စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်တွင် စစ်ကောင်စီတပ်က ကျေးရွာများအား စစ်ကြောင်းထိုး မီးရှို့နေသည့် အတွက် ထွက်ပြေးနေရသောဒေသခံများမှာ မြွေကိုက်ခံရမှုဖြစ်စဉ်များနှင့်လည်း ကြုံတွေ့နေရကြောင်း သိရသည်။
ကန့်ဘလူခရိုင်အတွင်းရှိ ချပ်သင်း၊ ကိုးတောင်ဘို့၊ ထန်းကုန်းတိုက်နယ်များတွင် ရာသီဥတုပူပြင်းမှုကြောင့် မြွေဆိုး ကိုက်ခံရမှုများဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီစစ်ကြောင်းများ ဝင်ခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာ မှစ၍ ၂၀၂၃ မေလကုန် အထိ အကိုက်ခံရသူ ၇၃ ဦးရှိပြီး ၅၄ ဦးမှာ အမျိုးသားများဖြစ်ကာ၊ ကျန် ၁၉ ဦးမှာ အမျိုးသမီး များဖြစ်ပြီး၊ သေဆုံးသူဦးရေမှာ ၆ ဦးထိရှိကြောင်း၊ ယခုနှစ် ဇွန်လ ၁ ရက်မှ ၁၈ ရက်ထိ မြွေကိုက်ခံရသူ ၇ ဦးထိရှိလာ ကြောင်း သိရသည်။
ထန်းကုန်းတိုက်နယ်မှ စစ်ဘေးရှောင်ကူညီနေသူတဦးက “ကျနော်တို့ဒေသက မြွေပွေးပေါတယ်၊ လက်ရှိမှာက စစ် ရှောင်တွေက တောထဲတောင်ထဲနေကြရတာရယ်၊ မြွေတွေရှိတဲ့နေရာ လူတွေက သွားပြီးနေကြရတာတွေကြောင့်၊ အခုကာလက မြွေဆိုးပိုများတယ်။ ပြီးတော့ ညရေးညတာနဲ့ ပြေးလွှားရတဲ့ အချိန်မျိုးမှာ အောက်ကို ဂရုမစိုက်နိုင်ကြ တော့တာကြောင့် မြွေကိုက်ခံရတာမျိုးတွေက များတာ။ မေလထဲမှာတော့ အများဆုံးပဲ” ဟု ပြောသည်။
ထို့ပြင် အလယ်ခုံကျေးရွာသည် မြွေဆိုးကိုက်ခံရမှု အများဆုံးဖြစ်ပြီး ၇ ကြိမ်ထိ ဖြစ်ပွားထားခြင်းဖြစ်ကာ မြွေဆိုးကိုက် ခံရသူ စာရင်းမှာ မြေပြင်၌ ကုသမှုများပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ စုဆောင်းထားသော အချက်အလက်များ သာဖြစ်ပြီး ယခုထက် ပိုများနိုင်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။
ကျွန်းလှမြို့နယ်မှ စစ်ဘေးရှောင်ကူညီနေသူတဦးက “အခုက မိုးလေး တဖြိုက်နှစ်ဖြိုက်ကျတဲ့ ရာသီဆိုတော့ တနွေလုံး မြေကြီးထဲမှာ အပူတွေက အောင်းထားတာမို့ တွင်းအောင်းကောင်တွေ မနေနိုင်တော့ဘဲ အပြင်ထွက်လာတဲ့အချိန် ဖြစ်တယ်၊ ပြောရမယ်ဆိုရင် မြွေတွေမြူးတဲ့အချိန် လူတွေက သူတို့ရှိတဲ့နေရာ ရောက်သွားကြတာဆိုတော့ ကိုက်ခံရ တာမျိုး ဖြစ်တာပေါ့” ဟု ပြောသည်။
