မန္တလေးတိုင်း၊ မြင်းခြံထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများအနက် ၇၀ ကျော်အား ထောင်တွင်း သီးသန့် စစ်မေးခြင်းများ ပြုလုပ်သည့်အပြင် ထောင်ပြင်သို့ ခေါ်ထုတ်ကာ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ပြီး ထောင်ဝင်စာ ၃ လအထိ အပိတ်ခံထားရ ကြောင်း နိုင်ငံရေး အကျဉ်းသား ကူညီဆောင်ရွက်နေသူများထံက သိရသည်။
မြင်းခြံထောင်၌ ထောင်တွင်းအကြမ်းဖက် ဖိနှိပ်ခံရမှုများကို မေလ ၂၁ ရက်နေ့မှ စတင်ကာ ဆက်တိုက် ပြုလုပ်လာခြင်း ဖြစ်သလို ရိုက်နှက် နှိပ်စက်ခြင်းကြောင့် ရရှိသည့် ဒဏ်ရာများကိုလည်း ဆေးကုသခွင့် မပေးကြောင်း သိရသည်။
မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ ကိုရှင်းသန့်က “အခုက အမှား သေးသေးလေးတွေ ကအစ ဘာအကြောင်းပြချက်မှ မရှိဘဲ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ပိုင်ရုံးခန်းမှာ ခေါ်ထုတ်ပြီးတော့ ရိုက်နှက်နေတာတွေ လုပ်နေတယ်၊ မေလ ၂၁ ရက်နောက်ပိုင်းမှာ နိုင်ကျဉ်း ၇၀ ကျော်ထိ ရှိလာပြီလို့ သိရတယ်၊ ဆက်ပြီးတော့လည်း မထင်ရင် မထင်သလို ခေါ်ထုတ်ပြီး ရိုက်နှက် နှိပ်စက် တိုက်ပိတ်တာတွေ၊ ကြိုးတိုက်ထဲ ထည့်ထားတာမျိုးတွေထိ လုပ်နေတယ်လို့ သိရတယ်၊ နိုင်ကျဉ်း ၇ ယောက်ကို သေဒဏ်တိုက်ထဲမှာ ဒေါက်တွေခတ်ပြီးတော့ သီးသန့်ခွဲထားတယ်လို့ သိရတယ်” ဟု ပြောသည်။
ကိုရှင်းသန့်မှာ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ အဖွဲ့ဝင်တဦးလည်းဖြစ်သလို မုံရွာစီးပွားရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ ဥက္ကဌလည်းဖြစ်ကာ နွေဦးတော်လှန်ရေး ကာလအတွင်း စစ်ကောင်စီ၏ ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရပြီး ထောင်မှ ပြန်လည် လွတ်မြောက်လာသူ တဦးလည်း ဖြစ်သည်။
၎င်းက “ထောင်တွင်းတိုက်ပွဲ ဦးဆောင်ပါဝင်ခဲ့ဖူးသူတွေ၊ အကျဉ်းသား အခွင့်အရေးအတွက် ထောင်ပိုင်ကို တင်ပြခဲ့ဖူးသူတွေ၊ အမှား တခုခု လုပ်မိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ မှန်သမျှ ထောင်ပိုင်ရုံးခန်းထဲကို လက်ထိပ်နောက်ပြန်ခတ်၊ မျက်နှာကို အဝတ်စည်းပြီးတော့ ရိုက်နှက်တာတွေ၊ အချို့ဆိုရင် ရေလောင်းပြီး ကျဉ်စက်တွေနဲ့ တို့တာမျိုးတွေထိ လုပ်ခံနေကြရတယ်လို့ သိရတယ်” ဟု ပြောသည်။
