မြန်မာ့အရေး အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ဦးဆောင်သည့် ဖြေရှင်းမှု လုပ်ရန်ကို ကတိကဝတ်ပြုကြောင်း မကြာသေးမီက ထိုင်းရွေးကောက်ပွဲတွင် အနိုင်ရသည့် Move Forward ပါတီခေါင်းဆောင် ဖိထာ လင်ဂျာရွန်ရက် ပြောကြားပြီး ယခုအပတ်အတွင်း ထိုင်းအိမ်စောင့်အစိုးရနှင့် မြန်မာစစ်ကောင်စီအကြား ပြုလုပ်သည့် ဆွေးနွေးပွဲများသည် သူနှင့် မပတ်သက်ကြောင်း ဖေါ်ပြလိုက်သည်။
လက်ရှိ ထိုင်းအစိုးရသည် တနင်္လာနေ့တွင် မြန်မာစစ်ကောင်စီနှင့် အလွတ်သဘော ဆွေးနွေးပွဲများ ကျင်းပသောကြောင့် ASEAN အတွင်း သဘောထားကွဲမှုဖြစ်စေသည်။
အဖွဲ့၏ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာရန် ပျက်ကွက်သောကြောင့် မြန်မာစစ်ကောင်စီကို ၂၀၂၁ ခုနှစ် နှောင်းပိုင်းမှ စတင်ပြီး ASEAN အဆင့်မြင့်အစည်းအဝေးများတွင် ပိတ်ပင်ထားသည်။
ထိုင်းနိုင်ငံသည် အထက်ပါတံခါးပိတ်အစည်းအဝေးသို့ အဖွဲ့ဝင် ၁၀ နိုင်ငံလုံးမှ နိုင်ငံခြားရေးဝန်ကြီးများကို ဖိတ်ခဲ့ သော်လည်း လက်ရှိဥက္ကဌဋ္ဌအင်ဒိုနီးရှားအပြင် မလေးရှားနှင့် စင်္ကာပူတို့ တက်ရောက်ခြင်း မရှိပေ။
မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ နှင့် လာအို၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဘရူနိုင်းနှင့် ဗီယက်နမ် တို့မှကိုယ်စားလှယ်များသည် တနင်္လာနေ့က ကျင်းပသည့် အစည်းအဝေးသို့ တက်ကြသည်။
အထက်ပါအစည်းအဝေးနောက်ပိုင်းတွင် ဖိထာက ကြေညာချက်တစောင်ထုတ်ပြန်ပြီး Move Forward ပါတီသည် မြန်မာမှ ဖြစ်ရပ်များကို အနီးကပ်စောင့်ကြည့်နေကြောင်းနှင့် မြန်မာပြဿနာကို ထိပ်တန်းဦးစားပေးမည်ဖြစ်ကြောင်း ပြောသည်။
အထက်ပါဆွေးနွေးပွဲကြောင့် ASEAN အတွင်းဖြစ်ပေါ်သည့် သဘောထားကွဲလွဲမှုများကို ရည်ညွန်းပြီး Move Forward ပါတီသည် အဖွဲ့၏ ဘုံသဘောတူညီချက် ၅ ချက်ကိုသာ ကတိကဝတ် ပြုထားကြောင်း ထပ်မံ အတည်ပြုသည်။
“ASEAN ကို ထူထောင်တဲ့ အဖွဲ့ဝင်နိုင်ငံတခုအနေနဲ့ အဖွဲ့ဝင်တွေအကြား ညီညွတ်ရေးနဲ့ ASEAN ပဋိညာဉ်မှာ ပြဋ္ဌာန်းထားတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မူတွေ လိုက်နာရေးကို ကျနော်တို့ အရမ်းအလေးထားတယ်” ဟု ပီတ ပြောသည်။
ထိတွေ့ဆက်ဆံရေးသည် အားလုံးအကျုံးဝင်ပြီး အလွှာစုံပါဝင်ရမည်ဖြစ်ကာ မြန်မာနိုင်ငံ တည်ငြိမ်ရေး ကူညီရန် သင့်လျော်ရမည်ဖြစ်ကြောင်း သူပြောသည်။
Move Forward ပါတီ၏ ညွန့်ပေါင်းအစိုးရသည် ဝန်ကြီးချုပ်ရုံးက ထိန်းချုပ်သည့် မြန်မာဆိုင်ရာ ဌာနပေါင်းစုံအထူးအဖွဲ့တဖွဲ့ကို ထူထောင်ပြီး မြန်မာ့စိန်ခေါ်မှုများကို အဖြေရှာရန်နှင့် အားထုတ်မှုများ ညှိနှိုင်းရန် အစီအစဉ်ရှိကြောင်း ဖိထာက ပြောသည်။
You may also like these stories:
မြန်မာစစ်ကောင်စီကို လူရာသွင်းသော ထိုင်းနိုင်ငံခြားရေးဝန်ကြီး အပြင်းအထန် ဝေဖန်ခံရ
မြန်မာ ပြန်တည်ငြိမ်အောင် ထိုင်းဦးဆောင်နိုင်ဟု ရွေးကောက်ပွဲအနိုင်ရ MFP ပြော
ထိုင်းအစိုးရ ဖွဲ့နိုင်ရေး မဟာမိတ်ဖွဲ့မည့် အစီအစဉ် ပီတ ကြေညာ
ထိုင်းအစိုးရသစ် မြန်မာ့အရေး ဘာလုပ်နိုင်မည်နည်း
ယူကရိန်းကဲ့သို့ မြန်မာလည်း နိုင်ငံတကာအကူအညီများနှင့် ထိုက်တန်