စစ်ကောင်စီ လက်အောက် နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားရေး ကျဆင်းမှုများကြောင့် အရှုံးပေါ်နေသည့် ရန်ကုန်နှင့် မြို့ကြီးတချို့မှ ဟိုတယ်လုပ်ငန်းများ ယခုနှစ်အတွင်း အစုလိုက်အပြုံလိုက် ရောင်းချမှုများ လုပ်လာကြောင်း ခရီးသွား လုပ်ငန်းရှင်များထံမှ သိရသည်။
ယခုနှစ် မေလအတွင်းကပင် အနည်းဆုံး ကျပ်သိန်း ၃ ထောင်မှ ကျပ်သိန်း ၄ သောင်းကျော်၊ ကျပ်သိန်း ၆ သောင်း ကျော် တန်ဖိုးရှိ အခန်းပေါင်း ၅၀ နှင့်အထက်ရှိသော ဟိုတယ် ၂၇ လုံး ရောင်းချရန် Luxury House အမည်ရှိ အိမ်ခြံမြေ ဝန်ဆောင်မှုကုမ္ပဏီတခု၏ လူမှုကွန်ရက်စာမျက်နှာတွင် ကြော်ငြာထားသည်ကို တွေ့ရသည်။
စစ်ကောင်စီက ပြီးခဲ့သည့်နှစ် ခရီးသွားရာသီ၌ လုပ်ငန်း ပြန်စသည်ဟု ကြေညာသော်လည်း ခရီးသွားဝင်ရောက်မှု မရှိသလောက် နည်းပါးခဲ့ခြင်း၊ ကုန်ကျစရိတ် များပြားလာခြင်း၊ ဘဏ်ချေးငွေနှင့် ရင်းနှီးမြှုပ်နှံထားသည့် ဟိုတယ်များ ပိတ်ထားချိန်ကြာလာသဖြင့် အတိုးနှုန်းများမြင့်လာခြင်း စသည်တို့ကြောင့် ဟိုတယ်အများစုမှာ အရှုံးပေါ်နေကြောင်း၊ တချို့ ဟိုတယ်များမှာ ရသမျှဈေးဖြင့် မဖြစ်မနေရောင်းချရမည့် အခြေအနေများပင် ရှိနေကြောင်း ခရီးသွားလုပ်ငန်းရှင် တချို့ က ဆိုသည်။
ပြည်တွင်းရှိ ဝါရင့်ခရီးသွားလုပ်ငန်းရှင်တဦးက “ရောင်းတဲ့ဟိုတယ်တွေက နှစ်ပိုင်းရှိတယ်။ နိုင်ငံခြားဈေးကွက် အဓိက ထားတဲ့ ချေးငွေတွေနဲ့ ဆောက်တာ ရှိတယ်။ တချို့က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုယူပြီး လည်ပတ်တာလည်း ရှိတယ်။ အခုထိလည်း ရန်ကုန်မြို့ Five Star ဟိုတယ် ၁၂ လုံးလောက်မှာ တဝက်လောက်က ပိတ်ထားရတုန်း။ ဆူးလေရှန်ဂရီလာ၊ ဆီဒိုးနား၊ စင်ထရယ်ပွိုင့်တို့ အဲဒီလိုဟိုတယ်တွေက ပိတ်ထားရတုန်းပဲ။ ကိုဗစ်ကာလထဲက ပိတ်ထားရတော့ သူတို့ရဲ့ ဝန်ထမ်းခ၊ အခွန်အခတွေ၊ စရိတ်တွေ၊ ဘဏ်ချေးငွေ ဒါတွေကြောင့် နောက်ဆုံးပိတ်လိုက်ရတာတွေ ရှိတယ်။ ပြီးတော့မှ လက်လွှဲရောင်းချကြတယ်။ ဆီဒိုနားဆိုလည်း တခြားအုပ်စုတခုကို ပြန်ရောင်းတာကြားတယ်” ဟု ဧရာဝတီကို ပြောသည်။
ယခုကာလတွင် ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးအချို့မှ ပုဂ္ဂလိကပိုင် ဟိုတယ်တချို့သည် ပြည်တွင်းဈေးကွက်ကို အဓိကထားခြင်း၊ ခရီးသည်အလာများချိန် ကာလတခု၌သာ ဈေးကွက်ထားခြင်းတို့ကြောင့် အနည်းငယ် အလုပ်ဖြစ်သော်လည်း နိုင်ငံခြားသားခရီးသွား ဈေးကွက်ကို အဓိကထားသည့် ဟိုတယ်များမှာမူ အရှုံးဒဏ်ကိုမခံနိုင်၍ နောက်ဆုံး ရောင်းချရသောအခြေအနေ ဖြစ်လာကြောင်း ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “ဝင်ငွေနဲ့ ကုန်ကျစရိတ်နဲ့ မမျှတဲ့အခါကျတော့ ရောင်းရတဲ့သဘောပဲ။ အဓိက ခရီးသွားတွေ ထင်သလောက်မဝင်တော့ ရောင်းရတာပဲ။ မနှစ်ကမေလလောက်မှာ သူတို့(စကစ) ဗီဇာတွေ လျှောက်ခွင့်ပေးလာတဲ့ အတွက် ဩဂုတ်လလောက်မှာ ဧည့်သည်ဝင်လာတာ ရှိတယ်။ ကိုယ့်ဆီကို ကြီးကြီးမားမားမလာဖူးတဲ့ တောင်အမေရိက၊ ဂရိတို့၊ စပိန်တို့ ဝင်တယ်။ နောက် ထိုင်း၊ ဗီယက်နမ်၊ တရုတ်တချို့ ဝင်တာတော့ ရှိတယ်။ ဒီလောက်ပဲရှိတာပါ။ အဲဒီ တော့ Demand (ဝယ်လိုအား)နဲ့ Supply (ရောင်းအား)မှာ Over Supply ဖြစ်နေတဲ့ သဘောပါပဲ။ ဒါကြောင့်မို့ ရင်းနှီး မြှုပ်နှံမှုကြီးတဲ့လုပ်ငန်းတွေက ရပ်တည်ဖို့ခက်တော့ ရောင်းရခြင်းဖြစ်တယ်” ဟုလည်း သုံးသပ်ပြောဆိုသည်။
စစ်ကောင်စီအနေဖြင့် ရုရှားခရီးသွားများ လာရောက်ရန်အတွက် ကြိုးပမ်းမှုများရှိသော်လည်း အမှန်တကယ်တွင်မူ ရုရှားများသည် အလုပ်ကိစ္စနှင့် စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုများအတွက်သာ လာရောက်ခြင်းရှိပြီး အလည်အပတ်ခရီးစဉ်အဖြစ် လာရောက်ခြင်းမရှိပေ။
ထိုသို့သော အခြေအနေအမျိုးမျိုးကြောင့် ခရီးသွားလုပ်ငန်းအများစုမှာ လက်ရှိငုတ်တုတ် ထိုင်နေရသည့် အနေအထား ဖြစ်နေပြီး ကုမ္ပဏီအများစုမှာလည်း ပိတ်သွားကြပြီဖြစ်သလို ကျန်ကုမ္ပဏီများကလည်း လိုင်စင်သက်တမ်းတိုးခြင်းများကိုပင် ဆက်မလုပ်နိုင်တော့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ တနိုင်ငံလုံး၌ ဟိုတယ်အလုံးပေါင်း ၁၉၀၀ ကျော်နှင့် အခန်း ပေါင်း ၈ သောင်းကျော်ရှိပြီး လက်ရှိတွင် ရန်ကုန်၊ မန္တလေး အပါအဝင် ပုဂံ၊ ငွေဆောင်၊ ချောင်းသာ၊ ရှမ်းပြည်နယ်တို့မှ ဟိုတယ်အလုံးပေါင်း ရာနှင့်ချီ၍ ရောင်းချရန် ပြင်ဆင်မှုများရှိနေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
အရောင်းဆိုင်ထားသည့် ဟိုတယ်များမှာ နေရာဒေသအလိုက် ဈေးနှုန်းအမျိုးမျိုးရှိပြီး Four Star အဆင့်ထိရှိသော ဟိုတယ်များပါ ပါဝင်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
ရန်ကုန်မြို့ရှိ နာမည်ကြီးဟိုတယ်တခုဖြစ်သည့် ဆီဒိုးနားဟိုတယ်ကို Keppel ကော်ပိုရေးရှင်းက အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းဖြင့် Spring Blossom Ventures ကို ရောင်းချမည် ဖြစ်ကြောင်း ပြီးခဲ့သည့်မတ်လအတွင်း၌ Nikkei Asia သတင်းဌာနက ဖော်ပြထားသည်။
