စစ်ကိုင်းတိုင်းအနောက်ပိုင်း၊ ကလေးမြို့နယ် ကလေးထောင်တွင် သင်္ကြန်ကာလအတွင်း အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသူ ၄ ဦးအား ၂ လခန့်ကြာသည်အထိ ဆေးကုသခွင့် မပေးကြောင်း ကလေးထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။
ကလေးပင်မသပိတ်အဖွဲ့ဝင် ကိုသန်းစိုးဦး၊ မကျင်ဒိတ်ကိမ်၊ မအိစံနှင့် ကိုမျိုးကိုဝင်းတို့သည် ယခုနှစ် ဧပြီလ ၁၆ ရက်တွင် ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်၌ အတာရေအိုးများကိုင်ကာ လှည့်လည်ဆန္ဒပြနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရိုက်နှက် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ကလေးမြို့ခံ အမျိုးသမီးတဦးက ပြောသည်။
၎င်းက “ကလေးမြို့ သံတံတားနားမှာ သင်္ကြန်အတက်နေ့က သပိတ်အိုးလေးတွေကိုင်ပြီး ဆန္ဒပြတာ။ အိုးလေးတွေမှာ တော်လှန်သင်္ကြန်ဆိုပြီး ဆန္ဒပြတာ။ သတင်းပေးတာကြောင့်လား။ ဘာလား မသိရပေမယ့် ပတ်ကင်းနဲ့တွေ့ပြီး သေနတ်ပစ်ဖောက်ပြီး အဖမ်းခံရတာ” ဟုဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကလေးပင်မသပိတ်အဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးစဉ်တွင် ရိုက်နှက် ထိုးကြိတ် ကန်ကျောက်ခဲ့သလို သပိတ်အဖွဲ့ဝင်များ၏ ဆံပင်ကို ကိုင်ကာ အုတ်နံရံနှင့် တိုက်ခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
၎င်းကဆက်၍ “ဖမ်းဆီးတုန်းကလည်း ဘေးကမြင်တဲ့သူတွေ ပြောတာက အုတ်နံရံတွေရှိတယ်။ အဲဒါ ဆံပင်ကနေ ကိုင်ပြီးတော့မှ အုတ်နံရံကို ခေါင်းနဲ့ဆောင့်တယ်တဲ့။ အချက်ရေတော့ အတိအကျ မသိဘူး။ တော်တော်တော့ များတယ်။ သူတို့ကို ဖမ်းတဲ့နေ့မှာ သက်ဆိုင်ရာမိသားစုဝင်တွေရဲ့ အိမ်ကိုပါလိုက်လာပြီး မိသားစုဝင်တွေကိုပါ ရဲစခန်းကို ဖမ်းခေါ်သွားတာ။ အဲဒီကနေမှ မိသားစုဝင်တွေကို ပြန်လွှတ်ပြီး သူတို့ကို ကလေး ဒကစ ကို ဆက်ခေါ်သွားတာ” ဟု ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကလေးမြို့၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒ.က.စ) တွင်လည်း ကလေး ပင်မသပိတ် အဖွဲ့ဝင် ၄ ဦးကို ဆက်လက် ရိုက်နှက် စစ်ကြောခဲ့ကြောင်း မြို့ခံသတင်းရင်းမြစ်များ ထံမှ စုံစမ်းသိရှိရသည်။
၎င်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်မှုကြောင့် မအိစံနှင့် ကိုမျိုးဝင်းသည် နားတဖက် မကြားရတော့ဘဲ ကိုမျိုးဝင်း၏ တံတောင်ဆစ်အရိုးသည်လည်း ကျိုးနေကြောင်း၊ မကျင်ဒိတ်ကမ်မှာ ခန္ဓာကိုယ်တွင် အညိုအမဲ စွဲသည်အထိ ရိုက်နှက်ခံထားရပြီး ကိုသန်းစိုးဦးမှာ မျက်လုံးတဖက်တွင် သွေးချေဥသည့်ဒဏ်ရာရသည့်အပြင် ခြေထောက်တဖက်လည်း ကျိုးနေကြောင်း ပြောသည်။
