ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လုပ်ငန်းအော်ပရေတာကုမ္ပဏီဖြစ်သော Yangon Aerodrome ကုမ္ပဏီ၏ Operation ဒါရိုက်တာ ဦးရဲခိုင်ကို ယမန်နေ့ (ဇွန် ၁၉)ညပိုင်းက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ တခုဖြစ်သော Urban Owls အဖွဲ့က ထုတ်ပြန်လာသည်။
ဦးရဲခိုင်သည် စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်လေဆိပ်တွင် စစ်တပ်နှင့်ပေါင်း၍ တော်လှန်ရေးနှင့် CDM လှုပ်ရှားမှုတွင် ပါဝင်သူများကို ပိတ်ဆို့စစ်ဆေး ဖမ်းဆီးခြင်း၊ ပြည်ပသို့ ပညာသင်ရန် (သို့မဟုတ်) အလုပ်လုပ်ရန် ထွက်ခွာမည့်သူများကို ငွေညှစ် အနိုင်ကျင့်ခြင်း၊ ပြည်သူ့ဘက်မှ ရပ်တည်သော အနုပညာရှင်များကို ဖမ်းဆီးခြင်း၊ ထင်ရှားကျော်ကြားသူများကို ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်း၊ သာမန် ခရီးသွားပြည်သူများကို ငွေညှစ် ဓားပြ တိုက် ခြိမ်းခြောက်ခြင်း၊ စစ်ဆေးစရာရှိ သည် ဟုဆိုကာ ခေါ်ဆောင်သွားပြီး စစ်ကြောရေးပို့ဆောင်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်ရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင် သူဖြစ်သည်ဟု Urban Owls အဖွဲ့က ဆိုထားသည်။
၎င်းသည် စစ်တက္ကသိုလ်အပတ်စဉ် ၄၂ ကျောင်းဆင်း လေတပ် အရာရှိတဦးဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ Operation ဒါရိုက်တာအဖြစ် တာဝန် မယူစဉ်က ရန်ကုန်လေဆိပ်လုံခြုံရေးအရာရှိချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ သူဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ လော်ဘီချန်နယ်များတွင် ဦးရဲခိုင်သည် ယမန်နေ့ ည ၇ နာရီဝန်းကျင်က ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ် ဇေကမာ္ဘဝန်းရှိ နေအိမ်သို့ ကားမောင်းပြန် လာစဉ် နေအိမ်ဝန်းကျင်အနီး ဆိုင်ကယ်ဖြင့် စောင့်ဆိုင်းနေသူ ၂ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ထို့နောက် ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ထိုသေနတ်ဒဏ်ရာများပင်ဖြင့် သေဆုံးသွားခြင်းခဲ့ကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် မတ်လအတွင်း၌လည်း Urban Owls အဖွဲ့သည် မြန်မာစစ်တပ်၏ လက်နက်ပွဲစားတဦးဖြစ်သော ဒေါက်တာ ထွန်းမင်းလတ်အတွက် အကျိုးဆောင်ရှေ့နေအဖြစ် ဆောင်ရွက်ပေးသော ဦးမင်းတေဇညွှန့်တင်ကိုလည်း ပစ်ခတ် သတ်ဖြတ်ခဲ့သေးသည်။
စစ်ကောင်စီဘက်က တင်းကျပ်ထားမှုများရှိနေသော်လည်း မြို့ပြပြောက်ကျားရဲဘော်များ၏ ကျွမ်းကျင်မှုနှင့် ပြည်သူများ၏ ဝန်းရံကူညီမှုတို့ကြောင့် မစ်ရှင်များ တခုပြီးတခု လှုပ်ရှားလာနိုင်ခြင်းဖြစ်ကြောင်း လုံခြုံရေးအရ နာမည်မဖော်လိုသည့် မြို့ပြပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတဦးက ဆိုသည်။
၎င်းက “အခုမှ ပြန်ပေါ်လာတယ်ဆိုတာထက် နဂိုကတည်းက UG တွေက ရှိနေပါတယ် UG ဆိုတဲ့အတိုင်း မြေအောက် လှုပ်ရှားရတာဖြစ်လို့ ထင်ထင်ပေါ်ပေါ်လှုပ်ရှားခြင်းမရှိဘဲ တပွဲတပွဲအတွက် အချိန်ယူပြင်ဆင်ရပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် မေလကုန်ပိုင်းနှင့် ယခုဇွန်လပိုင်းအတွင်းတွင် အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး အမျိုးသားရေး တက်ကြွ လှုပ်ရှားသူများဖြစ်သည့် အမျိုးသားရေးအစည်းအရုံး (MNO) တည်ထောင်သူ ဥက္ကဋ္ဌ ဦးတင့်လွင်၊ အဆိုတော် လီလီနိုင် ကျော် တို့လည်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသလို လုံခြုံရေး တင်းကျပ်ထားသည့် ရန်ကုန်မြို့လယ်ရှိ ပြည်တွင်းအခွန်ရုံးတို့ကို မြို့ပြပြောက်ကျားအဖွဲ့များက တိုက်ခိုက်ကြသည်။
