အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့သည် “ကိစ္စအများအပြား” တိုးတက်အောင် လုပ်နိုင်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကို တွေ့ဆုံစဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။
ကမ္ဘာ့အကြီးမားဆုံး စီးပွားရေး ၂ ခုအကြား ဆက်ဆံရေး အကြီးအကျယ် တင်းမာနေသောကြောင့် ဘလင်ကန်၏ ခရီးစဉ်သည် ၅ နှစ်နီးပါးကာလအတွင်း အဆင့်အမြင့်ဆုံး အမေရိကန်အရာရှိ၏ တရုတ် နိုင်ငံခရီးစဉ်ဖြစ်သည်။
တရုတ်တွင် ဆယ်စုနှစ်များစွာအတွင်း သြဇာအကြီးမားဆုံး ခေါင်းဆောင် ရှီသည် ဘေ့ဂျင်းမှ ပြည်သူ့ ခန်းမဆောင်တွင် ဘလင်ကန်ကို ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် တွေ့ဆုံကြောင်း တရုတ် နိုင်ငံပိုင်မီဒီယာနှင့် အမေရိကန် အရာရှိများ ပြောသည်။
“ကျနော်တို့ဘက်က သဘောထားကို ရှင်းရှင်းလင်းလင်းပြောကြားထားပြီး ဖြစ်ပြီး ၂ ဘက်လုံးက သမ္မတဘိုင်ဒင်နဲ့ ကျနော် ဘာလီမှာ ရရှိထားတဲ့ ဘုံနားလည်မှုတွေကို ဆက်လက်အကောင်အထည်ဖေါ်ဖို့ သဘောတူကြတယ်” ဟု ရှီက ဘလင်ကန်ကို ပြောသည်။
” ၂ ဘက်လုံးက တိုးတက်မှုတွေ လုပ်ပြီး အချို့ကိစ္စတွေမှာ သဘောတူညီမှု ရတယ်” ဟု သူဆက်လက်ပြောကြားသော်လည်း အသေးစိတ်ပြောကြားခြင်း မပြုပေ။
“ဝန်ကြီးဘလင်ကန်က သူ့ရဲ့ ခရီးစဉ်ကနေတဆင့် တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်အောင် အပြုသဘောဆောင်တဲ့ အကျိုးပြုမှုတွေ လုပ်နိုင်ခဲ့တယ်” ဟုလည်း သူဆက်လက်ပြောကြားသည်။
တနာရီကျော်ကြာ တွေ့ဆုံသည့် ထိုအစည်းအဝေးသည် ဘလင်ကန်က အခြားတရုတ်အဆင့်မြင့် အရာရှိများနှင့် ၂ ရက်အတွင်း ၁၀ နာရီကျော် ဆွေးနွေးပြီးမှ ကျင်းပသော အစည်းအဝးဖြစ်သည်။
ခမ်းခမ်းနားနား ပြင်ဆင်ထားသော Diaoyutai နိုင်ငံတော်ဧည့်ဂေဟာတွင် တနင်္လာနေ့အစောပိုင်းက ဘလင်ကန်နှင့် တရုတ် နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဝမ်ယိတို့သည် ၎င်းတို့အရာရှိများ မဆွေးနွေးမီ ပြုံးရွှင်စွာ နှုတ်ဆက်ကြသည်။ ၎င်းတို့၏ အရာရှိများသည် ၎င်းတို့နှင့်မတူဘဲ ကိုဗစ်နိုင်တင်း စည်းကမ်း ချက်များနှင့်အညီ နှာခေါင်းစည်းများ ဝတ်ဆင်ထားကြသည်။
ကင်မရာများနှင့်ဝေးသောနေရာသို့ ရောက်သောအခါ ဝမ်က ဘလင်ကန်ကို သူ၏ ခရီးစဉ်သည် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အရေးကြီးသော လမ်းဆုံလမ်းခွတခုသို့ ရောက်နေစဉ် ဖြစ်ပေါ်လာသည်ဟု ပြောကြောင်း နိုင်ငံပိုင်ရုပ်သံ CCTV က ဖေါ်ပြသည်။
“တွေ့ဆုံဆွေးနွေးမှုနဲ့ ထိပ်တိုက်တွေ့မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပဋိပက္ခကြားမှာ ရွေးချယ်မှု တခု လုပ်ဖို့လိုတယ်” ဟု သူပြောသည်။
