ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် အစပ်၊ မိုးဗြဲမြို့တဝိုက်ဖြစ်ပွားခဲ့သော မေ ၂၇ ရက်မှ ဇွန် ၁၅ ရက်ထိ တိုက်ပွဲများ အတွင်း အရပ်သားပြည်သူ ၃၃ ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ထံမှ သိရသည်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့၏ အုပ်ချုပ်မှုဒါရိုက်တာ ကိုဗညားက “လက်နက်ကြီးကတော့ ရက်တိုင်းပဲ ပစ်တာ။ ပြည်သူတွေ သေဆုံးတဲ့ပုံစံမှာ ၃ ခု တွေ့နိုင်တယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်တာ၊ အနီးကပ် ပစ်သတ်ခံရတာလည်း ရှိတယ်။ နောက် စစ်ရှောင်ဖို့ ကြိုးစားနေဆဲကာလမှာ လှမ်းပြီးတော့ ပစ်ခတ်ခြင်းခံရလို့သေတာ ရှိတယ်။ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ သေဆုံးတာမျိုးပေါ့” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ၃၃ ဦးအနက် စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး သေဆုံးသူ ၁၆ ဦး၊ ပစ်သတ်ခံရခြင်းကြောင့် သေဆုံးသူ ၁၅ ဦး၊ အဓမ္မပြုကျင့်ခံရပြီးနောက် အသတ်ခံရသည့် အမျိုးသမီး ၂ ဦး တို့ ပါဝင်ကြောင်း၊ သေဆုံးသူများမှာ အသက် ၃ နှစ်ကျော်မှ ၃၉ နှစ်အရွယ်များ ဖြစ်ကြောင်းလည်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဆိုသည်။
အင်အား ၂၀၀ ကျော်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုးဗြဲမြို့ထဲတွင် ဖြန့်ကျက်ထားပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့ များနှင့် မေလကုန်ပိုင်းမှစတင်ကာ တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကာ နှစ်ဖက်သေဆုံးမှုများလည်း ရှိကြောင်း သိရသည်။
ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တဦးက “စစ်ကောင်စီက လူနေအိမ်တွေမှာ ဝင်နေနေတာ။ သူတို့အတွက် ခံစစ်ကောင်းတဲ့ တိုက်တွေမှာနေတာပေါ့။ မိုးဗြဲက အရင်တုန်းက ဒီနေ့တိုက်ပွဲဖြစ်၊ နောက်နေ့ဆို လူထုက ပြန်နေပြီး စီးပွားရေးပြန်လုပ်ပေါ့။ အခုတခေါက်လည်း အဲဒီလိုပဲထင်ပြီး မရှောင်ကြဘဲ ဘုန်းကြီးကျောင်းမှာနေကြတယ်။ နောက် ကိုယ့်အိမ်မှာကိုယ် ပဲ နေကြတော့ မပြေးဘဲကျန်နေတဲ့လူတွေ အသတ်ခံရတာပေါ့” ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်ကျေးရွာများနှင့် စစ်ရှောင်များခိုလှုံရာ နေရာများအား စစ်ကောင်စီလက်အောက်ခံ မိုးဗြဲ အခြေစိုက် ခမရ-၄၂၂၊ ဖယ်ခုံအခြေစိုက် ခမရ-၃၃၆ တို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လွိုင်ကော်ရှိ အမှတ်-၃၅၆ အမြောက်တပ်ရင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်သည့်အပြင် လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့် ဒေသခံများ၏ပြောပြချက်အရ သိရသည်။
စစ်ကောင်စီအနေဖြင့် ၎င်းတို့ရုံးစိုက်ရာ နေပြည်တော်နှင့် နီးကပ်စွာရှိနေသည့် မိုးဗြဲ-လွိုင်ကော်လမ်းမကြီးကို နယ်မြေ စိုးမိုးနိုင်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ကရင်နီပူးပေါင်းတပ်ဖွဲ့များဘက်က သုံးသပ်ပြောဆိုသည်။
ထို့ပြင် နေပြည်တော်နှင့် ၄ နာရီခွဲဝန်းကျင်၊ ဒီးမော့ဆို၊ လွိုင်ကော်မြို့များနှင့်လည်း ကားဖြင့် နာရီဝက်ကြာ မောင်းနှင် ရောက်နိုင်သည့် မိုးဗြဲမြို့သည် ကရင်နီဒေသ၏ လမ်းပန်း ဆက်သွယ်ရေးအတွက် အချက်အချာအကျဆုံးနေရာအဖြစ် တည်ရှိနေခြင်း ဖြစ်သည်။
ဆက်လက်၍ ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တဦးက “သူတို့ (စစ်ကောင်စီ) က မိုးဗြဲကို အထိုင်ချမှာ။ အဓိကကတော့ သူတို့ ပစ်မှတ်ထားတာက ဖြတ်တောက်ရေးပေါ့။ ရိက္ခာလမ်းကြောင်းကို ဖြတ်ချင်တာပေါ့ မိုးဗြဲ-လွိုင်ကော်လမ်းမကြီးကို။ ရှမ်း-ကယားနယ်စပ်မှာ မိုးဗြဲက အဓိကကျတဲ့နေရာ တခုဆိုတော့ မိုးဗြဲကိုအထိုင်ချပြီးတော့ ဖြတ်တောက်ချင်တဲ့သဘော” ဟု ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မိုးဗြဲမြို့အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပေါင်း ၈၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၅၀၀ ကျော် သေဆုံးကာ မိုးဗြဲပြည်သူ့ကာကွယ်ရေး (MBPDF) တပ်ဖွဲ့ဝင် ၂၃ ဦး သေဆုံးခဲ့သလို ဘာသာရေးအဆောက်အအုံ အပါအဝင် ဒေသခံပြည်သူများ၏ နေအိမ် ၆၀၀ ကျော် ပျက်စီးခဲ့ကြောင်း MBPDF က ဇွန် ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
You may also like these stories:
မိုးဗြဲတဝိုက်တိုက်ပွဲများကြောင့် ၅ ရက်အတွင်း ဒေသခံ ၅ ဦး သေဆုံး
ကရင်နီမှာ ထိုးစစ်ဆင်တဲ့ စစ်ကောင်စီတပ် အကျအဆုံးများ
ဒီးမော့ဆိုတွင် စစ်ရှောင်များ ဗုံးကြဲတိုက်ခိုက်ခံရ