အာဏာသိမ်းစစ်ကောင်စီ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဦးဆောင်လုပ်ကိုင်နေသော ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် နှင့် ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦးတို့သည် မေလ ၂၇ ရက်နေ့ နှင့် ဇွန်လ ၄ ရက်နေ့တို့၌ ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အကျဉ်းထောင်တွင် သွားရောက်တွေ့ဆုံခဲ့ ကြောင်း သိရသည်။
ယခုလို သွားရောက်တွေ့ဆုံမှုသည် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံတဝှမ်း ပဋိပက္ခများကျယ်ပြန့်လာမှုနှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDFs) များကို နားချပေးရန်အတွက်ဖြစ်ကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်က ပြောသည်။
ထိုကဲ့သို့ အမျိုးသားသွေးစည်းညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ကိုယ်စားလှယ်အဖွဲ့အား ဒေါ်အောင်ဆန်းစုကြည်ဘက်က မည်သည့်သဘောထားမှ ပြန်မပေးခဲ့ဟုလည်း သိရသည်။
ယခုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့က မတရား စွပ်စွဲချက်များဖြင့် ဖမ်းဆီးချုပ်နှောင်ထားသော ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးအကြိမ်အဖြစ် လာရောက်တွေ့ဆုံခြင်း ဖြစ်သည်။
စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု အပါအဝင် ဒါဇင်နှင့်ချီသည့် အမှုများဖြင့် တရားစွဲထားပြီး လတ်တလောတွင် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ထွေးက “ သူတို့တွေ့တယ်၊ မတွေ့ဘူး ကျနော်တို့တော့ မသိသေးပါဘူး။ လက်ရှိမြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က ခြွင်းချန်ထားလို့မရတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစု ကြည်နဲ့ တွေ့ဆုံ ဆွေးနွေးတာမျိုးကိုမလုပ်ဘဲ မြန်မာ့အရေးကိစ္စပြေလည်ရေးလမ်းစရနိုင်မှာ မဟုတ်ဘူးလို့တော့ ကျနော်တို့ ယုံကြည်ပါတယ်” ဧရာဝတီသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ကျယ်ပြန့်လာသော လက်နက်ကိုင် ပဋိပက္ခများ ရပ်စဲရေးနှင့် ငြိမ်းချမ်း ရေးအတွက် ဝိုင်းဝန်းကူညီလုပ်ဆောင်ရန် ရန်ကုန်တိုင်း သံလျင်မြို့နယ်ရှိ သဘာဝရိပ်သာ ဆရာတော် အရှင်ဥတ္တမသာရက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး၏ နေအိမ်သို့ ဇွန်လ ၈ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ပြီး မိန့်ဆိုခဲ့သေးသည်။
ယင်းတွေ့ဆုံမှုသည်လည်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား သွားရောက် တွေ့ဆုံတောင်းဆိုသည့်ကိစ္စများ အဆင်မပြေသဖြင့် ဦးဥတ္တမသာရအား ဦးတင်ဦးထံ လွှတ်ပြီး နားချခိုင်းခြင်း ဖြစ်ကြောင်းလည်း အထက်ပါ ဧရာဝတီ၏ သတင်းရင်းမြစ်က ဆိုသေးသည်။