မြွေဆိုးကိုက်ခံရသူများအနက် အချိန်မီ ကုသမှုပေးနိုင်ခဲ့သည့်အတွက် အများစုအား အသက်ကယ်တင်ခဲ့နိုင်သော် လည်း ဆေးဝါးကုသခွင့်မရခဲ့သဖြင့် ကိုင်းရိုးကျေးရွာမှ ၆၁ နှစ်အရွယ် ဦးဝင်းညွန့်နှင့် မလည်တိုက်နယ်မှ ၅၃ နှစ် အရွယ် ဦးကျော်ညွန့်တို့ သေဆုံးခဲ့သလို လျှော်ဖြူကုန်းကျေးရွာမှ ၉ နှစ်အရွယ် မလှလှမျိုး၊ ဝက်သအင်းကျေးရွာမှ ၈ နှစ်အရွယ် မောင်မိုးဟိန်း၊ ၅၄ နှစ်အရွယ်ဦးဌေးမြင့်၊ အလယ်ခုံကျေးရွာမှ ၂၇ နှစ်အရွယ် ကိုရဲလင်းတို့မှာ မြွေကိုက်ခံရ သဖြင့် ဆေးဝါးကုသမှုများ ပေးနေစဉ် သေဆုံးခဲ့ရကြောင်း သိရသည်။
“ကျမတို့လည်း ကိုယ်ရွာထဲမှာပဲ အေးအေးဆေးဆေးနေချင်တာပေါ့၊ တိုက်ပွဲတွေကဖြစ် စစ်ကြောင်းတွေက ထိုးနေတာ ဆိုတော့ ရွာတွေထဲမှာ နေလို့မှမရတော့ဘဲ၊ အိမ်တွေလည်း မီးရှို့ခံထားရတော့ နေစရာမရှိလို့ တောတိုက်ရှိတဲ့သူက တောတိုက်မှာနေ၊ မရှိတဲ့သူတွေက လယ်ကွင်းယာကွင်းတွေနဲ့ သစ်ပင်တွေအောက်မှာ နေကြရတာလေ၊ အချို့က လည်း သစ်ပင်ရိပ်တွေမှာ လှည်းတွေထိုးပြီး နေကြရတာပေါ့။ လှည်းနဲ့နေကြတာက စစ်ကြောင်းထိုးလာရင် အလွယ် တကူထပ်ပြီး ရွှေ့ပြောင်းနိုင်အောင်လို့ နေကြတာမျိုးပေါ့၊ အဲဒီလိုတွေကြောင့် အခုလို မြွေဆိုးကိုက်ခံရတာ” ဟု ထန်း ကုန်းတိုက်နယ်မှ စစ်ဘေးရှောင်တဦးက ပြောသည်။
ကန့်ဘလူခရိုင်တွင် ယခင်က မြွေဆိုးကိုက်ခံရမှုများ ရှိခဲ့သော်လည်း အလွန်နည်းပါးခဲ့ပြီး အသက်သေဆုံးမှုမျိုးထိ မရှိ ခဲ့ဘဲ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ဘေးရှောင်များ မြင့်လာချိန် ပို၍ အဖြစ်များလာခြင်းဖြစ်ကာ ဆေးကုသ ရာဌာန နေရာအတည်တကျ မရှိသော်လည်း CDM ဆရာဝန်၊ ဆရာမများက နယ်မြေအလိုက် ဆေးကုသမှုများ ပြုလုပ် ပေးနေလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်မှ စစ်ဘေးရှောင်ကူညီနေသူတဦးက “ဆေးကုပေးတာက ရွာတိုင်းမှာ မရှိတော့ ရှိတဲ့နေရာကို သွားရ တာပေါ့၊ အကယ်၍ မနိုင်တဲ့အခြေအနေဖြစ်လာခဲ့ရင် ခဲရာခဲဆစ်နဲ့ ရွှေဘိုတို့ မန္တလေးတို့ထိ သွားကြရတာပဲ။ တော်တော်ကို ခက်ခက်ခဲခဲ သွားကြရတာပါ။ မြို့ပေါ်က စစ်တပ်ဂိတ်တွေက အရမ်းကြီး စစ်တာဆေးတာမျိုး မရှိပေမယ့် ပျူစောထီးဂိတ်တွေက အတော်ကို ဆိုးတဲ့အခြေအနေမှာ ရှိတယ်။ အဲဒါကြောင့် ပျူဂိတ်တွေကို ရှောင်ကွင်းပြီး လမ်းမ ပေါ်ထိ ရောက်အောင်သွားကြရတာပေါ့” ဟု ပြောသည်။
