ဟားခါးမြို့အနီးရှိ ချင်းခုခံတော်လှန်ရေးအင်အားစု၏ ယာယီစခန်းတခုကို မြန်မာစစ်ကောင်စီတပ်က တနင်္လာနေ့ နံနက်တွင် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက် သိမ်းယူလိုက်သောကြောင့် တိုက်ပွဲအတွင်း ခုခံတော်လှန်ရေးသမား ၃ ဦးကျဆုံးကြောင်း ချင်းခုခံတော်လှန်ရေး အင်အားစုများ ပြောသည်။
စစ်ကောင်စီတပ်များသည် ထိုစခန်းကို တနင်္လာနေ့နံနက် ၄ နာရီတွင် အလစ်ဝင်တိုက်ပြီး ပြင်းထန်သောတိုက်ပွဲများ ၂ နာရီကြာဖြစ်ပွားသည်။ ခုခံတော်လှန်ရေးသမား ၃ ဦးကျဆုံးပြီး လက်နက်ခဲယမ်းများ အသိမ်းခံရသည်ဟု ချင်း ကာကွယ်ရေးတပ်ဖွဲ့ ဟားခါးမှ ပြောခွင့်ရသူက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
“သူတို့က စခန်းကို အလုံးအရင်းနဲ့ဝင်တိုက်လို့ ကျနော်တို့ ဆုတ်ပေးလိုက်တယ်။ တိုက်ပွဲအတွင်း ဟားခါးက သူတို့တပ်ဌာနချုပ် ကလည်း လက်နက်ကြီးတွေနဲ့ပစ်ကူပေးတယ်” ဟု အထက်ပါ ပြောခွင့်ရသူ ပြောသည်။
ဟားခါးသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး မကြာမီ စစ်ကောင်စီကို ကျယ်ကျယ် ပြန့်ပြန့် ခုခံတော်လှန်ပြီး တိုက်ပွဲများဖြစ်ပွားနေသည့် ချင်းပြည်နယ်၏ မြို့တော်ဖြစ်သည်။
ဟားခါးမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ခန့်သည် ၈ ကီလိုမီတာခန့်ဝေးသည့် သီးမစ်တောင်ကြားတွင် စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ဆင်ရေးလုပ်နေသောကြောင့် လွန်ခဲ့သော ၂ ပတ်အတွင်း ဟားခါးမြို့အနီး တိုက်ပွဲအများအပြားဖြစ်ပွားသည်။ စစ်ကြောင်းတကြောင်းသည် တောင်ကြောအထက်သို့ တက်ရန် ကြိုးစားနေပြီး နောက်စစ်ကြောင်းက တောင်ကြားတွင် ရှိနေသည်။
ချင်းအမျိုးသားတပ်မတော် (CNA) ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့-ဟားခါး နှင့် ချင်းကာကွယ်ရေးတပ်-ဇိုဆေးတို့၏ ပူးပေါင်းတပ်များက စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေသည်။ လွန်ခဲ့သော ၂ ပတ်အတွင်း တိုက်ပွဲများတွင် ၂ ဘက် ထိခိုက်သေဆုံမှုများ ရှိသည်။
စစ်ကောင်စီသည် စစ်ကိုင်းတိုင်း ကလေးမြို့မှ တပ်များကို ဟားခါးသို့ စစ်ကူပို့နေပြီး ချင်းခုခံတော်လှန်ရေးတပ်များနှင့် တိုက်ပွဲများအတွင်း အသေအပျောက်များသောကြောင့် ရဟတ်ယာဉ်များဖြင့် မကြာခဏ ကင်းလှည့်နေကြောင်း ချင်းကာကွယ်ရေးတပ်-ဟားခါးမှ ပြောခွင့်ရသူပြောသည်။
