စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ခြမ်း၊ ထန်းကုန်းတိုက်နယ်အတွင်း ယောနှင့် လယ်လှကျေးရွာများရှိ ပျူစောထီးစခန်းများအား ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF ) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင် တဦး အပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးမှုဖြစ်ပွားခဲ့သည်။
ထိုဖြစ်စဉ်အပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက ဒေသခံ ကျေးရွာများအား စီးနင်းကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထန်းကုန်းတိုက်နယ် ယောနှင့်လယ်လှကျေးရွာတို့ရှိ ပျူစောထီးစခန်းများအား ပြည်သူ့ကာကွယ်ရေးတပ်များက ဇွန်လ ၉ ရက် ည ၁၁ နာရီဝန်းကျင်အချိန်မှစ၍ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး ကံရိုးအုပ်စု ပျူစောထီးခေါင်းဆောင် ဌေးဝင်းအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း သိရသည်။
ထန်းကုန်းတိုက်နယ် ဒေသခံတဦးက “တိုက်ပွဲဖြစ်တာ တော်တော်ပြင်းထန်တယ်၊ တိုက်ပွဲပြီးတော့ ပျူစောထီးတွေဘက်က ဘုန်းကြီးဝါသဝရဲ့ အားအကိုးရဆုံး လက်ရုံးတပည့်ဖြစ်တဲ့ ကံရိုးအုပ်စုက ပျူစောထီးခေါင်းဆောင် ဌေးဝင်းနဲ့ အပေါင်းပါ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်၊ ထိခိုက် ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းကဆက်၍ “ဌေးဝင်းဆိုတဲ့ကောင်က စစ်တပ်အားကိုးနဲ့ ကိုယ့်ရွာသား အချင်းချင်းတောင် ညှာတာမှု မရှိတဲ့ကောင်၊ ပြီးတော့ NLD အမာခံတွေကို ရွာမှာ မနေရဲအောင်လို့ အမျိုးမျိုး ဖိနှိပ် ဒုက္ခပေးပြီး ထွက်ပြေးအောင် လုပ်ခဲ့တယ်၊ အဲဒီလို ရွာကနေ ထွက်ပြေးတိမ်းရှောင်သွားကြသူတွေရဲ့ ပိုင်ဆိုင်သမျှပစ္စည်းတွေကို ဦးဆောင်ပြီး သိမ်းယူနေတာ၊ ကံရိုးတအုပ်စုလုံး ပျူတွေဖြစ်ရတာလည်း သူ့လက်ချက်ပဲ” ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဇွန်လ ၁၀ ရက်နေ့တွင် ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ရင်းမှ လက်နက်ကြီးဖြင့် တိုက်ပွဲဖြစ်ပွားရာ ကျေးရွာများအနီးသို့ ၃ ကြိမ်ထက်မနည်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ပျူစောထီး စခန်းများအား ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် PDF ရဲဘော် တဦးလည်း သေဆုံးခဲ့ရသလို ပျူစောထီးများထံမှ ကာဘိုင်အမျိုးအစားသေနတ် ၂ လက်နှင့် Shotgun အမျိုးအစားသေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဇွန်လ ၁၀၊ ၁၁ ရက်များတွင် ထန်းကုန်းတိုက်နယ်အတွင်းရှိ ဘိုတဲကုန်းကျေးရွာ နှင့် ချပ်သင်းတိုက်နယ်အတွင်းရှိ ပေကုန်းကျေးရွာတို့အား ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ပူးပေါင်းစစ်ကြောင်း နှစ်ကြောင်းဖြင့် ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခြင်းများကြောင့် နေအိမ် ၄၈ လုံး၊ စပါးကျီ ၁၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ကြောင်းသည် ယောနှင့်လယ်လှကျေးရွာရှိ ပျူစောထီးစခန်းတိုက်ခိုက်ခံရခြင်းကြောင့် စစ်ကူလာခြင်းဖြစ်ကာ ဘိုတဲကုန်းကျေးရွာအား မီးရှို့ပြီးနောက် ကံရိုးအုပ်စုပျူစောထီး ခေါင်းဆောင် ဌေးဝင်းအပါအဝင်သေဆုံးခဲ့သူများ၏ အလောင်းများနှင့် ဒဏ်ရာရပျူစောထီးများအား ကောက်ယူ၍ တပ်ပြန်ဆုတ်သွားခဲ့ကြောင်း သိရသည်။
