြစ်ဖြစ် ဒါကတော့ တရားဥပဒေကို ချိုးဖောက်တာပဲ၊ ဘယ်သူမဆို တချိန်မှာ အရေးယူ အပြစ်ပေးခံရမှာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

မြို့ပြပြောက်ကျား (UG) များတွင် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံအဖွဲ့များ ရှိသလို စစ်အာဏာရှင် တော်လှန်ရေးတွင် ကိုယ့်နည်းကိုယ်ဟန်ဖြင့် လှုပ်ရှားနေသော UG များလည်း ရှိနေခြင်းကြောင့် တချို့သော ကိစ္စရပ်များကို ထိန်းချုပ်ရာ၌ အခက်အခဲရှိသော်လည်း မင်းမဲ့စရိုက်ဆန်စွာ ကျင့်သုံး၍ မရကြောင်း ၎င်းက ပြောဆိုသည်။
ဦးကျော်ဇော်က “ကျနော်တို့ တော်လှန်ရေး အင်အားစုတွေဘက်က ကျူးလွန်တယ်လို့ အစွပ်စွဲခံရတာက အကြမ်းဖက် စစ်တပ်က လုပ်နေတာနဲ့ ဘာမှပြောပလောက်အောင် မရှိပါဘူး။ ကျနော်တို့ဘက် ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကိုလည်း ပွင့်လင်း မြင်သာမှုရှိရှိ လုပ်ဆောင်နေတာတွေလည်း ရှိပါတယ်” ဟု ပြောသည်။
ထိုသို့ နှစ်ဖက် အပြန်အလှန်စွပ်စွဲ သတ်ဖြတ်ခံရမှုများတွင် ပစ်မှတ်ထား တိုက်ခိုက်ရ လွယ်ကူသော အမျိုးသမီးနှင့် ကလေးငယ်များ သတ်ဖြတ်ခံရမှုလည်း ရှိနေသည်။ မြေပြင်စာရင်းအတိအကျ ကောက်ယူရန် ခက်ခဲသော်လည်း နှစ်ဖက်လုပ်ကြံသတ်ဖြတ်မှု ဖြစ်စဉ်အများစုတွင် အမျိုးသမီးများ သတ်ဖြတ်ခံနေရကြောင်း သိရသည်။
မြန်မာ့ အမျိုးသမီးသမဂ္ဂ (BWU) ၏ အကြံပေး ဒေါ်တင်တင်ညိုက “နှစ်ဖက်သတ်ဖြတ်မှုတွေမှာ အမျိုးသမီးတွေ မိသားစုဝင်တွေ သတ်ဖြတ်ခံရတယ် ဆိုတာက လွယ်လို့ပေါ့နော်။ လွယ်လွယ်လေးနဲ့ သတ်လို့ရတယ်၊ ဖမ်းလို့ရတယ်၊ နှိပ်စက်လို့ရတယ် ဆိုတဲ့ အခြေအနေတခု ရှိလာနေလို့ ပိုပိုပြီးတော့ လုပ်လာတယ်။ ပိုပိုပြီးတော့လည်း နစ်နာဆုံးရှုံးမှုတွေ များလာနေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ လီလီနိုင်ကျော် ပစ်ခတ်ခံရသည့်ဖြစ်စဉ်အပြီးတွင် အရပ်သားများပါမချန် သတ်ဖြတ်ခံနေရမှုအပေါ် စစ်ကောင်စီ ဝန်းရံသူများနှင့် စစ်ကောင်စီ ဆန့်ကျင်သူ၊ တော်လှန်ရေး အင်အားစုများ နှစ်ဖက်စလုံးမှ စိုးရိမ်ထိတ်လန့်မှု မြင့်တက်လျက်ရှိသလို၊ တရားဥပဒေ စိုးမိုးမှု ပျက်ယွင်းနေသည့် ယခုလိုအချိန်တွင် ဥပဒေကြောင်းအရလည်း အကာကွယ်ပေး အရေးယူနိုင်မည့် အခြေအနေမရှိကြောင်း သုံးသပ်ပြောဆိုကြသည်။
You may also like these stories:
ဆက်တိုက်လုပ်ကြံခံရမှုများကြောင့် အမျိုးသားရေးလှုပ်ရှားသူများ စိုးရိမ်ထိတ်လန့်နေ
အစွန်းရောက် အမျိုးသားရေးဝါဒီ ဘုန်းကြီးများကို စစ်ကောင်စီ ဂုဏ်ပြု
မန္တလေးတွင် သွေးသောက်ကတ်ပြားချိတ်ဆွဲသည့် လူသတ်မှုများ ပြန်ဖြစ်နေ
လုပ်ကြံသတ်ဖြတ်ခံရမှာ NLD အဖွဲ့ဝင်များ ကြောက်လန့်နေရ