ရခိုင်ပြည်နယ်အတွင်း၊ ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများနေကြောင်း ယင်းစခန်းမှ စစ်ရှောင်ကျေးရွာသားများက ပြောသည်။
ကျောက်တော်မြို့နယ်အတွင်းရှိ ဝါးတောင်စစ်ရှောင်စခန်းတွင် ကလေးများနှင့် သက်ကြီးပိုင်းအရွယ်များမှာ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးအဖြစ်များနေကြောင်း ၎င်းစခန်းမှ စစ်ရှောင်ကျေးရွာသား ဦးနိုင်ထွန်းဝင်းက ပြောသည်။
၎င်းက “ကျနော်တို့ စခန်းမှာတော့ လောလာဆယ် နေမကောင်းဖြစ်တဲ့သူက ၃၀ ကျော်၊ ၄၀ နီးပါးလောက်ရှိတယ်။ ကျန်းမာရေးဌာနက ပြောတာတော့ သွေးလွန်တုပ်ကွေးလို့ ပြောတယ်။ ကလေးအများစုကတော့ သွေးလွန်တုပ်ကွေး ဖြစ်ကြတယ်။ လူကြီးတွေကတော့ ငှက်ဖျားဖြစ်တာ များတယ်။ ဘာကြောင့်လဲဆိုရင် မုန်တိုင်းမှာ အိမ်တွေ ပါသွားလို့ ပြန်ဆောက်ဖို့ တောထဲကို သစ်လုံး၊ ဝါးတွေ သွားခုတ်ကြတယ်။ သူတို့ ပြန်လာလို့ ဖျားပြီဆိုရင် ငှက်ဖျားဖြစ်တာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
မြိုတိုင်းရင်းသားအများစု နေထိုင်ကြသည့် ကျောက်တော်မြို့နယ် ဝါးတောင်စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၁၅၀ ကျော် လူဦးရေ ၉၀၀ နီးပါးရှိကာ မိုခါမုန်တိုင်းဒဏ်ကြောင့် နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး အစရှိသည့်ကိစ္စ ရပ်များတွင် ခက်ခဲရှိနေပြီး၊ WFP မှ လူတဦးလျှင် ၁ လ ကျပ်၂၅၀၀၀ နှုန်းဖြင့် ထောက်ပံ့မှုသာရရှိပြီး အခြား မည်သည့် ထောက်ပံ့မှုမှ မရရှိသေးကြောင်း စစ်ရှောင်များက ပြောသည်။
အလားတူ ကျောက်တော်မြို့ပေါ် ရထားဘူတာစစ်ရှောင်စခန်းတွင်လည်း ကလေးငယ်များနှင့် သက်ကြီးပိုင်းများ သွေး လွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျောရောဂါများဖြစ်ပွားနေကြောင်း ယင်းစခန်းမှ စစ်ရှောင်ကျေးရွာသားတဦးက ပြောသည်။
၎င်းက “ရောဂါဖြစ်တာကတော့ ကလေးတွေများတယ်။ သက်ကြီးပိုင်းတွေလည်း ဖြစ်ကြတယ်။ ကလေးရောလူကြီး တွေပါဆိုရင် ခန့်မှန်းခြေ လူ ၁၀၀ မှာ ၃၀ ရာနှုန်းလောက်တော့ နေထိုင်မကောင်းဖြစ်နေကြတယ်။ ဆေးရုံက ပြောတာ ကတော့ တုပ်ကွေးဖြစ်တာလို့ ပြောတယ်။ ကျနော်တို့ကတော့ ရာသီဥတုအပြောင်းအလဲနဲ့ ရေကြောင့်ဖြစ်တာလို့ ထင် တယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ရထားဘူတာစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၃၀၀ ကျော်၊ လူဦးရေ ၁၀၀၀ ကျော်ရှိကာ ယင်းစခန်းတွင် ဝင် ရောက်ခိုလှုံနေကြသည့်ကျေးရွာသားမှာ ကုလားတန်မြစ်ကမ်းဘေးတွင်တည်ရှိသောကျေးရွာများမှဖြစ်ကာ စစ်ကောင်စီ တပ်သားများ ကျေးရွာအနီး၌ လက်ရှိအချိန်အထိ တပ်စွဲနေထိုင်ကြသည့်အတွက် နေရပ်မပြန်နိုင်ဘဲ စစ်ရှောင်ဘဝဖြင့် ဆက်လက် နေထိုင်နေရကြောင်း ယင်းကျေးရွာသားများက ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲစစ်ရှောင်စခန်းတွင်လည်း ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ငှက်ဖျား ရောဂါနှင့် ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားနေကြောင်း စစ်ရှောင်ကျေးရွာသားတဦးက ပြောသည်။
၎င်းက “ကျနော်တို့စခန်းက တောင်နဲ့နီးတော့ အခု ငှက်ဖျားတော်တော်များများဖြစ်တယ်။ လူကြီးရော၊ ကလေးတွေ ရောပဲ၊ ကျန်းမာရေးဌာနမှာ ဆေးစစ်လိုက်ရင် ငှက်ဖျား ဆိုပြီး အဖြေထွက်တယ်။ ကျနော်တို့နေတဲ့နေရာမှာ သောက် သုံးရေလည်း မကောင်းဘူး။ မိုးရွာရင်တော့ မိုးရေခံပြီး သောက်ကြတယ်။ မိုးမရွာဘူးဆိုရင် စမ်းချောင်းထဲက တွင်းရေနဲ့ ရွာထဲက ကန်ရေကိုပဲ သောက်တယ်။ ခြင်တွေလည်း ပေါတယ်ဆိုတော့ အဲဒါတွေကြောင့် နေမကောင်းဖြစ်တာ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၁၁၀ ကျော်၊ လူဦးရေ ၆၀၀ ကျော်ရှိပြီး စစ်ကောင်စီမှ ကူညီထောက်ပံ့မှုလည်း လက်ရှိအချိန်အထိမရှိသေးသလို မုန်တိုင်းကြောင့် အိမ်သာများအားလုံး ပျက်စီး သွားသည့်အတွက် ယင်လုံအိမ်သာအရေးပေါ် ပြန်လည်ဆောက်လုပ်ရန် လိုအပ်နေကြောင်းလည်း ယင်း စစ်ရှောင် စခန်းမှ ကျေးရွာသားများက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း မေလ ၁၄ ရက်က မိုခါဆိုင်ကလုံးမုန်တိုင်း ဝင်ရောက် တိုက်ခတ်မှုကြောင့် စစ်ရှောင်စခန်းများ ထိခိုက်ပျက်စီးသွားပြီး၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာများမှာလည်း ထိခိုက်ပျက်စီးမှုဆိုးဆိုးဝါးဝါး ခံရသည့် အတွက် လက်ရှိ မိုးဦးရာသီတွင် ဝမ်းပျက်ဝမ်းလျော၊ သွေးလွန်တုပ်ကွေးအစရှိသည့်ရောဂါများ အနည်းအများဆိုသလို ဖြစ်ပွားနေကြောင်း သိရသည်။
You may also like these stories:
မုန်တိုင်းအလွန် ရခိုင် ပေါက်တောတွင် ဝမ်းလျှောနေကြ
ကန့်ဘလူဒေသခံများ စစ်ရှောင်ရင်း မြွေကိုက်ခံရမှုဖြစ်စဉ် များလာ
မုန်တိုင်းအလွန် ပြန်ရုန်းထဖို့ ကြိုးစားနေရတဲ့ ရသေ့တောင်မြို့နယ်က ဒုံးပိုက်ရွာ
မုန်တိုင်း ကယ်ဆယ်ရေး အကူအညီ ရခိုင်လူနည်းစုများ မရ