စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပ.လ.ဖ) က ဖမ်းဆီးထားသည့် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီဖြစ်ကြောင်း မြောင် ပ.လ.ဖ အဖွဲ့က ဧရာဝတီသို့ အတည်ပြုသည်။
တိုက်နယ်အဆင့်ရှိ မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပ.လ.ဖ) အဖွဲ့သည် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ အဖွဲ့ဖြစ်ပြီး သေဆုံးသူ ၃ ဦးမှာ မြင်းမူနှင့် မြောင်မြို့နယ် အခြေစိုက် ဇာမဏီ တော်လှန်ရေးတပ် (Zamani Revolution Force/MMU Myaung) တပ်ဖွဲ့ဝင်များဖြစ်သည်။
ဇာမဏီ အဖွဲ့ခေါင်းဆောင် ကိုဇော်မိုးနှင့် အဖွဲ့ဝင်သုံးဦးကို မြောင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) တာဝန်ခံ ကိုဖိုးထောင် အား မတ်လ ၂၆ ရက်နေ့က သတ်ဖြတ် အလောင်းဖျောက်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် မြောင် ပ.လ.ဖ အဖွဲ့က ဇွန်လ ၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးစဉ်မှာ ၄ ဦးဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှုကြောင့် ကိုဇော်မိုး အပါအဝင် ၃ ဦးမှာ သေနတ် ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ၁ ဦး အသက်ရှင်လျှက်ရှိကြောင်း မြောင် ပ.လ.ဖ အဖွဲ့ တာဝန်ခံ ဦးမြင့်တင် က ဧရာဝတီသို့ပြောသည်။
ဦးမြင့်တင် က “ကျနော်တို့ဟာ အလဟသ ကိုဇော်မိုးကို စွပ်စွဲပြီးတော့ ပစ်ခတ်ဖမ်းခြင်းလည်း မဟုတ်ဘူး။ ကိုဇော်မိုးကို ဖမ်းဖို့ အထောက်အထားတွေ၊ ထွက်ဆိုချက်တွေ၊ တိုင်တန်းချက်တွေအရ ဖမ်းဆီး ထိန်းသိမ်းခြင်း ဖြစ်ပါတယ်”ဟု ဆိုသည်။
သို့သော် ဇာမဏီအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုပေါင်ပေါင်ကမူ ဖမ်းခံရသော ၄ ဦးစလုံးသည် ပစ်ခံရ၍ သေဆုံးခြင်းမဟုတ်ဘဲ ဖမ်းဆီးစဉ် စစ်ဆေးခံရမှုကြောင့် လက်လွန်သေဆုံးသည်ဟု ခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပ.က.ဖ) တာဝန်ခံမှ တဆင့် ကြားသိရကြောင်း ဧရာဝတီသို့ ပြောသည်။
ကိုပေါင်ပေါင်က “သံသယနဲ့ ဖမ်းတာ သံသယနဲ့ပဲ စစ်လေ။ စစ်တာကို လက်သင့်ခံတယ်။ ဥပဒေအတိုင်းသွားရင် လက်သင့်ခံတယ်။ အခုလို လက်လွန်တာကြီးကျတော့ အထူးတလည် ပြောစရာမလိုတော့ဘူး ထင်တယ်” ဟု ဆိုသည်။