“တရုတ်-အမေရိကန် ဆက်ဆံရေး ယိုယွင်းကျဆင်းတာကို ကျနော်တို့ ပြောင်းပြန်လှန်ပစ်ပြီး ကျန်းမာတည်ငြိမ်တဲ့ လမ်းကြောင်းပေါ် ပြန်ရောက်အောင် လုပ်ရမှာဖြစ်သလို တရုတ်နဲ့အမေရိကန်အတွက် အဆင်ပြေစေမယ့် မှန်ကန်တဲ့လမ်းကို အတူတကွ တည်ထောင်ရမယ်” ဟုလည်း ဝမ်ပြောသည်။
ဘေ့ဂျင်းက ပိုင်နက်အဖြစ် သတ်မှတ်ထားသည့် ကိုယ်ပိုင်ဒီကရေစီအုပ်ချုပ်ရေး ကျင့်သုံးနေသည့် ထိုင်ဝမ်ကိစ္စကိုလည်း သူက သတိပေးခဲ့သည်။
လွန်ခဲ့သော နှစ်အတွင်း အမေရိကန် ထိပ်တန်းလွှတ်တော်ကိုယ်စားလှယ်များနှင့် ထိုင်ဝမ်ခေါင်းဆောင်များ တွေ့ဆုံမှုကြောင့် ဒေါသထွက်ပြီး တရုတ်က ထိုင်ဝမ်ကျွန်းအနီးတွင် ကျည်ဆံအစစ်သုံးသော စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။
“အဲဒီကိစ္စနဲ့ပတ်သက်ရင် တရုတ်က အပေးအယူ အလျှော့ပေးတာ မလုပ်နိုင်ဘူး” ဟု ဝမ်က ဘလင်ကန်ကို ပြောသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မက်သရူး မေးလားက ဝမ်နှင့်တွေ့ဆုံဆွေးနွေးခြင်းသည် ပွင့်လင်းပြီး အကျိုးရှိကြောင်း ပြောသည်။
ဘလင်ကန်က အမေရိကန် ပြည်ထောင်စုနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံအကြား ယှဉ်ပြိုင်မှုသည် ပဋိပက္ခ အဖြစ် လမ်းချော်မသွားစေရန် ဆက်သွယ်ရေး လမ်းကြောင်းများ ဖွင့်ထားခြင်းဖြင့် အမေရိကန် ပြည်ထောင်စုနှင့်တရုတ်ကြား ပြိုင်ဆိုင်မှုကို တာဝန်ရှိရှိ စီမံရန် အရေးကြီးကြောင်း ပြောသည်။
ရန်ဖြစ်နေတဲ့ ချစ်သူများ
လာမည့် နှစ်များတွင် တရုတ်က ထိုင်ဝမ်ကို သိမ်းပိုက်ရန် ကြိုးစားမည်ကို အမေရိကန်အရာရှိများ စိုးရိမ်ကြောင်း ပြောကြားပြီး ထိုင်ဝမ်သို့ ဝါရှင်တန်က လက်နက်ရောင်းချခြင်းသည် မူလအခြေအနေကို ထိန်းသိမ်းထားရန်သာ ရည်ရွယ်ကြောင်း ပြောသည်။
မကြာသေးမီ နှစ်များအတွင်း တရုတ်နှင့် အမေရိကန် ပြည်ထောင်စုအကြား တင်းမာမှုများသည် ကုန်သွယ်ရေး၊ နည်းပညာနှင့် ထိုင်ဝမ် အပါအဝင် ပြဿနာအများပြားကြောင့် မြင့်မားနေပြီး သမ္မတ ဂျိုးဘိုင်ဒင်နှင့် ယခင်သမ္မတ ဒေါ်နယ်ထရမ့် ၂ ဦးလုံးက ဘေ့ဂျင်းသည် အမေရိကန် ပြည်ထောင်စု၏ ကမ္ဘာ့အင်အား အကြီးဆုံးနိုင်ငံ အနေအထားကို အပြင်းထန်ဆုံး ခြိမ်းခြောက်နေကြောင်း ပြောသည်။
အမေရိကန်အရာရှိများက ဘလင်ကန်၏ ခရီးစဉ်သည် ဝါရှင်တန်နှင့် ဘေ့ဂျင်းအကြား စံချိန်အောင်မြင်မှုများ မရလျှင်ပင် ပိုမိုတည်ငြိမ်စေမည်ဟု မျှော်လင့်ကြသည်။
ဘလင်ကန်၏ခရီးစဉ်သည် ဆက်ဆံရေးတိုးတက်စေပြီး အမေရိကန် ပြည်ထောင်စုသို့ သွားရောက် လည်ပတ်ရန် မျှော်လင့်ကြောင်း ဘေ့ဂျင်းမှ လမ်းများတွင်လျှောက်နေသည့် အသက် ၂၆ နှစ်အရွယ် အမျိုးသမီး ဆွန်းရီက ပြောသည်။