မြင်းခြံထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားဖြစ်သော ကိုဥက္ကာ(မုံရွာ)၊ ကိုကျော်မင်းနိုင်(တောင်သာ)၊ ကိုသက်မောင်မောင် (တောင်သာ)၊ ကိုကျော်မျိုးတင့် (မန္တလေး)၊ ကိုဇော်ဇော်အောင် (မန္တလေး)၊ ကိုကျော်ဇင်ဦး (မြင်းခြံ)၊ ကိုကျော်မင်းသန့် (မြင်းခြံ)၊ ကိုကျော်တင့်ဦး (မြင်းခြံ)၊ ကိုအောင်မျိုးသန့် (မြင်းခြံ)၊ ကိုစိုးရာဇာထွန်းလွင် (မြင်းခြံ)၊ ကိုဇော်လှိုင်း (မြင်းခြံ)၊ ကိုမင်းရဲထွေး (ခ) ကိုမင်းသွေး (မန္တလေး)၊ ကိုကျော်စိုးတင့် (မန္တလေး) တို့အား ပြီးခဲ့သည့် မေ ၂၁ ရက်မှ မေ ၂၄ ရက်အတွင်း အိပ်ဆောင်များ အတွင်းမှ အသုတ်လိုက်ခွဲ၍ ခေါ်ထုတ်သွားပြီးနောက် မြင်းခြံမြို့ရှိ ခမရ ၁၅ တပ်တွင်းရှိ စစ်ကြောရေးစခန်းတွင် ရိုက်နှက် နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မြင်းခြံထောင်နှင့် နီးစပ်သူတဦးက “ထောင်ထဲကို ပြန်ရောက်တဲ့အချိန်မှာ ခန္ဓာကိုယ်နေရာအနှံ့အပြားမှာ ဓားနဲ့ မွှန်းထားတဲ့ ဒဏ်ရာတွေ၊ သွားတွေ ကျွတ်ထွက်တဲ့အထိ ရိုက်ခံထားရတဲ့ ဒဏ်ရာတွေ အများကြီးနဲ့ ပြန်ရောက် လာကြတာလို့ သိရတယ်၊ အဲဒီလို ပြန်ရောက်လာပေမယ့် ထောင်က တာဝန်ခံအရာရှိတွေက ဆေးကုသမှုတွေ မပေးတဲ့အပြင် အပြင်က မိသားစုဝင်တွေ ပေးပို့တဲ့ ဆေးဝါး၊ စားသောက်စရာ ပစ္စည်းတွေကိုပါ လက်မခံတော့ဘဲ ထောင်ဝင်စာပိတ်တယ်ဆိုပြီး လုပ်ထားကြတယ်”ဟု ပြောသည်။
ထိုသို့ ခေါ်ထုတ်သွားပြီးနောက် မေလ ၂၉ ရက်နေ့တွင် မြင်းခြံထောင် အိပ်ဆောင်များ အတွင်းသို့ ပြန်လည် ရောက်ရှိလာသော်လည်း ဒဏ်ရာများအား ဆေးကုသခွင့် မပေးသလို အခြားနိုင်ငံရေး အကျဉ်းသားများနှင့် ခွဲထုတ်ကာ တိုက်ပိတ်ထားခြင်းများ ပြုလုပ်ထားကြောင်း သိရသည်။ ၎င်းတို့အနက် မြင်းခြံမြို့ခံ ကိုစိုးရာဇာထွန်းလွင်မှာ ခန္ဓာကိုယ်အနှံ့ ဓားမွှန်း ဒဏ်ရာများ ရရှိထားသည့်အပြင် သွားများ ကျွတ်ထွက်သည်အထိ ရိုက်နှက် နှိပ်စက်ခံထားရသော်လည်း ဆေးကုသခွင့် မပေးဘဲ တိုက်ပိတ်ခံထားရသဖြင့် အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း သိရသည်။
ထိုသို့ မြင်းခြံထောင်မှ နိုင်ငံရေးအကျဉ်းသားများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခေါ်ထုတ်သွားမှုကြောင့် ကျန်ရှိနေသည့် နိုင်/ကျဉ်းများက အစာငတ်ခံ ဆန္ဒပြခဲ့ရာ ယင်းသို့ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သူများကိုလည်း ထောင်ပိုင်ရုံးခန်းအတွင်း ခေါ်ယူကာ ရိုက်နှက် နှိပ်စက်ခြင်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအခြေအနေများနှင့် ပတ်သက်၍ အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး) (Anti-junta Forces Coordination Committee – Mandalay) AFCC (Mandalay) နှင့် မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီများကလည်း ကြေညာချက် ထုတ်ပြန်ထားသည်။