ဖမ်းဆီးခံရစဉ် ၁ ဦးသာ ကျည်ထိမှန်သည်ဟု သိရှိခဲ့ရပြီး သေဆုံးမှုနှင့် ပတ်သက်၍ တရားဝင် အကြောင်းကြား လာခြင်းမျိုး မရှိကြောင်းနှင့် ဇာမဏီအဖွဲ့ခေါင်းဆောင် ကိုဇော်မိုး၊ ကိုခန့်မင်းသာ၊ ကိုစိုးဝင်းနှင့် ပဒတ္ထိုင်းကျေးရွာ ပကဖ ခေါင်းဆောင် ကိုလှမျိုးဦးတို့ကို ကြိုးတုပ်ခေါ်ဆောင်သွားခြင်း ဖြစ်ပြီး မည်သည့်နေရာတွင် ထားရှိသည်ကို မသိရှိခဲ့ရကြောင်း ဇာမဏီအဖွဲ့က ဆိုသည်။
သို့သော် မြို့နယ် ပလဖ တာဝန်ခံ ဦးမြင့်တင်ကမူ စစ်ဆေးစဉ် လက်လွန်၍ သေဆုံးခြင်း မဟုတ်ကြောင်း ငြင်းဆိုသည်။
ဇွန်လ ၁ ရက်နေ့က မြောင်မြို့နယ် မရိုးကုန်းကျေးရွာသို့ ရောက်ရှိနေသည့် ကိုဇော်မိုးကို သွားရောက် ဖမ်းဆီးရာ ရွာတွင် မရှိတော့ဘဲ မြောင်မှ မြင်းမူမြို့သို့ အထွက်လမ်း၌ နံနက်အစောပိုင်းအချိန် ကင်းသမားများနှင့် ထိပ်တိုက်တွေ့ဆုံစဉ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ကိုဇော်မိုးနှင့် အခြား အဖွဲ့ဝင် ၃ ဦး သေနတ်ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း ပလဖ အဖွဲ့ထံမှ သိရသည်။
၎င်းက “စစ်ဆေးလို့ လက်လွန်တာ မဟုတ်ပါဘူးဗျ။ ဖမ်းဆီးတဲ့ အချိန်မှာ တဦးနဲ့ တဦး ပစ်ခတ်တဲ့ အချိန်မှာ မှန်လို့ သေတာ။ ကျနော့်ဆီ လာအပ်တော့ အသက်ယဲ့ယဲ့လေးပဲ ပါတော့တယ်” ဟု ဆိုသည်။
အဖမ်းခံရသူ ၄ ဦးအနက် ကိုဇော်မိုး အပါအဝင် ၃ ဦး သေဆုံးပြီး တဦးသာ အသက်ရှင်ကြောင်း၊ လက်ရှိတွင် အဆိုပါ ကျန်ရှိသူတဦးမှာ ကျန်းမာရေးကောင်းမွန်ကြောင်း ၎င်းကဆက်ပြောသည်။
အဆိုပါကိစ္စကို အမျိုးသားညီညွတ်ရေး အစိုးရ လက်အောက်ရှိ ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးနေကြောင်း NUG ထံမှ သိရသည်။
NUG ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ခံ မြောင်မြို့နယ် ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက သက်သေ ထွက်ဆိုချက်များ၊ သက်သေခံများသိမ်းဆည်းပြီးဖြစ်သော်လည်း အမှုတည်ဆောက်နေဆဲ ဖြစ်သဖြင့် အချက်အလက်များ ထုတ်ဖော်ပြောဆိုခွင့် မရှိသေးကြောင်း ပြောသည်။
ပြည်သူ့ လုံခြုံရေးအဖွဲ့အနေဖြင့် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးပိုင်ခွင့်ရှိပြီး ဖမ်းဆီးချိန်တွင် ခုခံပါက အပြန်အလှန် ပစ်ခတ်မှု ရှိနိုင်သော်လည်း လက်ရှိတွင် အသေးစိတ်ကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း၊ တဖက်သတ် ပစ်ခတ်ဖမ်းဆီးခြင်းနှင့် စစ်ဆေးစဉ် လက်လွန်ခြင်းကဲ့သို့ ဖြစ်စဉ်မျိုး ရှိပါကလည်း ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း NUG မှ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
