စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် နမသင်းကျေးရွာသို့ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဇွန်လ ၁၁ ရက်၊ မနက်ပိုင်းက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ပြီး နမသင်းအရှေ့ရွာတွင် ယာထွန်နေသော လယ်သမား တဦးအား သေနတ်ဖြင့် ပစ်သတ်ကာ နွား ၂ ကောင်ယူဆောင်သွားကြောင်း သတင်းရရှိသည်။
စစ်ကောင်စီတပ်နှင့်ပျူစောထီးများက ယာခင်းထဲတွင် ထွန်ယက်နေသော နမသင်းကျေးရွာမှ အသက် ၄၂ နှစ်အရွယ် ကိုကျော်မိုးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပေါင်နှင့် စအိုတဝိုက်တွင် ဒဏ်ရာများ ရရှိခဲ့သလို ၎င်း၏ နွားနှစ်ကောင်ကိုလည်း စစ်ကောင်စီအဖွဲ့ဝင်များက ယူဆောင်သွားခဲ့သည်ဟု ဒေသခံများ ထံက သိရသည်။
ဒေသခံ တဦးက “ဖြစ်တာကတော့ ငွေတွင်းက ပျူရွာလေ။ အဲ့ဒီကနေ ထွက်လာပြီးတော့ နမသင်းရွာ လယ်ထဲမှာ ထွန်နေတဲ့ သူကို အဝေးကနေလှမ်းပစ်တာ သူ (ကိုကျော်မိုးက) ပြေးနေစဉ်မှာပဲ ပေါင်မှန်သွားတာ။ သူ့ရဲ့ နွားနှစ်ကောင်ကိုလည်း ယူသွားတယ်။ အခုက ထွန်ချိန်ယက်ချိန်ပဲ ရှိသေးတယ်။ သီးနှံတော့ မချရသေးဘူး။ အဲဒီရွာတွေကတော့ မြေပဲ နဲ့ နှမ်း အစိုက်များတယ်။ ကွမ်းခြံတွေ လုပ်ကြတာများတယ်။ အခုကတော့ ကွမ်းခြံတွေရော အိမ်တွေရော မီးရှို့ခံထားရတော့ ရှို့စရာ သိပ်မကျန်တော့ဘူး။ စိုက်ပျိုးချိန် နီးတော့ ကိုယ်ယာထဲ ဝင်ထွန်တာမှာ အပစ်ခံရတာ”ဟု ဧရာဝတီသို့ ပြောသည်။
နမသင်းကျေးရွာသည် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ ၂ ကြိမ်တိုင်မီးရှို့ခံခဲ့ရသည့် ကျေးရွာဖြစ်ပြီး လတ်တလောတွင် နမသင်းအရှေ့ရွာနှင့် အနောက်ရွာမှ ဒေသခံ ထောင်နှင့်ချီ၍ နီးစပ်ရွာ ကျေးရွာများ၊ ဘုန်းကြီးကျောင်းများ၊ တောတောင်များထဲတွင် တိမ်းရှောင်နေကြရသည်။
နမသင်းရွာအတွင်းရှိ ဒေသခံများမှာ ကျေးရွာအတွင်းသို့ ပြန်မကပ်နိုင်သေးသည့် အခြေအနေပင် ရှိနေသေးသော်လည်း လက်ရှိအချိန်သည် စိုက်ပျိုးရာသီဖြစ်သောကြောင့် စစ်ကြောင်း မရှိသည့်အချိန်တွင် မိမိလယ်အတွင်းသို့ ဝင်ရောက် ထွန်ယက်ရာမှ စစ်ကောင်စီနှင့် ပျူများက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
၎င်းက ဆက်၍ “အခု ကျနော်တို့ဒေသကတော့ ပြေးလိုက်လွှားလိုက်နဲ့လုပ်နေရတာ။ အခုလို လယ်ထွန်နေတာပါ ပစ်တော့ စိုက်ဖို့ ပျိူးဖို့ကတော့ အဆင်မပြေတော့ဘူး။ အခက်အခဲတွေ ရှိတယ်။ ဒီနေ့(ဇွန် ၁၃) ရက်မှာလည်း ငွေတွင်းရွာကနေ စကစ ၁၅ ကောင်ထွက်လာတယ်။ မင်းရွာဘက်ကို၊ ဒေသခံတွေက ပြေးရတာပေါ့”ဟု ပြောသည်။
