ကယားပြည်နယ်(ကရင်န်ီ)တွင် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)အဖြစ် ရပ်တည်နေသည့် ကရင်နီ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး(ကလလတ-KNPLF) တပ်ရင်းအချို့က စစ်ကောင်စီအား ပြန်လည်တိုက်ခိုက်သဖြင့် BGF အခြေစိုက်ရာ မယ်စဲ့မြို့နယ်၊ ပန်းတိန်ရွာ၌ တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း ကရင်နီရှေ့တန်းတွင်ရှိနေသူတဦးက ပြောသည်။
လက်ရှိ ကရင်နီရှေ့တန်းတွင် ရှိနေသူတဦးက “ကျနော်တို့ သတင်းရင်းမြစ်ကနေ ရတဲ့အချက်အလက်တွေအရ BGF မဖွဲ့ ခင်က ရှိခဲ့တဲ့အဖွဲ့အစည်းတွေရဲ့ တံဆိပ်တွေ၊ ကလလတ လက်မောင်းတံဆိပ်နဲ့ ပြန်ရပ်တည်ပြီးတော့ တော်လှန်ရေးပြန်ဝင် တဲ့ သတင်းတွေ ရထားတယ်၊ ဒါတွေနဲ့ အခုပေါ်ပေါက်နေတဲ့အခြေအနေတွေ ပေါင်းစပ်လိုက်ရင်တော့ BGF တချို့ စစ်ကောင်စီ ကို ပြန်တိုက်ခိုက်တာ မှန်တယ်လို့ ပြောလို့ရပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ဖားဆောင်းမြို့နယ်နှင့် မယ်စဲ့မြို့နယ်ကြားရှိ အမှတ် ၁၀၀၄ နယ်ခြားစောင့်တပ် အခြေစိုက်ခဲ့သည့် ပန်းတိန်ရွာ တပ်စခန်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲမှုများအပြင် မြေပြင်ထိုးစစ်ဆင်ကာ ပြန်လည်နေရာယူ ထားကြောင်း လည်း သိရသည်။
ကရင်နီဒေသတွင်း သတင်းအရင်းမြစ်များထံမှ ရရှိထားသည့် အချက်အလက်များအရ စစ်တပ်လက်အောက်တွင် ရပ်တည် ခဲ့သည့် နယ်ခြားစောင့်တပ် အမှတ် ၁၀၀၄ နှင့် ၁၀၀၅ တပ်ရင်း နှစ်ရင်းမှာ ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့က မယ်စဲ့ မြို့မရဲစခန်းနှင့် နယ်စပ်တပ်စခန်းအချို့အား တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့်အတွက် စစ်ကောင်စီ၏ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခြင်းအား ရင်ဆိုင်နေရကြောင်း သိရသည်။
တိုင်းရင်းသား အရေး လေ့လာသုံးသပ်သူတဦးက “ သတင်းတွေကြားထားတာ ဝင်တိုက်နေတာ ကြာပါပြီ၊ နာမည်မခံကြ တာလားပေါ့၊ ဒီနှစ်ထဲမှာ BGF ရော၊ ကလလတ ကိုရော၊ ကယန်းပြည်သစ်ကိုရော စစ်တပ်ကခေါ်တာ သူတို့ခေါင်းဆောင် တွေ သွားမတွေ့ကြဘူး၊ နောက်ပြီးတော့ မိုဆိုလူသတ်မှုနဲ့ ပတ်သက်ပြီး ကလလတ ရဲဘော်လေးယောက်အသတ်ခံရ တာကို သူတို့ အစာမကြေကြဘူး၊ အခုကတော့ ကလလတ က BGF ကနေ ဟိုဘက်ကို ပြန်ပေါင်းသွားတဲ့ သဘောလို့ပဲ ထင်ပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ကယားပြည်နယ်အတွင်းက BGF တပ်ရင်းအချို့ စစ်ကောင်စီအား ပြန်လည်တိုက်ခိုက်သည့် သတင်းများနှင့် ပတ်သက်ပြီး ကလလတ အပါအဝင် ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)တို့ က အတည်ပြု ထုတ်ဖော်ပြောဆိုခြင်းများ မရှိသေးပေ။
ဒေသတွင်း သတင်းရင်းမြစ်များ၏ ပြောဆိုချက်များအရ ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့က မယ်စဲ့မြို့မရဲစခန်းနှင့် နယ်စပ်ဒေသ နယ်ခြားမှတ်တိုင် အမှတ် ၁၄၊ ၁၅၊ ၁၆ တို့အနီးရှိ တပ်စခန်းများအား တပြိုင်နက်တိုက်ခိုက်ရာတွင် ကလလတ တပ်ဖွဲ့ဝင်များ၊ KA ၊ KNDF နှင့် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်များ ပူးပေါင်း တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။
ထိုသို့ ပူးပေါင်းတပ်အနေဖြင့် တိုက်ခိုက်မှုအား သီးခြားအတည်မပြုနိုင်သေးသော်လည်း အဆိုပါ တိုက်ပွဲတွင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည့် တောင်လှစစ်စခန်းမှာ နယ်ခြားမိုင်တိုင် အမှတ် ၁၆(BP-16)အနီး ကလလတ နယ်မြေဖြစ်သည့် ကရင်ပြည်နယ်နှင့် ကယားပြည်နယ်အစပ်တွင် တည်ရှိသည့်စခန်း တခုဖြစ်သည်။
လက်ရှိ အာဏာသိမ်းစစ်ကောင်စီအား ပြန်လည်တိုက်ခိုက်သည်ဆိုသည့် ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ)သည် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP/KA)ထံမှ ၁၉၇၈ ခုနှစ်တွင် ခွဲထွက်ကာ ၁၉၉၄ ခုနှစ်တွင် န.အ.ဖ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရယူခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလတွင် နယ်ခြားစောင့် တပ်အဖြစ် ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်သည်။