၎င်းက “တဖက်က ခုခံတာဆိုရင် အပြန်အလှန် ပစ်ခတ်မှုက ဖြစ်နိုင်တယ်။ ပစ်ခတ်ဖမ်းဆီးတာလား၊ အပြန်အလှန် ပစ်ခတ်ကြတာလား၊ ဘယ်ဟာက တကယ်ဖြစ်ခဲ့လဲဆိုတာ အမှန်တကယ် သိရှိအောင် စုံစမ်းရဦးမှာပေါ့။ အပြန်အလှန်ပစ်ခတ်တာဆို တမျိုး ဖြစ်မယ်။ အဲဒီလို မဟုတ်ဘဲ ဥပဒေနဲ့ အညီ ဖမ်းဆီးတာမျိုး မဟုတ်ဘဲနဲ့ အခုစွပ်စွဲနေကြသလို တဖက်သတ် ပစ်ခတ်တာမျိုး၊ စစ်မေးရင်းနဲ့ လက်လွန်သွားတာမျိုးဆိုရင်တော့ ဒါမျိုးတွေကို ကျနော်တို့ လက်မခံဘူး။ ဥပဒေအရ လုပ်ပိုင်ခွင့်လည်း မရှိဘူး၊ လုပ်လို့လည်း မရဘူး။ လုပ်ခဲ့တယ်ဆိုရင် ဥပဒေနဲ့ အညီပဲ ဆက်သွားရမှာပေါ့” ဟု ပြောသည်။
ကိုဖိုးထောင်၏ သေဆုံးမှုကို ဆွေမျိုးသားချင်းများ၊ လုပ်ဖော်ကိုင်ဖက် ပကဖ၊ ပအဖ၊ ပလဖ အဖွဲ့ခေါင်း ဆောင်များက တိုင်ကြားသဖြင့် စုံစမ်းစစ်ဆေးရာတွင် ကိုဖိုးထောင်သေဆုံးသည့် နေရာအနီး ဇာမဏီအဖွဲ့ဝင်များ ကိုင်ဆောင်သော ကျည်ခွံများ သိမ်းဆည်းမိခဲ့ခြင်း၊ အဆိုပါ လက်နက်ကို အဖွဲ့ဝင်များထံမှ သိမ်းဆည်းရခဲ့ခြင်းအပြင် မျက်မြင်သက်သေလည်း ရှိကြောင်း ပလဖအဖွဲ့ ထံမှသိရသည်။
စွပ်စွဲချက်များကို လက်သင့်ခံသော်လည်း ဖမ်းဆီးစစ်ဆေးခြင်း၊ လက်လွတ်စပယ် သေဆုံးရခြင်းမျိုးကို လက်သင့်မခံကြောင်းနှင့် တရားဝင်နည်းလမ်းဖြင့်သာ အရေးယူသင့်ကြောင်း ဇာမဏီအဖွဲ့က တုန့်ပြန်ထားသလို ယခုလုပ်ရပ်သည် NUG နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LDF) တို့အကြား ယုံကြည်မှု ပျက်ပြားစေကြောင်း၊ အမှုကို ဖော်ထုတ်အရေးယူပေးရန်အတွက်လည်း NUG လက်အောက်ခံ စစ်ကိုင်းခရိုင် တပ်ရင်း ၁ က တပ်ရင်းမှူး ဗိုလ်ယက္ခက ဆိုထားသည်။
ဇာမဏီအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုပေါင်ပေါင်က “စွပ်စွဲချက်ကို လက်သင့်ခံသေးတယ်။ ကျူးလွန် ထားတယ်ဆိုရင် တော်လှန်ရေးပြီးတာနဲ့ တပြိုင်နက် NUG က ချမှတ်ထားတဲ့ အမိန့်ကို တာဝန်ခံပြီး တာဝန်ယူလိမ့်မယ်။ တော်လှန်ရေး မပြီးမချင်းတော့ တော်လှန်ခွင့် ဆက်ပေးဦးဆိုတာမျိုး တောင်းဆိုထားတာရှိတယ်” ဟု ပြောသည်။