သို့ရာတွင် စစ်ကောင်စီနှင့် နီးစပ်သော CNI သတင်းဌာနက NSPNC ကို ကိုးကားပြီး အဆိုပါ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုသတင်း မမှန်ကြောင်း ငြင်းထားသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း၌လည်း စစ်ကောင်စီ၏ စီစဉ်ပေးမှုဖြင့် NLD ဗဟိုကော်မတီဝင် ဒေါ်စန္ဒာမင်းနှင့် ဧရာဝတီတိုင်း၏ NLD တာဝန်ရှိသူ ဦးတိုးလွင်တို့သည် ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့ပြီး ပါတီမှတ်ပုံတင်ရန်နှင့် ပါတီရုံးချုပ်ကို ပြန်လည်ဖွင့်လှစ်ရန် ပြောဆိုခဲ့ကြောင်း ဧရာဝတီက သတင်းရေးသားဖော်ပြခဲ့သည်။ ကာယကံရှင်များက ကနဦး ငြင်းဆိုပြီး နောက်ပိုင်းတွင် သတင်းစာရှင်းလင်းပွဲ လုပ်ကာ ဝန်ခံခဲ့သည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့က နိုင်ငံရေးအရ သင်းသတ်ပစ်ချင်တဲ့ သဘောထားက တလျှောက်လုံးရှိခဲ့တယ်။ ဒါပေမဲ့ ပြည်တွင်းမှာ လှုပ်ရှားမှုတွေ အတော်လေးပြင်းထန် မြင့်မားလာတာနဲ့ အခြေအနေက ထိန်းမနိုင်သိမ်းမနိုင် အနေအထားတခုကို ဦးတည်နေတဲ့အတွက် ဒေါ်စုရဲ့ သဘောထားကို မေးမြန်းတာလို့ ကျနော် ထင်တယ်” ဧရာဝတီသို့ ပြောသည်။
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) က ထုတ်ပြန်ကြေညာထားသည့်အတိုင်း ယခုနှစ်အတွင်း စစ်ရေးလှုပ်ရှားမှုကို တဆင့်တိုးမြှင့်လာပြီး စစ်ရေးချိန်ခွင်လျှာ ပြောင်းလဲလာမည်ဆိုပါက စစ်ကောင်စီ အနေဖြင့် မလွဲမရှောင်သာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ထုတ်သုံးကာ စကားပြောရမည့် အခြေအနေ ဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။
ဦးသန်းစိုးနိုင် က ဆက်လက်၍ “ တခုက တောက်လျှောက်လုံး တရုတ်နိုင်ငံဘက်က ဒေါ်စုကို လွှတ်ပေးဖို့ သဘောထားရယ်၊ လက်ရှိအခြေအနေက သူတို့(စစ်ကောင်စီ) PDF တွေကို ထိန်းလို့ မရတော့ပါဘူး သိသာနေပါပြီ။ ဒီအခြေအနေအတိုင်းဆိုရင် သူတို့ ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းပြုပြီးတော့ ပြည်တွင်းစစ်ပြဿနာကို ဖြေရှင်းရမယ့် ဘက်ကို မျက်နှာမူလာတဲ့ အခြေအနေ ပေါ့ ” ဟု ပြောသည်။
တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုအရ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ နှင့် ၃ ရက်နေ့တို့တွင်လည်း မြောက်ပိုင်း မဟာ မိတ်သုံးဖွဲ့ဖြစ်သော ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တို့နှင့်လည်း ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄) မိုင်းလားမြို့တွင် တွေ့ဆုံခဲ့သေးသည်။
ထိုတွေ့ဆုံဆွေးနွေးပွဲသည်လည်း ဘာရလဒ်မှ မထွက်ဘဲ တဝက်တပျက် နှင့် ပြီးဆုံးသွားခဲ့ရသည်။
You may also like these stories:
မြန်မာ့နိုင်ငံရေး ဒိုင်ယာလော့နှင့် စစ်အင်အား
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးမလုပ်ဖို့ သဘာဝတရားရိပ်သာဆရာတော် ပြောဆိုမှု အများဝေဖန်
စစ်ကိုင်းဖိုရမ်က နွေဦးတော်လှန်ရေးကို တဆစ်ချိုး မြှင့်တင်ပေးနိုင်မလား
ကစ်ဆင်ဂျာ ရာပြည့်နှင့် မြန်မာ့နိုင်ငံရေး သမင်လည်ပြန်
တရုတ် ကမကထလုပ်တဲ့ မိုင်းလား ဆွေးနွေးပွဲ ဘာထူးလဲ