မြေပြင်ဆေးကုသမှုပေးသူများအနေဖြင့် မြွေဆိပ်ဖြေဆေးအတွက် ပြည်တွင်းထုတ် BPI မြွေဆိပ်ဖြေဆေးနှင့် အိန္ဒိယ နိုင်ငံထုတ် မြွေဆိပ်ဖြေဆေးများကို သုံးစွဲကာ ကုသပေးလေ့ရှိပြီး မြွေကိုက်ခံရသူတဦးလျှင် BPI မြွေဆိပ်ဖြေဆေးဆို လျှင် အနည်းဆုံး ၄ လုံး၊ အိန္ဒိယနိုင်ငံထုတ် မြွေဆိပ်ဖြေဆေးဆိုလျှင် အနည်းဆုံး ၁၀ လုံးထိ ထိုးရကြောင်း၊ မြွေဆိပ် ဖြေဆေး တန်ဖိုးများအနေဖြင့် BPI မြွေဆိပ်ဖြေဆေးမှာ တလုံးလျှင် ကျပ်တသိန်းမှ တသိန်းခွဲ၊ အိန္ဒိယနိုင်ငံထုတ် မြွေ ဆိပ်ဖြေဆေးမှာ ကျပ် ၃ သောင်းခွဲမှ ၅ သောင်းထိ ရှိကြောင်း သိရသည်။
မြေပြင်တွင် ဆေးကုသမှုများ လုပ်ဆောင်ပေးနေသည့် CDM သူနာပြုတဦးက “မြွေဆိပ်ဖြေဆေးက ကိုက်ခံရတဲ့ အပေါ်မှာ မူတည်ပြီးတော့ ထိုးကြရတာ၊ BPI ဆိုရင် အနည်းဆုံး ၄ လုံးထိ ထိုးကြရ တာ။ သတ်မှတ်ချက်ကတော့ အစိုးရဆေးရုံတွေက ၈ လုံးထိ ထိုးကြတယ်။ အရပ်ကုအနေနဲ့က အချို့ဆိုရင် ၂၀ လောက်ထိ ထိုးကြရတာမျိုးတွေ ရှိတယ်၊ မြွေဆိပ်ဖြေဆေးထဲမှာတော့ BPI က အကောင်းဆုံးပဲ” ဟု ပြောသည်။
မြွေကိုက်ခံရသူများအား ကုသပေးနေသည့် မြွေဆိပ်ဖြေဆေးများကို ရပ်ရွာမှ စုဆောင်းဝယ်ယူခြင်း၊ အလှူရှင်များက လှူဒါန်းခြင်း၊ စစ်ဘေးရှောင်ကူညီသူများ၏ ဝယ်ယူလှူဒါန်းပေးခြင်းများဖြင့် အခမဲ့ ကုသပေးနေခြင်းဖြစ်သော်လည်း လူနာရှင်များ၏ သိတတ်မှုဖြင့် တတ်နိုင်သမျှ ပါဝင်လှူဒါန်းမှုများကိုသာ လက်ခံပေးကြောင်း မြေပြင်တွင် ဆေးကုသမှု များ လုပ်ဆောင်ပေးနေသူများက ဆိုသည်။
“အဓိက အခမဲ့ကုသပေးသလိုမျိုး ကုပေးတာပါပဲ၊ အခုကာလမှာတော့ မြွေဆိပ်ဖြေဆေးကို ဦးစားပေးစုဆောင်း နေရ တယ်၊ အရင်ကတော့ ရွာတိုင်းနီးပါး မြွေဆိပ်ဖြေဆေးတွေ စုဆောင်းထားတာလေးတွေ ရှိတယ်၊ အခုတော့ ရွာတော် တော်များများ မီးရှို့ဖျက်ဆီးခံရပြီး ထွက်ပြေးတိမ်းရှောင်နေကြရတော့ ဆောင်ထားနိုင်တာမျိုး မရှိတော့ဘူး၊ အဲဒါကြောင့် ဆေးကုသမှုအတွက် ငွေကြေးသတ်မှတ်ချက်နဲ့ တောင်းခံတာမျိုး မရှိပေမယ့် မြွေဆိပ်ဖြေဆေးကို ပြန်ဝယ်ပြီး ဆောင် ထားရမှာမို့ စေတနာကြေးနဲ့ ထည့်ဝင်ပေးတာမျိုးကိုတော့ လက်ခံပါတယ်” ဟု မြေပြင်တွင် ဆေးကုသမှုများ လုပ် ဆောင်ပေးနေသည့် CDM သူနာပြုတဦးက ပြောသည်။