ထိုသို့ လုပ်ကြံသတ်ဖြတ်မှုများ နှင့် ဗုံးခွဲတိုက်ခိုက်မှုများ ပြန်ဖြစ်လာသလို တဖက်တွင်လည်း မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ပြန်လည်ဖမ်းဆီးခံရမှုများလည်းရှိနေပြန်သည်။ CCTV များမှ တဆင့်ခြေရာခံပြီး အဆိုတော်လီလီနိုင်ကျော်ကို သတ်ဖြတ် သူများ နှင့် ပြည်တွင်းအခွန်ရုံး ဗုံးခွဲတိုက်ခိုက်ခဲ့သည့် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တချို့လည်း ရက်ပိုင်းအတွင်းမှာပင် ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
မြို့ပြပျောက်ကြားအဖွဲ့မှ တာဝန်ရှိသူတဦးက ” CCTV ကြောင့် ဖမ်းဆီးခံရတာတွေ အများကြီးပါ။ အရင်ကလည်း ပြည်သူ တွေကို CCTV တွေ ဖြုတ်ပေးဖို့၊ ပိတ်ပေးဖို့တွေ တောင်းဆိုခဲ့တာတွေလည်း လုပ်ဖူးပါတယ်။ တဖက်ကလည်း စကစက မငြိမ်မသက်အောင် ရည်ရွယ်ချက်ရှိရှိ ထောင်ခါထားတဲ့အတွက် သူခိုးဓားပြရာဇဝတ်မှုတွေကြောင့် ပြည်သူတွေကလည်း လုံခြုံရေးအရဆိုပြီး ဆက်တပ်ထားနေရတယ်” ဟု ပြောဆိုသည်။
စစ်အာဏာသိမ်းကာလ ၂ နှစ်ကျော်လာပြီးနောက်ပိုင်းတွင် တနိုင်ငံလုံးအနှံ ပဋိပက္ခများလည်း ကျယ်ပြန့်လာလျက်ရှိသလို မြို့ပြများပေါ်တွင်လည်း ဗုံးခွဲတိုက်ခိုက်မှုများ နှင့် ပစ်ခတ်မှုများ ဖြစ်ပေါ်လာခြင်းကြောင့် မြို့နေ လူထုများအတွက် နေ့စဉ်နေထိုင်မှုဘဝများတွင် စိုးရိမ်မှုများလည်း ရှိနေသည်။
ရန်ကုန်မြို့ မြောက်ဥက္ကလာမြို့နယ်နေ မမေဇင်(အမည်လွှဲ)က ” စိုးရိမ်မှုကတော့ အများကြီးပဲ။ ဘတ်စ်ကားပေါ်မှာလည်း လုံခြုံမှုမရှိဘူး၊ လမ်းပေါ်မှာလည်း လုံခြုံမှုမရှိဘူး၊ ရှင်းရှင်းပြောရရင် အိမ်ထဲမှာ နေရင်လည်း လုံခြုံမှုကမရှိပါဘူး။ ဟိုနေရာ အနုကြမ်းဝင်းစီးခံရလိုက်၊ ဒီနေရာ ပေါက်ကွဲလိုက်ဆိုတော့လေ ” ဟု ပြောဆိုသည်။
သို့သော်လည်း ဘဝရှင်သန်ရပ်တည်ရေးအတွက် စိုးရိမ်စိတ်များကြားမှပင် နေ့စဉ်ဆိုသလို လုပ်ငန်းခွင်သို့ သွားလာနေ ရသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့များ၏ လက်လွတ်စပယ် စစ်ဆေးမေးမြန်းမှုများကို မကြုံတွေ့စေရန် ဆုတောင်းနေထိုင် ရလျက်ရှိကြောင်း ၎င်းက ဆိုသည်။
ဦးရဲခိုင် ပစ်ခတ်သတ်ဖြတ်ခံရမှုကို လက်တုံ့ပြန်သည့်အနေဖြင့် စစ်အာဏာရှင် တော်လှန်နေကြသူများဖြစ်သည့် သရုပ်ဆောင် မင်းမော်ကွန်း၊ ဒါရိုက်တာ ကိုပေါက် နှင့် ပန်ဆယ်လိုတို့၏ ဆွေမျိုးများကို ပြန်လည်သတ်ဖြတ်ရန် စစ်ကောင်စီလော်ဘီများက လှုံဆော်နေကြသည်။
စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့် အဆိုတော် လီလီနိုင်ကျော် အသတ်ခံရမှုတွင် ကျော်သူရ(ခ) အီးတီနှင့် ကောင်းဇာနည် ဟိန်း (ခ) လပြည့်တို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည့်အပြင် ကောင်းဇာနည်ဟိန်း၏ မိခင်နှင့် အစ်မတို့ကို ဇွန်လ ၆ရက် နေ့က ရန်ကုန်တိုင်း ထန်းတပင်နေအိမ်တွင် စစ်ကောင်စီ ထောက်ခံသူများက ဝင်ရောက်သတ်ဖြတ်ခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနမှ အကြံပေးဖြစ်သူ ဦးအောင်ကျော်မိုး၏ အစ်ကို ဦးသန်းမြင့်အား စစ်တပ်ထောက်ခံသူများက ဇွန် ၇ ရက်က ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခဲ့သည်။
You may also like these stories:
အရှိန်မြင့်လာတဲ့ လက်တုံ့ပြန် သတ်ဖြတ်မှုများ
ဆက်တိုက်လုပ်ကြံခံရမှုများကြောင့် အမျိုးသားရေးလှုပ်ရှားသူများ စိုးရိမ်ထိတ်လန့်နေ
ရန်ကုန် မြို့ပြတိုက်ပွဲများကို အရှိန်မြှင့်သွားမည်ဟု တော်လှန်ရေး အဖွဲ့များဆို