နမသင်းကျေးရွာသည် စစ်ကောင်စီတပ်၏ ဝင်ရောက်စီးနင်း မီးရှို့မှုကြောင့် လယ်ယာသုံးပစ္စည်း အမြောက်အများနှင့် ကွမ်းခြံများလည်း မီးရှို့ဖျက်ဆီး ခံထားရသည့်အပြင် အရပ်သားပြည်သူ သေဆုံးမှုများလည်းရှိသည့် ကျေးရွာဖြစ်ကြောင်း၊ ကွမ်းခြံများ မီးရှို့ ဖျက်ဆီးခံရသောကြောင့် ဆုံးရှုံးမှုများ ကြုံထားရသည့်အတွက် ယခုလို ထွန်ယက် စိုက်ပျိုးချိန်တွင် သီးနှံများကို စိုက်ပျိုးနိုင်ခြင်း မရှိပါက ဝမ်းစာအတွက် အခက်အခဲများရှိလာနိုင်ကြောင်း ဒေသခံများက ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများသည် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ဝက်လက်၊ အရာတော်၊ ခင်ဦး၊ ကန့်ဘလူ၊ ဆားလင်းကြီး၊ အင်းတော်၊ ထီးချိုင့် အစရှိသည့် ဒေသများ အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ပစ်ခတ်ခြင်းများကြောင့် ဒေသခံတောင်သူများမှာ ထွန်ယက်ချိန်ရောက်သော်လည်း ထွန်ယက်စိုက်ပျိုးနိုင်ခြင်း မရှိဘဲ ထွက်ပြေးတိမ်းရှောင်နေရသည်။
အရာတော်ဒေသခံ လယ်သမားတဦးက “စိုက်ပျိုးရေးကို ကောင်းကောင်းမလုပ်နိုင်တော့ ကုန်ဈေးနှုန်းတွေကလည်း တက်တာပေါ့။ ခါတိုင်း ဒီအချိန်ဆို ကွမ်းရွက်က ပုံမှန်ထွက်ပြီဆိုတော့ ဈေးကျတာပေါ့။ အခုကတော့ ကွမ်းခြံတွေကလည်း ရွာတိုင်း မီးရှို့ခံထားရတယ်ဆိုတော့ ကွမ်းရွက် ၁ ပိဿာ ကျပ် ၂ သောင်းနဲ့ ၂ သောင်းခွဲ လောက်ထိဈေးတွေ မြောက်နေတာ။ ကွမ်းပင် ၅၀၀ စိုက်ရင် စိုက်ပျိုးစရိတ်က ကျပ် သိန်း ၃၀ ကျော်လောက်ရှိတယ်။ စရိတ်လည်း ကြီးတော့ ဆုံးရှုံးမှုလည်း ကြီးတယ်။ အခုက ဘာမှ မလုပ်နိုင် ဖြစ်နေတာ”ဟု ဧရာဝတီသို့ ပြောသည်။
အလားတူ ဇွန်လ ၁၂ ရက်နေ့ကလည်း တနင်္သာရီတိုင်း ပလမြို့ရဲစခန်း အနောက်ဘက်ရှိ လယ်ထဲသို့ ဆင်းပြီး ပြန်တက်ရာ မိုင်းနင်းမိသဖြင့် အသက် ၃၀ ကျော်အရွယ် ကိုကျော်လင်းအောင်မှာ ခြေထောက် ပြတ်တောက်ခဲ့သည့် အတွက် လက်ရှိတွင် ဆေးကုသမှု ခံယူနေဆဲ ဖြစ်သည်။
ထိုကဲ့သို့သော မြေပြင်အခြေအနေများကြောင့် လယ်ယာလုပ်ငန်း လုပ်ကိုင်ကြသော လယ်သမားအများစုမှာ စစ်ကောင်စီ၏ စစ်ကြောင်းထိုး တိုက်ခိုက်၊ ပစ်ခတ်မှုများကို ကြောက်လန့်နေရသလို မိုင်းအန္တရာယ်ကိုလည်း သတိထားရသည့် အခြေအနေဖြစ်နေပြီး စိုက်ပျိုးထုတ်လုပ်မှုများမှာ ယခင် စစ်အာဏာမသိမ်းခင်အချိန်ကထက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လျော့ကျခဲ့ကြောင်း ဒေသခံ လယ်သမားများနှင့် ကုန်သည်များထံက သိရသည်။
စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုး၍ နေအိမ်၊ ဝမ်းစာစပါး၊ မျိုးစပါးများကို မီးရှို့ ဖျက်ဆီးနေသော စစ်ကောင်စီ၏ လက်အောက်ခံ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနကမူ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များတွင် ယခုနှစ်မိုးရာသီတွင် သီးနှံအမျိုးအစားအလိုက် မိုးစပါး စိုက်ဧက ၁ သိန်း ၇ သောင်းကျော်၊ ပဲမျိုးစုံ စိုက်ဧက ၂ သိန်း ၄ သောင်းကျော်၊ ဆီထွက်သီးနှံ စိုက်ဧက ၅ သောင်း ၉ ထောင်ကျော်၊ စားဖိုဆောင်သီးနှံ စိုက်ဧက ၁၅ ဧကနှင့် အခြား သီးနှံ စိုက်ဧက ၁ သိန်းခွဲကျော် စိုက်ပျိုးရန် လျာထားကြောင်း ယမန်နေ့(ဇွန် ၁၂) ထုတ် စစ်ကောင်စီအာဘော် သတင်းစာမှ ကြေညာထားသည်။
မိုးစပါးသီးနှံများကို ယခုဇွန်လလယ်တွင် စိုက်ပျိုးရန် စီမံဆောင်ရွက်နေပြီး ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် အခြားသီးနှံများကို ပြီးခဲ့သည့် မေလက စတင်စိုက်ပျိုးနေကြောင်း၊ ယမန်နှစ်က မိုးရာသီ သီးနှံစုံ ဧက ၆ သိန်း ၃ သောင်းကျော် စိုက်ပျိုးခဲ့ ကြောင်း စစ်ကောင်စီက ဆိုသည်။
ယင်းသို့ စစ်ကောင်စီက ပြောဆိုနေသော်လည်း လက်ရှိတွင် ကန့်ဘလူမြို့နယ်၊ထန်းကုန်း တိုက်နယ် အတွင်းရှိ ကျေးရွာများကို ဘိုတဲကုန်ကုန်းကျေးရွာနှင့် ချပ်သင်းတိုက်နယ်အတွင်းရှိ ပေကုန်းရွာတို့အား ပျူစောထီးနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပူးပေါင်း စစ်ကြောင်း ၂ ကြောင်းနှင့် ဇွန် ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် စပါးကျီပါမကျန် ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့သည့်ပြင် မြေပြင်စစ်ကြောင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကိုပါ ပြုလုပ်နေသောကြောင့် ဒေသခံ ၅ သောင်းကျော်ထိ စစ်ဘေးရှောင်နေရသည့် အခြေအနေဖြစ်သည်။
ထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချခြင်းအတွက် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် သဘာဝဓာတ်မြေဩဇာ အသုံးပြုရေး၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့် ဆောင်ရွက်၍ တိရစ္ဆာန်များမှ ထွက်သည့် စွန့်ပစ်ပစ္စည်းများဖြင့် ဇီဝမြေဩဇာများအသုံးပြုရေး လမ်းညွှန်မှာကြားထားသကဲ့သို့ ပြည်ပမှ ဓာတ်မြေဩဇာများ ဝယ်ယူရရှိရေးအတွက်လည်း ဆောင်ရွက်ပေးထားကြောင်း ယနေ့(ဇွန် ၁၃)တွင်လည်း စစ်ခေါင်းဆောင်က ပြောဆိုသည်။
လက်ရှိတွင် ဓာတ်မြေဩဇာဈေးမှာ မြေဆီတအိတ်လျှင် စစ်အာဏာမသိမ်းခင်က ကျပ် တသောင်း ဝန်းကျင်သာ ရှိသော်လည်း လက်ရှိအချိန်တွင် ကျပ် ၁ သိန်းကျော်အထိ နေရာ ဒေသအလိုက် ဈေးနှုန်းမြင့်တက်မှုများ ရှိနေသည်။
You may also like these stories:
အရာတော်တွင် ပျူစောထီးများက ဒေသခံများ၏ စီးပွားရေးလုပ်ငန်းများကို ခြိမ်းခြောက်နေ
အရာတော်တွင် ကျောင်းထိုင်ဘုန်းကြီး အပါအဝင် ၂၂ ဦး ဖမ်းခံရ
အရာတော်၊ ရွှေဘို၊ ခင်ဦးမြို့နယ်များတွင် ၄ရက်အတွင်း အိမ် ၁၃၀၀ ကျော် မီးရှို့ခံရ