ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြိမ်ခွေမော်ကျေးရွာတွင် မုန်တိုင်းတိုက်ခတ်ပြီး နောက်ပိုင်း ဝမ်းလျှောဝမ်းပျက်ရောဂါ ဆိုးရွားစွာ ဖြစ်ပွားနေသည်။
အဆိုပါ ကြိမ်ခွေမော်ကျေးရွာတွင် ရေကန်များ မိုခါမုန်တိုင်းကြောင့် ဆားငံရေများ ဝင်ရောက်သွားပြီး သောက်သုံး ရေရှားပါးမှုနှင့်အတူ မသန့်ရှင်းသော ရေတို့ကြောင့် ဝမ်းရောဂါ စတင် ဖြစ်ပွားလာခြင်း ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဌေးက ပြောသည်။
“ဝမ်းရောဂါ ဖြစ်တာကတော့ တော်တော်များတယ်။ လူ ၁၀၀ မှာ ၃၀ လောက်ဖြစ်တယ်။ ကလေးတွေဆိုရင် ဝမ်းလျှောပြီးတော့ အော့အန်တယ်။ တော်တော် ပြင်းထန်တဲ့ လူတွေကတော့ ပေါက်တောမြို့ပေါ်က ဆေးရုံ ဆေးခန်းတွေကို သွားကုကြတယ်။ တချို့ကလည်း ရွာမှာရှိတဲ့ ကျန်းမာရေး ဆရာမဆီမှာ သွားပြနေတာ ရှိတယ်” ဟု ဦးသန်းဌေးက ဧရာဝတီသို့ ပြောသည်။
အိမ်ခြေ ၃၈၀ ကျော်၊ လူဦးရေ ၂၀၀၀ နီးပါးရှိသော ကြိမ်ခွေမော် ကျေးရွာတွင် ရေကန် ၈ ကန်ရှိပြီး မုန်တိုင်းကြောင့် ရေကန် ၇ ကန် ဆားငံရေ ဝင်ရောက်သွားသဖြင့် ကျန်နေသော ရေကန် တခုတည်းကို အားကိုးမှီခိုနေရကာ လက်ရှိအချိန်တွင် သောက်သုံးရေ အခက်အခဲဖြစ် နေသလို ဝမ်းရောဂါကြောင့်လည်း ဇွန်လဆန်းပိုင်းက သက်ကြီးပိုင်း ၃ ဦးအထိ သေဆုံးကြောင်း ကြိမ်ခွေမော်ကျေးရွာသားများက ပြောသည်။
သို့ရာတွင် မိုခါမုန်တိုင်းတိုက်ခတ်ပြီး တလနီးပါးကြာမြင့်လာသော်လည်း မုန်တိုင်းသင့် ပြည်သူများသည် ထိရောက်သော ကူညီထောက်ပံ့မှု တစုံတရာ မရရှိသလို UN အပါအဝင် နိုင်ငံတကာအဖွဲ့၏ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကိုလည်း ဝင်ရောက်ခွင့် မပေးဘဲ ပိတ်ဆို့ ကန့်သတ်ထားသည်။
ဇွန်လ ၁၂ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာရာ ကုလသမဂ္ဂဌာနေနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Ramanathan Balakrishnan က “ဒီသဘာဝ ဘေးအန္တရာယ်တုံ့ပြန်မှုမှာ လေးပတ်ကြာပြီး မုတ်သုံရာသီ ဝင်လာနေရာမှာ လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ လိုအပ်နေတဲ့လူတွေကို ထောက်ပံ့ဖို့ ငြင်းပယ်ခံရတာကို နားမလည်နိုင်စရာပါပဲ” ဟု ပြောဆိုထားသည်။