AFCC – Mandalay ၏ သဘောထား ထုတ်ပြန်ချက်တွင် အကျဉ်းထောင်များအတွင်းရှိ နိုင်ငံရေးအကျဉ်းသားများအား ရိုက်နှက် နှိပ်စက် အကြမ်းဖက် ဖိနှိပ်နေခြင်းသည် ရောမသဘောတူစာချုပ် (Rome Statute) အပိုဒ်(၇)ပါ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအား စိတ်လိုလက်ရ ကျူးလွန်နေခြင်းဖြစ်ကာ မြင်းခြံဖြစ်စဉ်အတွင်း ပါဝင် ပတ်သက်နေသူများကိုလည် နိုင်ငံတကာ ရာဇဝတ်ကောင်များအဖြစ် သတ်မှတ်သည်ဟု ဖော်ပြပါရှိသည်။
မေလ ၁၈ ရက်နေ့က တောင်ငူထောင်တွင် ဖြစ်ပွားခဲ့သည့် နိုင်ငံရေး အကျဉ်းသား ၁၀ ဦး ထောင်ဖောက် ထွက်ပြေးသည့် ဖြစ်စဉ်အပြီး မြင်းခြံထောင်အပြင် အခြားသော အကျဉ်းထောင် များတွင်လည်း နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်း အကြမ်းဖက် ဖိနှိပ်ခံရမှုများ ဆက်တိုက် ပြုလုပ်ခံနေရခြင်း ဖြစ်သလို ထိုသို့ပြုလုပ်ရန်အတွက် စစ်ကောင်စီက အကျဉ်းဦးစီးဌာနသို့ ညွှန်ကြားချက်ထုတ်ပြန်၍ ခိုင်းစေထားခြင်းဟု သိရသည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)မှ တာဝန်ရှိသူတဦးက “တောင်ငူထောင်ကနေ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဖောက်ထွက်ပြေးတဲ့အမှုကြောင့် အကျဉ်းထောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတွေအပေါ် ဖိနှိပ်မှုတွေ ပိုပြီး လုပ်လာတယ်၊ ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေ ရုံးထုတ်ရင် အရင်ကထက် ပိုတင်းကျပ်မှုတွေလည်း လုပ်လာသလို နိုင်ငံရေးအကျဉ်းသားတွေကို ဒေါက်ခတ်ပြီးမှ ရုံးထုတ်တော့တယ်လို့ သိရတယ်၊ အဲဒီလိုတွေ လုပ်ဖို့ စစ်ကောင်စီက အကျဉ်းဦးစီးဌာနကို ညွှ့န်ကြားချက်ထုတ်ပြီး ပိုမို ဖိနှိပ်ခိုင်းနေတာဖြစ်တယ်”ဟု ပြောသည်။
AFCC (Mandalay) နှင့် မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီများက ထောင်အတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ ရိုက်နှက် နှိပ်စက် အကြမ်းဖက်ဖိနှိပ်ခံရမှု သတင်းအချက်အလက်များကို စုဆောင်း၍ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(ICRC) နှင့် နိုင်ငံတကာ အဖွဲ့အစည်းများသို့ ပေးပို့ပြီး လက်ရှိနိုင်ငံတွင်းက ထောင်တွင်းဖိနှိပ်ခံရမှုများအား လျစ်လျူမရှုဘဲ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးကြရန် ဖိအားပေး တောင်းဆိုခြင်းများ ပြုလုပ်သွားမည်ဟု ဆိုသည်။