ချင်းကာကွယ်ရေးတပ်များသည် တနင်္လာနေ့က စစ်ကောင်စီက အလစ်အငိုက် တိုက်ခိုက်ခြင်းကို ဒရုန်း ဖြင့် ပြန်လည်တုံပြန်ခဲ့သော်လည်း ရာသီဥတု မကောင်းသောကြောင့် စစ်တပ် ထိခိုက်သေဆုံးမှုကို အတည်မပြု နိုင်ကြောင်း CNA ပြောခွင့်ရသူ ဆလိုင်းထက်နီက ပြောသည်။
“နေ့တိုင်းတိုက်ပွဲဖြစ်နေတယ်” ဟု ဆလိုင်းထက်နီက ဧရာဝတီသို့ ပြောသည်။ “အင်္ဂါနေ့ တိုက်ပွဲတွေအတွင်း ခုခံ တော်လှန်ရေးသမား ၃၊ ၄ ဦးလောက်ဒဏ်ရာရတယ်” ဟုလည်း သူပြောသည်။
ဗုဒ္ဓဟူးနေ့နံနက်တွင် သီးမစ်တောင်ကြားအနီး တိုက်ပွဲများ ထပ်မံဖြစ်ပွားသော်လည်း ထိခိုက်သေဆုံးမှုစာရင်း မရသေးကြောင်း သူပြောသည်။
စစ်ကောင်စီတပ်များသည် ထန်တလန် မြို့နယ်ရှိ CNA ဌာနချုပ်ကို သိမ်းယူရန် ကြိုးစားနေပြီး CNA ကလည်း စစ်ကောင်စီ၏ စစ်ကြောင်း ၂ ကြောင်းကို ချေမှုန်းရန် ပြင်ဆင်ထားကြောင်း ပြောသည်။
ချင်းခုခံတော်လှန်ရေးအင်အားစုများသည် ထိုစစ်ကြောင်း ၂ ကြောင်းကို သီးမစ်တောင်ကြားတွင် ဟန့်တားထားသည်ဟု CNA ပြောသည်။
သီးမစ်တောင်ကြား တိုက်ပွဲများအတွင်း စစ်ကောင်စီ စစ်သား ၅၀ ကျော်သေဆုံးပြီး နောက်ထပ် ၂၀ ဒဏ်ရာရသည်ဟု CNA ပြောသည်။ ချင်းခုခံတော်လှန်ရေးသမား တဒါဇင်ကျော်ကျဆုံးပြီ တဒါဇင်ကျော် ဒဏ်ရာရသည်ဟုလည်း ဆိုသည်။
မြန်မာစစ်တပ်သည် အရပ်သား သယ်ယူပို့ဆောင်ရေး ယာဉ်များဖြင့် ချင်းပြည်နယ်တွင် တပ်များကို ရွှေ့ပြောင်းနေသောကြောင့် CNA ၏ နိုင်ငံရေးအဖွဲ့ ချင်းအမျိုးသားတပ်ဦးက ပြည်နယ်ပြင်ပမှ လူများ ပြည်နယ်တွင်းသို့ ဝင်ရောက်ခြင်းကို ပိတ်ပင်ထားသည်။
You may also like these stories:
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း
ငြိမ်းချမ်းရေး ဆွေးနွေးနေရင်းမှ စစ်ကောင်စီနှင့် MNDAA တိုက်ပွဲပြန်ဖြစ်
CNF ဌာနချုပ်ကို စစ်ဆင်ရေးလုပ်ရန် စစ်ကောင်စီ ပြင်ဆင်နေဟုဆို
နွေဦးတော်လှန်ရေးနှင့် ချင်းလက်နက်ကိုင်တပ်ဖွဲ့များ (၁)
နွေဦးတော်လှန်ရေးနှင့် ချင်းလက်နက်ကိုင်တပ်ဖွဲ့များ (၂)
နွေဦးတော်လှန်ရေးနှင့် ချင်းလက်နက်ကိုင်တပ်ဖွဲ့များ (၃)