သို့သော် နိုင်ငံတကာ အကူအညီများ ရခိုင်မုန်တိုင်းသင့် ပြည်သူများအား ထောက်ပံ့မည့် ကိစ္စတွင် အာဏာသိမ်းစစ်ကောင်စီသည် မူဝါဒ အမျိုးအမျိုး ကျင့်သုံးလျက်ရှိသည်။
NGOs အဖွဲ့ အစည်းများကို ခရီးသွားလာခွင့် ရပ်ဆိုင်းရန် ဇွန်လ ၇ ရက်စွဲဖြင့် ကန့်သတ်ပိတ်ပင်ခဲ့ပြီးနောက်၊ ပြည်တွင်း ပြည်ပ ဝေဖန် မှုများ မြင့်တက်လာသည့်အချိန်တွင် ယခင်အတိုင်း ပြန်လည် လုပ်ဆောင်ခွင့်ပြုကြောင်းကို စစ်ကောင်စီ၏ ပြည်နယ် လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ က ဇွန်လ ၁၁ ရက်စွဲဖြင့် လက်မှတ်ထိုး ထုတ်ပြန်သည်။
ရခိုင်ပြည်နယ်ရှိ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များအဆိုအရ စစ်ကောင်စီသည် တိုက်ပွဲကာလကဲ့သို့ ဆေးဝါးသယ်ယူခွင့်ကို ကန့်သတ်ထားခြင်းမျိုး မရှိတော့ဘဲ မြို့နယ်များကိုလည်း ပုံမှန် ဆေးဝါးများ ခွဲတမ်းချပေးမှုရှိကြောင်း ၊ သို့သော်လည်း ကျန်မာရေးဝန်ထမ်းများ လုံလောက်မှု မရှိသည့်အတွက် မြို့ရော ကျေးလက်ဒေသများတွင်ပါ ကျန်းမာရေးစောင့်ရှောက်မှုများက လိုအပ်ချက် ရှိနေသေးကြောင်း သိရသည်။
တချိန်တည်းတွင် မုန်တိုင်းအလွန် မင်းပြားမြို့နယ်အတွင်း မြို့ပေါ်နှင့် ကျေးရွာများတွင် နာမကျန်း ဖြစ်သူများ အလွန်များပြားနေကြောင်း မင်းပြားမြို့ခံ ပရဟိတသမား ကိုအမ်းသားကြီးက ပြောသည်။
၎င်းက “ မင်းပြားမှာ မြို့ပေါ်ရော၊ ရွာတွေမှာပါ နေမကောင်းဖြစ်တဲ့ လူတွေ တော်တော်များတယ်။ အိမ်တအိမ်မှာ လူ ၄ ယောက်ရှိရင် ၃ ယောက်က ဖျား နေတယ်။ တအားကြီး ဆိုးဝါးတဲ့ လူတွေကတော့ ဆေးရုံတက်ကြတယ်။ ဆေးရုံကုတင်တွေမှာ လူတွေ အပြည့်ဖြစ်နေတာ ” ဟု ဧရာဝတီသို့ ပြောသည်။
You may also like these stories:
ကူညီရေးအဖွဲ့များ ရခိုင်သို့ သွားခွင့်ပြုဟု စစ်ကောင်စီဆိုသော်လည်း သွားလာခွင့်မရသေး
မုန်တိုင်း ကယ်ဆယ်ရေး အကူအညီ ရခိုင်လူနည်းစုများ မရ
မုန်တိုင်းအလွန် ပြန်ရုန်းထဖို့ ကြိုးစားနေရတဲ့ ရသေ့တောင်မြို့နယ်က ဒုံးပိုက်ရွာ
ဆိုင်ကလုန်းမိုခါကြောင့် ရခိုင်ပြည်နယ်မှ ငါးဖမ်းကျေးရွာများ အကြီးအကျယ် ပျက်စီး
နိုင်ငံတကာအဖွဲ့များ ရခိုင်သို့ သွားလာခွင့်ပိတ်မှု မုန်တိုင်းသင့်ပြည်သူများ အခြေအနေပိုဆိုးနိုင်