သို့ရာတွင် ကလလတ အနေဖြင့် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုအား ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့သည့်အပြင် ဖရူဆို မြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် စစ်ကောင်စီက လူ ၃၀ ကျော်အား အစုလိုက်အပြုံလိုက် မီးရှို့သတ် ဖြတ်မှုတွင် သွားရောက်ညိနှိုင်းပေးခဲ့သည့် ၎င်းတို့ရဲဘော် လေးဦးအား စစ်ကောင်စီက သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ် အပေါ်တွင် အပြင်းအထန် ကန့်ကွက်ခဲ့ဖူးသည်။
ထိုဖြစ်စဉ်များအပြီး ယခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့ရက်စွဲဖြင့် KA၊ KNDF တို့နှင့်အတူ ပူးတွဲထုတ်ပြန်ခဲ့သည့် ကလလတ ၏ ကြေညာချက်တွင်လည်း ပြည်သူတရပ်လုံးအနေဖြင့် တော်လှန်ရေးအား ဆက်လက်ထောက်ခံ အားပေးကူညီကြရန်နှင့် လက်နက်ကိုင်တော်လှန်ရေး အင်အားစုများအနေဖြင့် ပြည်သူများနှင့်အတူ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအား အဆုံးထိဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ကလလတ BGF တပ်ဖွဲ့များ အခြေစိုက်တပ်စွဲခဲ့သည် ဖားဆောင်းနှင့်မယ်စဲ့မြို့နယ်များသည် ပြီးခဲ့သည့် စစ်တပ် အာဏာ သိမ်းကာလ နှစ်နှစ် အတွင်း ကယားပြည်နယ်အတွင်း၌ တိုက်ပွဲ အနည်းဆုံးဒေသများ ဖြစ်သော်လည်း ဇွန်လ ၁၃ ရက်နေ့ စခန်းသိမ်းတိုက်ပွဲများမှ စတင်ကာ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများဖြင့် တိုက်ပွဲများပြင်ထန်လာခဲ့သည့်အပြင် စစ်ကောင်စီဘက်က ထပ်မံ၍ ထိုးစစ်ဆင်မှု များကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်းလည်း တိုင်းရင်းသား အရေး လေ့လာသူက ပြောသည်။
၎င်းက “ ပြီးခဲ့တဲ့ ၂ နှစ်တာစစ်ရေးထုတ်ပြန်မှုမှာ ဖားဆောင်း၊ မယ်စဲ့ဒေသဟာ ထိတွေ့မှုတွေ အနည်းဆုံး ဖြစ်ခဲ့တယ်၊ အခုကတော့ ပြောင်းပြန်ဖြစ်သွားပြီထင်တယ်၊ အခု ဗုံးတွေလည်းကြဲနေတယ်။ အဲဒီဒေသက ဒေသခံတွေကလည်း ထိုင်းဘက် စစ်ဘေးရှောင်တာ ထောင်ချီရှိနေပြီ၊ ဒေသခံ သိပ်မရှိတော့ဘူးလို့ ပြောလို့ရတယ်၊ အဲဒီမှာ လွတ်လွတ်လပ်လပ် တိုက်ကြတော့မယ်၊ စစ်တပ်ဘက်ကလည်း သံလွင်အရှေ့ခြမ်းကို လွတ်မြောက်ဒေသလိုဖြစ်သွားမှာ မပေးချင်ဘူးနဲ့ တူပါတယ်၊ အဲဒီတော့ အကြိတ်အနယ် တိုက်ကြလိမ့်မယ်”ဟု ပြောသည်။
ကရင်နီဒေသအတွင်း စစ်ဘေးရှောင်ဒုက္ခသည်များအား ကူညီပေးနေသူများ၏ ပြောကြားချက်အရ ဇွန်လ ၁၃ ရက်နေ့က စတင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံဦးရေ ၅ ထောင်ခန့်မှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရပြီး တော တောင်များအတွင်း တိမ်းရှောင်ထွက်ပြေးနေရသူများလည်း ရှိနေသေးကြောင်း၊ ၎င်းတို့အနေဖြင့် တိုက်ပွဲဧရိယာများ အတွင်းမှ ကြိုတင်ရှောင်တိမ်းနိုင်ခဲ့သည့် အခြေအနေကြောင့် လတ်တလောတွင် ထိခိုက်သေဆုံးရသည့် အချက်အလက်များ မရရှိသေးကြောင်းလည်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် ကယားပြည်နယ် (ကရင်နီပြည်) အတွင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)အား ဇွန်လ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ပြည်နယ်အတွင်းရှိ အင်အားစုအသီးသီးကြား လက်တွေ့ကျစွာ ပူးပေါင်းဆောင်ရွက်သွားရန်နှင့် ဖယ်ဒရယ်စနစ် အကောင်အထည်ဖော်ရန် ခြေလှမ်းအစအား ထပ်မံအတည်ပြုလိုက်ခြင်းဖြစ်ကြောင်း IEC ဒုတိယဥက္ကဌတာဝန်ယူထားသည့် KNDF ဥက္ကဌ ခွန်းဘီထူးက ပြောထားသည်။
You may also like these stories:
ကရင်နီမှာ ထိုးစစ်ဆင်တဲ့ စစ်ကောင်စီတပ် အကျအဆုံးများ
ကရင်နီဒေသကို အင်အားထောင်ကျော်ဖြင့် စစ်ကောင်စီ ထိုးစစ်ဆင်
စစ်ကောင်စီက ကရင်နီကို ဘာကြောင့် ဒုတိယအကြိမ် စစ်ဆင်လာသလဲ
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း