ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ပေါ် ကျောက်တလုံးဘုရားအနီးရှိ ဒုက္ခသည်စခန်းမှ နေရာသစ်သို့ ပြောင်းရွှေ့ခံရသည့် ရိုဟင် ဂျာ ဒုက္ခသည်များမှာ လက်ရှိနေရာသည် ချောင်းအနီးဖြစ်၍ မိုးရွာလျှင် ရေကြီးရေလျှံပြီး ရေနစ်မြုပ်ခြင်း၊ သွားလာရေး အဆင်မပြေမှုများအပြင် မြို့နှင့်အလှမ်းဝေးသဖြင့် လုပ်ကိုင်စားသောက်ရန် အခက်အခဲများ ကြုံနေရကြောင်း သိရသည်။
လက်ရှိ စခန်းသစ်မှာ မူလနေရာဟောင်းနှင့် ၂ဖာလုံခန့် ဝေးပြီး ဆောက်လုပ်ထားသည့် လူနေဆောင်များ ပြီးသွားပြီဆိုကာ စစ်ကောင်စီက ဖိအားပေးသဖြင့် မေလ ၂၁ရက် ပြောင်းရွှေ့ရခြင်းဖြစ်ကြောင်း ယင်းစခန်းမှ အမည်မဖော်လိုသည့် ရိုဟင်ဂျာဒုက္ခသည်တဦးက ဧရာဝတီကို ပြောသည်။
၎င်းက “ထွေအုပ်ရုံးက မြို့နယ်အုပ်ချုပ်ရေးမှူးက အဆောင်တွေပြီးပြီ။ အဲဒီမှာ ပြောင်းရွှေ့နေထိုင်ဖို့ ပြောတယ်။ ကျနော်တို့က ဗွက်အိုင်ထဲမှာ ဘယ်လိုနေမလဲ။ လမ်းတွေလည်းမကောင်းဘူး။ မိုးရွာတာနဲ့ရေပြည့်မယ်။ ပြောင်းလို့ မရဘူးလို့ ပြောပေမယ့် မေလကုန်လို့မှမပြောင်းရင် ဘေးစီမံဥပဒေနဲ့ အရေးယူမယ်ဆိုပြီး လော်စပီကာနဲ့ လာအော်တော့ ကျနော်တို့လည်း ဖိအား ပေးခြိမ်းခြောက်လာတာကြောင့် ကြောက်ပြီးတော့ ပြောင်းရွှေ့လိုက်ရတာ” ဟု ဆိုသည်။
အဆိုပါ ကျောက်တလုံးဒုက္ခသည်စခန်းသည် ၂၀၁၂ ခုနှစ် ရခိုင်အရေးအခင်းကာလအတွင်း ကျောက်ဖြူမြို့ပေါ်ရပ်ကွက် အသီးသီးမှ ရိုဟင်ဂျာများ ရွှေ့ပြောင်းနေထိုင်ခဲ့သည့် စခန်းတခုဖြစ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက် ထက်က ၎င်းတို့အတွက် နေအိမ်များစနစ်တကျ ပြန်လည်တည်ဆောက်ပြီး ယင်းစခန်းအား ရွှေ့ပြောင်းရန် စီစဉ်ခဲ့ကြောင်း သိရသည်။
ထိုစဉ်က သက်ဆိုင်ရာအာဏာပိုင်များနှင့် စခန်းရှိ ရိုဟင်ဂျာဒုက္ခသည်များကြား သဘောတူညီ ခဲ့ကြသော်လည်း စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများက ဖြစ်သလိုတည်ဆောက်ပြီး ဖိအားပေး ရွှေ့ပြောင်းခိုင်းလာခြင်းဖြစ်ကြောင်း စခန်းမှ တခြားသော ရိုဟင်ဂျာဒုက္ခသည်တဦးကလည်း ဆိုသည်။
၎င်းက “NLD အစိုးရလက်ထက်က ဒေါက်တာဝင်းမြတ်အေးကိုယ်တိုင် လာရောက်ပြီးတော့ နေအိမ်တွေကို စနစ်တကျ ဖြစ်အောင်ဆောက်ပေးမယ်။ လမ်းတွေမီးတွေ အကုန်အဆင်ပြေအောင်၊ လူနေလို့အဆင်ပြေအောင် လုပ်ပေးမယ်ဆိုပြီး ကျနော်တို့ စခန်းကော်မတီတွေနဲ့ ညှိနှိုင်းပြီးတော့ သဘောတူခဲ့တာ။ အခု အစိုးရလက်ထက်မှာ အိမ်တွေက လူတောင်မနေ ရသေးဘူး သစ်တွေပိုးကျနေပြီး အိမ်သာဆိုရင်လည်း အများသုံးအိမ်သာ ဆောက်ထားတယ်။ အခု ပတ်ဝန်းကျင်ညစ်ညမ်း မှုတွေဖြစ်နေတော့ ကလေးတွေ ဝမ်းလျှောဝမ်းပျက် ဖြစ်နေကြရတယ်” ဟု ရှင်းပြသည်။
ယင်းကျောက်တလုံး ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် အိမ်ထောင်စုပေါင်း ၃၈၀၊ လူဦးရေ ၁,၁၀၀ ကျော်ရှိပြီး အလုပ်အကိုင် အခွင့်အလမ်းမရှိသည့်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)မှ ထောက်ပံ့သည့် လူတဦးလျှင် တလ ကျပ် ၂၀,၀၀၀ နှုန်း ထောက်ပံ့ငွေဖြင့်သာ ရှင်သန်ရပ်တည်နေရကြောင်း သိရသည်။
You may also like these stories:
ရခိုင်တွင် ကုန်စျေးနှုန်းတွေတက်၊ အမိုးအကာရရှိရေး အခက်အခဲဖြစ်နေ
မုန်တိုင်းဒဏ်ခံ ရခိုင်ပြည်နယ်တွင် အရေးပေါ် အကူအညီ လိုအပ်နေ