စစ်ဘေးရှောင် ကူညီနေသူတဦးက “ပျူစောထီးစခန်းကို PDF တွေတိုက်တာ ခံရလို့ ထန်းကုန်းအထိုင်စခန်းက ပျူတွေနဲ့ စစ်တပ်က အင်အား ၁၀၀ လောက်နဲ့ ထွက်လာပြီး ယောရွာ၊ လယ်လှရွာတွေနဲ့ နီးတဲ့ ဘိုတဲကုန်းကို ဝင်စီးပြီး အိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်သွားကြသေးတယ်၊ ပြီးတော့မှ ပျူခေါင်းဆောင်ဌေးဝင်းနဲ့ သေဆုံးတဲ့သူတွေ ထိခိုက်ဒဏ်ရာရသူတွေကို ကောက်ပြီး ချက်ချင်း ပြန်ဆုတ် သွားကြတာ၊ သူတို့ ဝင်လာတဲ့အချိန်မှာတော့ ရွာသားတွေက ဘေးလွတ်ရာကို ရှောင်တိမ်းခဲ့ကြရတာပေါ့”ဟု ပြောသည်။
ထို့အပြင် ဇွန်လ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ချပ်သင်းတိုက်နယ်အတွင်းရှိ ပေကုန်းကျေးရွာအား ဇင်းရွာမှထွက်လာသည့် အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ ကလေးမြို့အခြေစိုက် ခမရ ၃၆၁ နှင့် ပျူစောထီးပူးပေါင်းအင်အား ၁၄၀ ဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ် ၂၈ လုံးနှင့် စပါးတိုက် ၁၅ လုံးတို့ကို မီးရှို့ဖျက်ဆီးပြီး နောက် ဇင်းရွာသို့ ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။
အဆိုပါစစ်ကြောင်းသည် စစ်ကြောင်းထိုးလာစဉ်အတွင်း ပိတောက်ပင်ကျေးရွာမှ စစ်ဘေးရှောင်ပြည်သူ ဦးသိန်းဝင်းဆိုသူအား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သလို ပင့်သာကြီးကျေးရွာမှ ဒေသခံတဦးကိုလည်း လမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပေကုန်းကျေးရွာအား ဝင်ရောက်စီးနင်းခဲ့ကြကြောင်း သိရသည်။
ထိုသို့ စစ်ကောင်စီစစ်ကြောင်း ၂ ကြောင်း စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် ထန်းကုန်းတိုက်နယ် အတွင်းရှိ ဘိုတဲကုန်းနှင့် အနီးအနားရှိ ကျေးရွာများ၊ ချပ်သင်းတိုက်နယ်အတွင်းရှိ ဇင်းရွာနှင့်အနီးအနား ကျေးရွာများမှ ဒေသခံ တသောင်းခန့်မှာ အိုးအိမ်များ စွန့်ခွာပြီး ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရကြောင်း သိရသည်။
စစ်ဘေးရှောင်ကူညီနေသူတဦးက “ကျနော်တို့ဘက်မှာက စစ်ကြောင်းလာရင် ရှောင်၊ ပြန် ထွက်ရင် ရွာတွေကို ပြန်ဝင်ပေါ့၊ စစ်ရှောင်တွေက နေ့စဉ်နဲ့အမျှ ထပ်တိုးလာနေတာပဲ ရှိတယ်၊ သူတို့ စစ်ရှောင်လာတဲ့အချိန် နေထိုင်စားသောက်ရေးကို ရှိထားတဲ့ ရိက္ခာအပေါ် မူတည်ပြီး ခွဲဝေ ထောက်ပံ့ပေးရတာပေါ့၊ အနည်းစုကတော့ ကိုယ့်ရွာကို ပြန်ဝင်ကြပေမယ့် အများစုကတော့ တောတိုက်တွေမှာပဲ နေနေ ကြတာ များတယ်၊ အချို့ကျတော့လည်း တောထဲ တောင်ထဲမှာ အဆင်ပြေသလို နေကြရတော့ အခက်အခဲတွေကတော့ ရှိနေတာပါပဲ”ဟု ပြောသည်။
စစ်ကိုင်တိုင်း၊ ကန့်ဘလူခရိုင်တွင် စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုးမှုနှင့်အတူ လေကြောင်းတိုက်ခိုက်မှု များပါ ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်ရသူ ၅ သောင်းကျော်အထိ မြင့်တက်လာသလို ဒေသခံများ နေထိုင်၍ မရနိုင်တော့သည့် ကျေးရွာပေါင်း ၂၄ ရွာထိရှိလာကြောင်း စစ်ဘေးရှောင်ကူညီသူများထံက သိရသည်။
ထိုသို့ စစ်ဘေးရှောင် မြင့်တက်လာမှုကြောင့် စစ်ရှောင်များအတွက် အဓိကကျသည့် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် အခြေခံသုံး ဆေးဝါးများ လိုအပ်ချက် မြင့်မားလာသည့်အပြင် မြွေဆိပ်ဖြေဆေးကဲ့သို့သော အရေးပေါ်ကုသရာ၌ သုံးစွဲရသည့် ဆေးဝါးများလည်း လိုအပ်နေကြောင်း သိရသည်။
You may also like these stories:
ကန့်ဘလူ ဒေသခံဖုန်းများအား ပျူစောထီးအဖွဲ့များ အဓမ္မသိမ်းယူနေ
ကန့်ဘလူရှိ ကျေးရွာများကို စစ်ကောင်စီတပ် ဆက်တိုက်မီးရှို့နေ
တိုက်ပွဲမပြတ်တဲ့ စစ်ကိုင်းတိုင်းထဲက စစ်ရှောင်များ ခက်ခဲကျပ်တည်းလာ
ကန့်ဘလူတွင် စစ်ရှောင် ၂ သောင်းကျော် ရိက္ခာနှင့် ဆေးဝါး အရေးပေါ်လိုအပ်နေ