ကိုရှင်းသန့်က “ကျနော်ကိုယ်တိုင် အထဲမှာ ရှိတုန်းကဆိုရင် လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ ညှဉ်းပန်း နှိပ်စက်ခံရတာတွေ ရှိခဲ့တာမို့ ICRC နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို မျှော်လင့်ခဲ့ကြဖူးပါတယ်။ ကျနော်တို့ ခံစားနေရတာတွေကို နိုင်ငံတကာကို သိစေချင်တာကြောင့်ပါ၊ အခုက ICRC လို ထောင်တွေနဲ့ တိုက်ရိုက် ပတ်သက်တဲ့ အဖွဲ့အစည်းမျိုးကတောင် လုပ်ဆောင်နိုင်စွမ်းတွေ လျော့ကျလာတာကို တွေ့ရပါတယ်၊ လက်ရှိ ထောင်တွင်း ဖိနှိပ်မှုတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်နေတဲ့အပေါ်မှာ ICRC အနေနဲ့ ဘာမှ မလုပ်နိုင်တော့ဘူးလားလို့ သံသယဖြစ်နေတာမျိုး ရှိတယ်၊ ICRC အနေနဲ့ ထောင်တွေထဲကို ဝင်ခွင့်တောင်းတာမှာ စစ်ကောင်စီက ဝင်ခွင့် မပေးတာမျိုးကအစ နိုင်ငံတကာနဲ့ အများပြည်သူ သိရှိအောင် ချပြပေးဖို့နဲ့ အခုထက်ပိုပြီး ပြင်းထန်တဲ့ ဖိအားမျိုးတွေ ပေးသင့်တယ်လို့ မြင်ပါတယ်”ဟု ပြောသည်။
မြင်းခြံထောင်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် မန္တလေး၊ မုံရွာ၊ မြင်းခြံ၊ တောင်သာတို့မှ နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်ရှိနေပြီး မန္တလေးအိုးဘိုထောင်နှင့် မုံရွာအကျဉ်းထောင်တို့မှ နိုင်ငံရေးအကျဉ်းသားများကို ပြီးခဲ့သည့်နှစ် ဇူလိုင်လ အတွင်းက မြင်းခြံထောင်သို့ ပြောင်းရွှေ့ခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းချိန်မှ ၂၀၂၃၊ ဇွန်လ ၉ ရက်ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ ၂၃,၂၉၉ ဦးအနက် ၆,၃၃၀ ဦး ထောင်ဒဏ် ချခံထားရသလို ၁၈,၉၆၈ ဦးထိ ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ မျက်ကွယ်သေဒဏ်ချခံရသူ ၄၂ ဦး အပါအဝင် ၁၅၈ဦး သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များ၌ ထိန်းသိမ်းခံထားရသည့် သေဒဏ်ချခံရသူ ၁၁၆ ဦးထိ ရှိကြောင်း၊ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်း ၃,၆၄၉ ဦးသည် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရကြောင်း သိရသည်။
You may also like these stories:
နိုင်/ကျဉ်းများအား ထောင်တွင်းအကြမ်းဖက်ဖိနှိပ်မှု ဆိုးရွားလာနေ
မြင်းခြံထောင်မှ ခေါ်ထုတ်သွားသည့် နိုင်/ကျဉ်းများ၏ အသက်အန္တရာယ် စိုးရိမ်နေရ
မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသားများ နှိပ်စက်ခံနေရ
နိုင်ငံရေးအမှုလိုက်ရှေ့နေများ ခြိမ်းခြောက်မှုနှင့် ညှဉ်းပန်းမှုများ ဆိုးဝါးစွာ ရင်ဆိုင်နေရ