ထိုသို့ ပြည်တွင်းရှိ ဟိုတယ်များ ရောင်းချရန် ပြင်ဆင်လာခြင်းသည် ခရီးသွား ဝင်ရောက်မှု နည်းပါးခြင်းအပြင် အာဏာ သိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးရရှိမှု မမှန်ခြင်း၊ အထွေထွေကုန်ဈေးနှုန်း မြင့်တက်ခြင်းတို့ကလည်း ဟိုတယ်လုပ်ငန်းများ အတွက် ဝန်ဆောင်မှုစရိတ်ကြီးမားကာ အခက်အခဲဖြစ်စေကြောင်း လုပ်ငန်းရှင်များက ပြောသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတဦးကလည်း လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေ၊ လုံခြုံရေး အခြေအနေများအရ နိုင်ငံခြားသား ခရီးသွား ဧည့်သည်ဝင်ရောက်မှု ကို မျှော်လင့်နိုင်သည့် အနေအထား မရှိကြောင်း၊ ပြည်တွင်းခရီးသွားများကိုသာ မျှော်လင့်ရသည့် အခြေအနေဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍမှာ လက်ရှိ အခြေအနေအရ မမျှော်မှန်းနိုင်သည့် အခြေအနေရောက်နေကြောင်း ပြီးခဲ့သည့် ခရီးသွားရာသီက ဧရာဝတီသို့ သုံးသပ်ပြော ကြားထားသည်။
ထိုသို့ ဟိုတယ်များ အစုလိုက်အပြုံလိုက် ရောင်းချလာမှုနှင့် ပတ်သက်၍ အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီပိုင်ရှင် တဦးကလည်း “ဒီလို ကျပ်သိန်းထောင်ချီ တဲ့ဟာမျိုးတွေက အဝယ်တော့ရှိပါတယ်။ ဒါပေမယ့် ပြဿနာက ခရီးသွားလာရေးကလည်း အဆင်မပြေ၊ ကိုဗစ်ကာလ နဲ့ဆိုတော့ ဟိုတယ်လုပ်ငန်းရှင် တော်တော်များများက အရှုံးပေါ်တယ်။ တချို့ ဘဏ်တွေမှာ ပေါင်ထားတာလည်း ရှိတော့ ဒီအချိန် ပြန်ပေးရမယ့် အနေအထားလည်းရှိတော့ ရောင်းတဲ့သူက ပိုများနေတယ်။ ဝယ်တဲ့သူကတော့ နည်းတယ်” ဟု ဆိုသည်။
ထို့ပြင် ယခုကာလ ကျပ်သိန်းထောင်ချီ၊ သောင်းချီ ဝယ်နိုင်သူများမှာလည်း ငွေရပေါက်လမ်းလွယ်သူ များနှင့် ငွေမည်းကို ငွေဖြူပြောင်းလဲလိုသူများသာ ဖြစ်မည်ဟုထင်ရကြောင်း၊ လက်ရှိတွင် ကျပ်ငွေတန်ဖိုး လျော့ကျနေသည့် အပြင် စီးပွားရေးတိုးတက်မှုနှင့် ဘက်ပေါင်းစုံမှ အခြေအနေများကိုပါ ကြည့်ရသောကြောင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည် ဆိုလျှင် များစွာစဉ်းစားရကြောင်းလည်း အိမ်ခြံမြေနှင့် ဟိုတယ်လုပ်ငန်းကျွမ်းကျင်သူများက သုံးသပ်ပြောဆိုသည်။
စစ်တပ်အာဏာမသိမ်းခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၈၊ ၂၀၁၉ ခုနှစ်များတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှု ၄ ဒသမ ၈ သန်းကျော်ထိ ရှိခဲ့ရာမှ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့သည့် ခရီးသွားရာသီတွင် နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှုအနေဖြင့် သောင်းဂဏန်းသာ ရှိခဲ့သည်။
You may also like these stories:
မုန်တိုင်းကြောင့် သံတွဲရှိ ဟိုတယ်နှင့် တည်းခိုခန်းများ ယာယီပိတ်ရန် ထုတ်ပြန်
ပုဂံနှင့် ကမ်းခြေများ၌ သင်္ကြန်ကာလ ဟိုတယ်အခန်းမှာယူသူ များပြား
ပြည်တွင်းခရီးသွားများကိုသာ မျှော်လင့်နေရသည့် မြန်မာ့ခရီးသွားလုပ်ငန်း
ပြည်တွင်း ခရီးသွားလုပ်ငန်း လာမည့်ရာသီ ပြန်စနိုင်မလား