ထိုသို့ ကုသမှုများ လုပ်ပေးနေသော်လည်း စစ်တပ်နှင့် ပျူစောထီးများက ဂိတ်များဖွင့်၍ အဝင်အထွက် ပိတ်ဆို့ စစ်ဆေးခြင်း၊ စစ်ကြောင်းပိတ် လမ်းကြောင်းပိတ်ခြင်းများကြောင့် သွားလာရ ခက်ခဲလာခြင်း၊ ရန်ပုံငွေရှားပါးခြင်းများ ကြောင့် မြွေဆိပ်ဖြေဆေးအပါအဝင် ဆေးဝါးလိုအပ်ချက်များလည်း မြင့်တက်နေလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်မှ စစ်ဘေးရှောင်ကူညီနေသူတဦးက “မြွေဆိပ်ဖြေဆေးက လုံလုံလောက်လောက် ရှိတဲ့အနေအထား မျိုးတော့ မဟုတ်ဘူး၊ ဒီဘက်မှာက ဆေးတွေ ဝယ်ဖို့ အရမ်းအန္တရာယ် များတယ်၊ ဆေးဆိုရင် ဘာဆေးမှ အလွယ် တကူ ဝယ်လို့ မရဘူး၊ စစ်တပ်ဂိတ်နဲ့ ပျူဂိတ်တွေက ဆေးတွေ ပါလာတာ တွေ့တာနဲ့ ပစ္စည်းသိမ်း လူဖမ်းဆိုတော့ ခိုးဝှက်ပြီး ဝယ်နေကြရတာမျိုး၊ အဲဒီတော့ ဝယ်လို့ရပြီ ဆိုရင်လည်း ကာလတန်ဖိုးထက် ပိုပေးဝယ်ကြရတာ” ဟု ပြော သည်။
ကန့်ဘလူခရိုင်တွင် စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုကြောင့် စစ်ဘေးရှောင်ရသူ ၇ သောင်းကျော်ထိ ရှိလာပြီဖြစ်သလို အမြဲ စစ်ဘေးရှောင် ၁ သောင်းကျော်ထိ ရှိကြောင်း၊ အမြဲ စစ်ဘေးရှောင်များမှာ တောတောင်များတွင် ယာယီတဲထိုး၍ နေထိုင်ကြသလို သစ်ပင်ရိပ်အောက်၌ လှည်းများထိုး၍ နေထိုင်ခြင်းများလည်း ရှိကြောင်း၊ စစ်ကြောင်း ဝင်လာသည်နှင့် အသက်ဘေးမှ လွတ်အောင်ပြေးကြရသဖြင့် မြွေအန္တရာယ်ကို ဂရုမစိုက်နိုင်ကြောင်း ဒေသခံများက ပြောသည်။
“စစ်ရှောင်လူထုရဲ့ တကယ့်လက်တွေ့ဘဝက ကိုယ့်အိမ်ကိုယ့်ယာကို စွန့်ပစ်ပြီး အဝတ် ၂ စုံ ၃ စုံလောက်နဲ့ တောထဲ ယာယီတဲထိုးပြီး နေကြရတာ၊ အဲဒီလိုနေကြရတဲ့အခြေအနေမှာ စစ်ကြောင်းထပ်ထိုးလာပြီဆိုတာနဲ့ ယာယီတဲတွေကို စွန့်ပြီး ထပ်ပြေးကြရတဲ့ဘ၀တွေဆိုတော့ မြွေအန္တရာယ်ကို ဂရုမစိုက်နိုင်ကြတော့ဘူး၊ မိအိုဖအိုတွေတွေနဲ့ ကလေးငယ် တွေပါတဲ့ မိသားစုတွေဆိုရင် ပိုပြီး ဒုက္ခရောက်ကြရတယ်၊ အဲဒီလိုမျိုးတွေရှိနေတာကြောင့် ကျနော်တို့အနေနဲ့ စစ်ရှောင် ပြည်သူတွေရဲ့ တကယ့်လိုအပ်ချက်တွေကို အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးနိုင်အောင် ကြိုးစားပေးနေပါတယ်” ဟု ကန့်ဘလူမြို့နယ် စစ်ဘေးရှောင်ကူညီနေသူတဦးက ပြောသည်။