ပလဖ အဖွဲ့သည် ယခုဖြစ်ရပ် မတိုင်ခင်ကလည်း ကိုဖိုးထောင်သေဆုံးမှုနှင့် ပတ်သက်ပြီး စစ်ကိုင်းခရိုင် တပ်ရင်း ၁ မှ ၇ ဦး၊ ဇာမဏီ အဖွဲ့မှ ၃ ဦးကို ဖမ်းဆီးခဲ့ပြီး လက်ပြန်ကြိုးတုပ် ရိုက်နှက်ခဲ့ဖူးကြောင်း ဇာမဏီအဖွဲ့ထံမှ သိရသည်။
စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအဖွဲ့များအကြား အားပြိုင်မှုများ၊ အပြန်အလှန် ဖမ်းဆီးမှု၊ ပစ်ခတ်မှု၊ သတ်ဖြတ်မှုများကို ခပ်စိတ်စိတ်မြင်တွေ့နေရပြီး NUG အစိုးရ၏ ဖြေရှင်းနိုင်မှုလည်း အားနည်းနေကြောင်း တော်လှန်ရေး အင်အားစုများက ဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း NUG ၏ ပုလဲမြို့နယ် ကြားကာလပြည်သူ့တရားစီရင်ရေးအဖွဲ့မှ တရား သူကြီးတဦးဖြစ်သည့် ဦးပုဏ္ဏကကို မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) တပ်ဖွဲ့ဝင်များက ဇွန်လ ၇ ရက် မနက် ၈ နာရီခန့်တွင် ဖမ်းဆီးသွားပြီး ယခုအချိန်အထိ ပြန်လည်လွှဲပြောင်းခြင်း မရှိသေးပေ။
၂၀၂၂ ခုနှစ် ဩဂုတ် ၃၁ ရက်နေ့ကလည်း ဝက်လက်မြို့နယ်အရှေ့ပိုင်းရှိ ဗိုလ်ကျားကြီးအဖွဲ့၏ ကင်းစခန်းတစ်ခုကို PDF ရွှေဘိုခရိုင် တပ်ရင်း ၂ ၏ လက်အောက်ခံ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်ရောက်ပစ်ခတ်ရာ အဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၁၂ ဦး ဖမ်းဆီးခံခဲ့ရဖူးသည်။
အလားတူပင် ဗိုလ်သံမဏိဟု လူသိများသူ ဆရာတော် ဦးသောပါက ဦးဆောင်သော ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေး (PDF) အဖွဲ့သည် တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်သည့် Hero Tiger မှ အဖွဲ့ဝင်များအပါအဝင် လူပေါင်း ၂၀ ကျော်ကို ၂၀၂၂ ခုနှစ်က သတ်ဖြတ်ခဲ့သဖြင့် ဒေသခံကာကွယ်ရေး အဖွဲ့ပေါင်း ၆၀ ကျော်က NUG ကို တိုင်ကြားထားသေးသည်။
အဆိုပါကိစ္စရပ်များနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် ပွင့်လင်းမြင်သာသည့် အရေးယူမှုများလည်း မပြုလုပ်ရသေးကြောင်း တော်လှန်ရေးအင်အားစုများက ဝေဖန်လျက်ရှိသည်။
You may also like these stories:
ဗိုလ်ကြီးဆိုင်ဂုံအမှု NUG တရားရုံးသို့ လွှဲရန် ကြန့်ကြာနေမှု CDM စစ်သားများ မေးခွန်းထုတ်
အင်းတော် ပ.က.ဖ အဖွဲ့က အမျိုးသမီးတဦးကို ရိုက်နှက်မှုဖြစ်ပွား
ကာကွယ်ရေးတပ်ဖွဲ့တွေအပေါ် NUG ဩဇာညောင်းရဲ့လား
မြောင်မြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၁၂ ဦး သေဆုံး