“ဒီနှစ်နိုင်ငံက စကားများ ရန်ဖြစ်နေတဲ့ ချစ်သူတွေလို့ ကျမထင်တယ်။ ၂ ဘက်လုံးမှာ ကိုယ်ရည်ကိုယ်သွေးနဲ့ အကျိုးစီးပွားတွေ ရှိနေပြီး အပေးအယူလုပ်ဖို့ စိတ်အားထက်သန်ခြင်း မရှိကြဘူး” ဟု သူပြောသည်။
ထိပ်သီးဆွေးနွေးပွဲသစ်အတွက် မျှော်လင့်ချက်များ
ရှီသည် ဘိုင်ဒင်နှင့် နိုဝင်ဘာလက ဘာလီတွင်ကျင်းပသည့် စက်မှုထိပ်သီး နိုင်ငံ ၂၀ ထိပ်သီးအစည်းအဝေးတွင် သီးခြားတွေ့ဆုံပြီးနောက် ဆက်ဆံရေးနွေးထွေးလာမည့် မျှော်လင့်ချက်များ ပေါ်ပေါက်ခဲ့သည်။
ကောင်းကင်တွင် တရုတ် သူလျှို မိုးပျံပူဖေါင်းများကို အမေရိကန်ပြည်ထောင်စုက ထောက်လှမ်း တွေ့ရှိ ပစ်ချလိုက်ပြီးနောက် ဘာလီတွင် သဘောတူထားသည့် သူ၏ တရုတ်ခရီးကို ဘလင်ကန် ရုတ်တရက် ပယ်ဖျက်ခဲ့သည်။
ဘိုင်ဒင်က စနေနေ့တွင် ပြောကြားရာတွင် ထိုမိုးပျံပူပေါင်းများကို တရုတ်ခေါင်းဆောင်း သိသည်ဟု သူ မယူဆကြောင်းပြောသဖြင့် အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေး ပြန်လည်ထိန်းသိမ်းရန် စိတ်အားထက်သန်မှု နည်းသော စစ်တပ်နှင့် တရုတ်ခေါင်းဆောင်များအကြား အဆက်ပြတ်နေသကဲ့သို့ သည်ကို ရည်ညွန်းနေသည်။
ဘိုင်ဒင်သည် တရုတ်နှင့်ပတ်သက်သည့် ထရမ့်၏ တင်းမာသော သဘောထားကိုသာ ဆက်လက်ကျင့်သုံးပြီး အဆင့်မြင့် semiconductor များ တရုတ်သို့ တင်ပို့မှု ပိတ်ပင်ခြင်း အပါအဝင် အချို့နယ်ပယ်များတွင် ပိုမိုတင်းမာသည်။
သို့သော် ဘိုင်ဒင်က ရာသီဥတုပြောင်းလဲမှု ကဲ့သို့သော နယ်ပယ်များတွင် အကန့်အသတ်ဖြင့် ပူးပေါင်း ဆောင်ရွက်ကာ ရှီနှင့် လူကိုယ်တိုင်တွေ့ဆုံရန် မျှော်လင့်ကြောင်း ပြောသည်။
နောက်တကြိမ်တွေ့ဆုံနိုင်သည့် အခွင့်အလမ်းမှာ စက်တင်ဘာလတွင် ဖြစ်ပြီး ဘိုင်ဒင်နှင့် ရှီတို့သည် နယူးဒေလီတွင် ကျင်းပသည့် စက်မှုထိပ်သီး နိုင်ငံ ၂၀ ထိပ်သီးဆွေးနွေးပွဲတက်ရောက်မည်ဟု မျှော်လင့်ရသည်။
အမေရိကန် ပြည်ထောင်စုက အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နှစ်ပတ်လည် ဖိုရမ်ကို ဦးဆောင်သည့်အခါ နိုဝင်ဘာလတွင် ရှီကို ဆန်ဖရန်စစ္စကိုသို့ ဖိတ်ကြားထားသည်။
ကိုးကား။ ။ Yahoo News မှ Xi says China, US ‘made progress’ in Blinken visit
You may also like these stories:
ကစ်ဆင်ဂျာ ရာပြည့်နှင့် မြန်မာ့နိုင်ငံရေး သမင်လည်ပြန်
လျှို့ဝှက်စာရွက်စာတမ်းများ တရားမဝင် ယူဆောင်မှု ထရမ့် ကာကွယ်ရန် ခက်ခဲနိုင်
ယူကရိန်းကဲ့သို့ မြန်မာလည်း နိုင်ငံတကာအကူအညီများနှင့် ထိုက်တန်
မြန်မာစစ်ကောင်စီကို လူရာသွင်းသော ထိုင်းနိုင်ငံခြားရေးဝန်ကြီး အပြင်းအထန် ဝေဖန်ခံရ
ထိုင်းနိုင်ငံရေးတွင် သမိုင်းဒီရေမြင့်နေသည်
မင်းအောင်လှိုင် ဘာကြောင့် ဘေဂျင်းသို့ မသွားသေးသနည်း