ယခုအခါ ကန့်ဘလူခရိုင်အတွင်းသို့ အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ ဖောင်းပြင်မြို့ အခြေစိုက် ခမရ ၃၆၈၊ ကလေးမြို့ အခြေစိုက် ခမရ ၃၆၁၊ ကန့်ဘလူအခြေစိုက် ၆၀၀၆ အမြောက်တပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ် လက်အောက်ခံ မချမ်းဘောအခြေစိုက် ခလရ ၁၃၇၊ အမှတ် ၈၈ ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ တပ်ရင်း များနှင့် နယ်မြေခံပျူစောထီးများ ပူးပေါင်း၍ စစ်ကြောင်းထိုးလျက်ရှိကြောင်း ဒေသတွင်း တော်လှန်ရေး အင်အားစုများ ထံက သိရသည်။
ထို့ပြင် စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုးမှုနှင့်အတူ လေကြောင်းတိုက်ခိုက်မှုများပါ ဆက်တိုက်ပြုလုပ်နေခြင်း ကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်ရသူ မြင့်တက်လာသလို စစ်ရှောင်များအတွက် အဓိကကျသည့် လုံခြုံရေး၊ စားနပ်ရိက္ခာ၊ အမိုးအကာနှင့် အခြေခံသုံးဆေးဝါး လိုအပ်ချက်များနှင့်အတူ မြွေဆိုးကိုက်ခံရမှု အန္တရာယ်များဖြင့်ပါ ရင်ဆိုင်နေကြရသဖြင့် မြွေဆိပ်ဖြေဆေးကဲ့သို့သော အရေးပေါ်ကုသရာ၌ သုံးစွဲရသည့် ဆေးဝါးများလည်း လိုအပ်နေ ကြောင်း သိရသည်။
“မြွေဆိပ်ဖြေဆေးရမယ်ဆိုရင်တော့ တောသူတောင်သားတွေနဲ့ စစ်ဘေးရှောင်တွေအတွက် လုံခြုံစိတ်ချရတာပေါ့၊ အခု အချိန်က မြွှေအရေလဲတဲ့ကာလဆိုတော့ အရမ်းပေါနေဆဲမို့ မြွှေဆိပ်ဖြေဆေးတွေ ပိုလိုအပ်ပါတယ်၊ နောက် မြွေ ပေါက်တဲ့လအထိ မြွေအန္တရာယ်က ရှိနေဦးမှာဆိုတော့ မြွေဆိပ်ဖြေဆေးကို များများဆောင်နိုင်လေ ကောင်းလေပေါ့” ဟု မြေပြင်တွင် ဆေးကုသမှုများ လုပ်ဆောင်ပေးနေသည့် CDM သူနာပြုတဦးက ပြောသည်။
စစ်ကောင်စီက နိုင်ငံတဝှမ်းလုံးသို့ စစ်ကြောင်းထိုး၍ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိရာ အာဏာသိမ်း သည့် ၂၀၂၁ ခုနှစ်မှ စ၍၂၀၂၃ ခုနှစ် မေလ ၃၁ ရက်ထိ အရပ်သားနေအိမ် ၇ သောင်းကျော်ထိ မီးရှို့ဖျက်ဆီးခံထား ရပြီး မီးရှို့ခံရမှုအများဆုံး မြို့နယ် ၁၀ ခုတွင် ကန့်ဘလူမြို့နယ်လည်း ပါဝင်နေကြောင်း Data for Myanmar ၏ သတင်း ထုတ်ပြန်ချက်များအရ သိရသည်။
You may also like these stories:
မုံရွာနှင့်ဝက်လက်နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုး၍ သတ်ဖြတ် မီးရှို့
ရေစကြို၌ စစ်ရှောင်များ အသတ်ခံရ
မြေမြှုပ်မိုင်း သို့မဟုတ် စစ်ပွဲပဋိပက္ခကြားက အန္တရာယ်ထောင်ချောက်