လက်ရှိတွင် ၎င်းတို့ကို စစ်ကောင်စီ၏ ထောင်တွင်းတရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-(က) ဖြင့် ထောင် ၂ နှစ်ချထားကြောင်း ကလေးမြို့ဒေသခံ အချို့က ပြောသည်။
ကလေးအကျဉ်းထောင်သည် ထိခိုက်ဒဏ်ရာရပြီး နာမကျန်းဖြစ်နေသည့် နိုင်ငံရေးအကျဉ်းသားများကို ဆေးကုသခွင့် မပေးသည်မှာ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်သည့် ၂၀၂၁ ခုနှစ်ကတည်းကပင် ဖြစ်ကြောင်း ထိုအကျဉ်းထောင်နှင့် နီးစပ်သည့် ကလေးမြို့ခံ များထံမှသိရသည်။
၂၀၂၁ ခုနှစ်နိုဝင်ဘာလ အတွင်း ကလေး (PDF) တပ်ရင်း ၃ စခန်းအား စစ်ကောင်စီက ဝင်ရောက်စီးနင်း တိုက်ခိုက်စဉ် အဖမ်းခံခဲ့ရသည့် ချင်းအမျိုးသမီး ဆေးတပ်သား ၄ ဦးသည်လည်း လက်ရှိအချိန်အထိ ဆေးကုသခွင့် မရသေးကြောင်း သိရသည်။
ဆေးကုသခွင့်မရသည့် အမျိုးသမီး ၄ ဦးမှာ လားလ်တန်ကီးမီး၊ လားလ်တန်လွေးအီ၊ လားလ်ဖျန်းဖဲလ်အီး နှင့် ညောင်ဒွင့်ကျင်းတို့ ဖြစ်သည်။
လားလ်တန်ကီးမီး၊ လားလ်တန်လွေးအီ တို့သည် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရစဉ်မှာပင် မိုင်းစထိမှန် ဒဏ်ရာရထားကြောင်း ၎င်းတို့ကို ဒဏ်ရာပျောက်ကင်းသည်အထိ စစ်ကောင်စီက ဆေးကုသမှု မပေးခဲ့ကြောင်း သိရသည်။
လားလ်ဖျန်းဖဲလ်အီးမှာ ကလေးအကျဉ်းထောင်အတွင်း ဆန်အိတ်များထမ်းရခြင်းအပါအဝင် ကြမ်းတိုက်ခြင်းများ လုပ်ကိုင်ရပြီး ခါးနာဝေဒနာ ခံစားနေရကြောင်း၊ ညောင်ဒွင့်ကျင်းမှာလည်း စစ်ကောင်စီ၏ စစ်ကြောရေးတွင် ဖမ်းဆီးနှိပ်စက်ခံရပြီး လက်ရှိတွင် အမြင်နှင့် အကြားအာရုံ ချို့ယွင်းမှုများ ခံစားနေရကြောင်း သိရသည်။
လုံခြုံရေးအရ အမည်မဖော်လိုသည့် ကလေးမြို့ဒေသခံ အမျိုးသားတဦးက “ချင်းအမျိုးသမီး ဆေးတပ်သားတွေကိုတော့ ထောင်အာဏာပိုင်တွေက ပြန်လွတ်လို့ အပြင်ရောက်မှ ဆေးကုကြဆိုပြီး ပြောတယ်လို့ ကျနော်တို့ ပြန်ကြားရပါတယ်” ဟုဆိုသည်။
ဆေးတပ်သား ချင်းအမျိုးသမီးများကို ကလေးအကျဉ်းထောင် တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) ၊ အကြမ်းဖက်မှုပုဒ်မ ၅၀(ည) ၊ ၅၂ (ဃ) တို့ဖြင့် ၂၀၂၂ ခုနှစ်အောက်တိုဘာလတွင် ထောင်ဒဏ် ၁၂ နှစ်ချ ခဲ့သည်။
အာဏာသိမ်းပြီးကတည်းက လက်ရှိအချိန်အထိ ကလေးမြို့တွင် စစ်တပ်၏ ဖမ်းဆီးခံထားရသည့် အာဏာသိမ်းမှုဆန့်ကျင်သူ ၁၄၀၀ ခန့်ရှိပြီး လူ ၁ ထောင်မှာ ကလေးအကျဉ်းထောင်တွင်ဖြစ်ကာ ကျန်လူများမှာ ကလေး (ဒကစ) စစ်ကြောရေးနှင့် ရဲစခန်းများတွင်ဖြစ်ကြောင်း ကလေးမြို့ဒေသခံများက ဆိုသည်။
You may also like these stories:
ချင်းပြည်နယ်မှ ခုခံတော်လှန်ရေးစခန်းတခုကို စစ်တပ်ဝင်သိမ်း
ဆေးတပ်သား အမျိုးသမီး ၉ ဦးကို ဓားစာခံအဖြစ် စစ်တပ်ခေါ်သွားဟု ကလေး PDF ပြော
PDF ဆေးတပ်ဖွဲ့ဝင် အမျိုးသမီး ၉ ဦးအား ကလေးအကျဉ်းထောင်ပို့၊ မိသားစုနှင့် တွေ့ခွင့်မရ
စစ်တပ်လက်ထဲက PDF ချင်းအမျိုးသမီး ဆေးတပ်ဖွဲ့ဝင်များ