ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကို ၂၀၂၃ ခုနှစ် ဇွန်လ ၆ ရက် တွင် ဖွဲ့စည်းလိုက်ကြောင်း ယင်း ကောင်စီ၏ ဇွန်လ ၁၂ ရက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကြေညာသည်။
IEC ၏ ဥက္ကဋ္ဌ အဖြစ် ကရင်နီအမျိုးများသားတိုးတက်ရေးပါတီ KNPP ၏ လက်ရှိဥက္ကဖြစ်သော ခူဦးရယ်က တာဝန်ယူထား ပြီး ဒုဥက္ကဌမှာ ခွန်းဘီထူး၊ အထွေထွေအတွင်းရေးမှူး ခူပလူးရယ်၊ အတွင်းရေးမှူး ၁ ဒေါ်ဇူးပဒုမ္မာ၊ အတွင်းရေးမှူး ၂ ဦးဗညား ခွန်အောင် နှင့် ဘဏ္ဍာရေးမှူး ဒေါ်မော်ပိုးမြာတို့နှင့် ကနဦး ဖွဲ့စည်းထားပြီး ပြည်နယ်ရေးရာဌာန အနည်းဆုံး (၁၂) ဌာနထားရှိ ရှိကြောင်း သိရသည်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ၏ နိုင်ငံရေး ဦးဆောင် မှုနှင့် မူဝါဒလမ်းညွှန်ချက်များအတိုင်း ဖွဲ့စည်းခြင်းဖြစ်ကြောင်း၊ IEC သည် စုပေါင်းခေါင်းဆောင်မှုဖြင့် ကြားကာလ ပြည်နယ် အစိုးရတရပ်၏ အုပ်ချုပ်ရေး အကောင်အထည်ဖော်ရန် အပါအဝင် ဥပဒေပြုရေး ၊ အုပ်ချုပ်ရေး ၊ တရားစီရင်ရေး ကဏ္ဍများ အပြန်အလှန်ထိန်းညှိပြီး ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်ရန်နှင့် ပြည်နယ်အတွင်းရှိ အင်အားစု အသီးသီး ကြား လက်တွေ့ကျစွာ ပူးပေါင်းဆောင်ရွက်သွားရန် ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားဒေသများအနက် ကယားပြည်နယ် (ကရင် နီပြည်) သည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို စတင်ဖွဲ့စည်းနိုင်သည့် ပထမဆုံးသော ပြည်နယ်တခု ဖြစ်လာသည်။
IEC ၏ ပထမဆုံးဥက္ကဌ ခူဦးရယ်က လက်ရှိတော်လှန်ရေးအခင်းအကျင်းအရ အုပ်ချုပ်ရေး ၊ တရားစီရင်ရေး လုပ်ငန်းများ စနစ်တကျ လုပ်နိုင်ရန် စိန်ခေါ်မှုများကြားက IEC ကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
၎င်းက “လူထုဝန်ဆောင်မှု လုပ်ငန်းတွေကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ ဆန္ဒပြုပါတယ်။ အခြားသော ညီအကို ပြည်နယ်များအနေနဲ့လည်း ကျနော်တို့ ကရင်နီပြည်နယ်ကဲ့သို့ အလုံးစုံ မပြည့်စုံသေးပေမယ့် လက်ရှိ မိမိတို့ရဲ့ ပြည်နယ်အခင်းအကျင်းတွေအပေါ်မှာ အခြေခံပြီးအားကောင်းခိုင်မာတဲ့ အုပ်ချုပ်ရေးယန္တရား အခင်း အကျင်းတွေ ကို မိမိတို့လူထုအတွက် ကြိုးစားဖန်တီးရင်း အားကောင်းခိုင်မာတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို စုပေါင်း ခေါင်းဆောင်မှုနဲ့ ဆက်လက်အကောင်အထည်ဖော် တည်ဆောက်သွားပါစို့လို့ ခွန်အားပေး တိုက်တွန်းလိုက်ပါတယ်” ဟုဆိုသည်။
IEC သည် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်ရန် ၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အကောင် အထည်ဖော်ရန်အပြင် လူထု၏ အဓိကလိုအပ်ချက်ဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ စားနပ်ရိက္ခာနှင့် အခြေခံလိုအပ် ချက်တို့ကို ဖြည့်ဆည်းနိုင်ရန် ဖြစ်ကြောင်း၊ တော်လှန်ရေးအင်အားစုများကို ဆက်လက်စုစည်းကာ လူထုအား အကာ အကွယ် ပေးနိုင်ရန် ကြိုးပမ်း သွားမည်ဖြစ်ပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သော ရဲဌာန၊ အကျဉ်းထောင်တို့ကို စနစ်တကျ စီမံခန့်ခွဲ၍ ကရင်နီပြည်အတွင်း တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ဆက်လက် အကောင်အထည် ဖော်သွား မည် ဖြစ်ကြောင်း ကြေညာချက်အရသိရသည်။
ထို့အပြင် ပြည်တွင်း ပြည်ပအင်အားစုများနှင့် ချိတ်ဆက်၍ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ကြိုးပမ်း ဆောင်ရွက်နေ သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့် အတူ လက်တွဲသွားမည်ဖြစ်ကြောင်း ပါရှိသည်
IEC ကို နွေဦးတော်လှန်ရေးပြီးနောက် ကိုယ်ပိုင်ပြဌာန်းခွင့်ဖြင့် ကရင်နီပြည်အစိုးရသစ်ပေါ်ပေါက်လာချိန်တွင် သတ်မှတ် ထားသော ကာလသက်တမ်းနှင့်အညီ ရုတ်သိမ်းခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာချက် အရသိရသည်။
NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း IEC အနေနှင့် ၎င်း၏ ရည်ရွယ်ချက် ၃ ခုကို အကောင်အထည်ဖော်ရာတွင် ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဏ်အပေါ် အခြေပြု အကောင်အထည်ဖော်ရန် အလေးအနက်တိုက်တွန်းကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ဆိုသည်။
NUG အနေနှင့်လည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကို စံတရပ်အဖြစ် သတ်မှတ်ကာ အကောင် အထည်ဖော်နေသဖြင့် IEC သည် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြီးမားသည့် အထောက်အပံ့ဖြစ်စေလိမ့်မည်ဟု ယုံကြည်ကြောင်း ယာယီသမ္မတက ပြောသည်။
၎င်းက “ အနာဂတ်ဖက်ဒရယ်နိုင်ငံတော်အသစ်အတွက် ကရင်နီပြည်နယ်ဟာ အရေးကြီးသော ဗဟိုချက်တခုအနေနဲ့ ပါဝင် နေပါတယ်လို့ ပြောချင်ပါတယ်။ ကရင်နီပြည်ရဲ့ကြားကာလအုပ်ချုပ်ရေးကောင်စီဟာ အခြားသောပြည်နယ်တွေရဲ့ စံနမူနာ ဖြစ်စေဖို့ မျှော်လင့်ပါတယ်။ ဒါ့အပြင် ဖြစ်ပေါ်လာမယ့် ကြားကာလအုပ်ချုပ်ရေးကောင်စီတွေနဲ့လည်း ပိုမို စုစည်း ညီညွတ်စွာ ပေါင်းစည်းလုပ်ဆောင်နိုင်လိမ့်မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။
IEC ဒုဥက္ကဌလည်းဖြစ်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ဥက္ကဌလည်းဖြစ်သည့် ခွန်းဘီထူးက ယာယီ သမ္မတ၏ ပြောကြားချက်ကို အထူးမှတ်သားကာ လမ်းညွှန်ချက်အဖြစ်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ တော်လှန်ရေးတွင်ကြံ့ကြံ့ခံနေသည့် ကရင်နီပြည်သူလူထုကို အထူးကျေးဇူးတင်ကြောင်း ပြောကြားသည်။
ခွန်းဘီထူးက “IEC ကိုဖွဲ့လိုက်တာက ဖက်ဒရယ်စနစ်ကိုသွားဖို့ ခြေလှမ်းအစကို ထပ်မံအတည်ပြုလိုက်တာဖြစ်ပါတယ်။ ကရင်နီပြည်ကြားကာလအစိုးရရဲ့ တပ်ဖွဲ့တွေ၊ ရဲတွေ၊ ရေးရာဌာနတွေက ပိုမိုချိတ်ဆက်လာပြီးမှ ပြည်သူလူထုကို ဝန်ဆောင် မှု ပိုပေးနိုင်မှာဖြစ်သလို ပိုပြီးကာကွယ်ပေးနိုင်မှာဖြစ်တဲ့အတွက် တော်လှန်ရေးကိုပိုပြီး အားရှိစေမှာ ဖြစ်ပါတယ်” ဟုဆို သည်။
ကရင်နီပြည်နယ်တွင် စစ်ဘေးရှောင်များနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်နေသူတဦးကလည်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းခြင်းကို ကြိုဆိုပြီး မြေပြင်တွင် လက်တွေ့ ဖော်ဆောင်နိုင်ရေး ဝိုင်းဝန်းကူညီ ပေးသွားမည် ဖြစ်ကြောင်း ပြောသည်။
ယနေ့နံနက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒုဥက္ကဌမှာ ခွန်းဘီထူး IEC ကို ကရင်နီပြည်နယ် အစိုးရဟု သုံးနှုန်း ရည်ညွှန်းသော်လည်း ဝန်ကြီးများ ခန့်အပ်တာဝန်ပေးမှု မရှိသလို၊ အာဏာသိမ်းမှု မဖြစ်မီကတည်းက ခူးဦးရယ် ဦးဆောင် သည့် ကရင်နီအမျိုးသားများများတိုးတက်ရေးပါတီ (KNPP)ကလည်း ကရင်နီပြည်နယ်အစိုးရတရပ်ဖွဲ့စည်းထားရာ ယခု အခါ ထိုပြည်နယ်အစိုးရ ဖျက်သိမ်းပြီး မပြီး ရှင်းရှင်းလင်းလင်း မသိရပေ။
IEC ဖွဲ့စည်းလိုက်သည့်အပေါ် ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP) ၊ ရက္ခိုင့်တပ်တော် (AA) ၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) ၊ တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေးတပ် (TNLA)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မန္တလေးပြည်သူ့ကာကွယ်ရေးတပ် ၊ မြန်မာ့တော်ဝင်နဂါးတပ် (MRDA) နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA) တို့က ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ထားကြောင်း IEC ထံမှသိရသည်။
You may also like these stories:
စစ်ကောင်စီက ကရင်နီကို ဘာကြောင့် ဒုတိယအကြိမ် စစ်ဆင်လာသလဲ
ကရင်နီဒေသကို အင်အားထောင်ကျော်ဖြင့် စစ်ကောင်စီ ထိုးစစ်ဆင်
နေပြည်တော်ကို ကာကွယ်ဖို့ ကယားကို စစ်ရေးအရ ပိုမို ဖိနှိပ်နေသလား
ကရင်နီမှာ ထိုးစစ်ဆင်တဲ့ စစ်ကောင်စီတပ် အကျအဆုံးများ
စစ်ပွဲ အလှည့်အပြောင်းဖြစ်လာစေရေး PDF များ လက်နက်များ ရရှိလာနေ