ပဲခူးတိုင်းအရှေ့ခြမ်း ၊ ဝေါမြို့နယ်က အရပ်သား ၅ ဦး စစ်ကောင်စီ၏ စစ်ကြောရေးတွင် သေဆုံးသွားပြီးနောက် ဝေါမြို့နယ် အရှေ့ဘက်ရွာများမှ ဒေသခံများ စိုးရိမ် ထိတ်လန့်နေကြကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၇ရက် ည ၇နာရီခန့်က ဝေါမြို့နယ် အရှေ့ဘက် ညောင်ခါးရှည်စံပြရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ဝင်တိုက်ရာ ရဲ ၁ ဦး သေဆုံးခဲ့သဖြင့် စစ်တပ်၊ရဲနှင့် ပျူစောထီးအဖွဲ့ဝင်များက ညောင်ခါးရှည်၊ ဖိုးစပါယ်၊ ကတွတ် နှင့် ကျုံပါရွာတို့မှ ဒေသခံ ၃၄ ဦးကို ဖမ်းဆီးစစ်ဆေးရာ ၅ဦးမှာ စစ်ကြောရေးတွင် အသက်ဆုံးခဲ့ရသဖြင့် ဒေသခံ များမှာ လုံခြုံရေးနှင့် အသက်အန္တရာယ်အတွက် စိုးရိမ်နေခြင်းဖြစ်သည်။
အမည်မဖော်လိုသော ဝေါဒေသခံတဦးက “ဝေါမြို့နယ်အနေအထားက မစ်ရှင် လာလုပ်သွားတာရှိတယ်။ စခန်းကိုဝင်ပစ် တာပေါ့။ နောက်ဆက်တွဲက ညောင်ခါးရှည်၊ ဖိုးစပါယ်၊ ကတွတ်၊ ကျုံပါတို့က ဒေသခံတွေ အဖမ်းခံလိုက်ရတယ်။ အဖမ်းခံရ တဲ့ လူတွေထဲမှာ သေသွားတယ်လို့လည်း သတင်းတွေ ထွက်နေတယ်။ နာရေးလုပ်ဖို့ကို အကြောင်းကြားလာတာ လည်းရှိ တယ်။ အဲဒီလိုဆိုတော့ ကျနော်တို့ဘက်မှာ စိုးရိမ်ထိပ်လန့်တာ၊ စိတ်မကောင်းတွေလည်း ဖြစ်။ တော်တော်ကြီးလည်း ကြောက်လန့်တုန်လှုပ်နေကြတာပေါ့” ဟုဆိုသည်။
ဖမ်းဆီးခံရသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင် ၄၁ အနီးရှိ အမှတ် (၉၀၁) အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ်သို့ ခေါ်သွားကာ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဝေါမြို့နယ် ပ.က.ဖ တာဝန်ရှိသူက ဆိုသည်။
ဝေါမြို့နယ် ပ.က.ဖ တာဝန်ရှိသူက “ဖမ်းဆီးသွားတဲ့အထဲမှာ ပြီးခဲ့တဲ့ လက ဆိုရင် ကျုံပါရွာက အောင်မြင့်သိန်း မိသားစုကို ခေါ်တယ်။ အလောင်းပြတယ်။ အလောင်းကလည်း ရိုက်နှက် ထုနှက်ထားတဲ့ ဒဏ်ရာတွေနဲ့ပေါ့။ ပြီးခဲ့တဲ့ အပတ်ကတော့ နောက်ထပ် ၄ ယောက်ကိုပေါ့။ အလောင်းတော့ မပြဘူး။ ဘယ်နေ့သေတယ်ဆိုတာလည်း မပြောဘူး။ မိသားစုဝင်တွေကို ဝေါရဲစခန်းကနေပြီး နာရေးလုပ်ချင်ရင် လုပ်လို့ရတယ်ဆိုပြီး အရပ်သားတယောက်ကို လှမ်းပြောခိုင်းတာပေါ့” ဟု ဆိုသည်။
နာရေးလုပ်နိုင်ကြောင်း ရဲစခန်းက အကြောင်းကြားသည့် ၄ ဦးမှာ ဖိုးစပါယ်ရွာမှ အသက် ၅၃ နှစ်အရွယ် ဒေါ်တင်မျိုးခိုင်၊ အသက် ၅၂ နှစ်အရွယ် ဦးဝင်းဇော်ဌေး၊ အသက် ၄၅ နှစ်အရွယ် ကိုဆံရှည်နှင့် ကျုံပါရွာက အသက် ၆၀ အရွယ် ဦးမြသိန်းတို့ ဖြစ်ကြောင်း ဝေါမြို့နယ် ပ.က.ဖ တာဝန်ရှိသူတဦးက ဆိုသည်။
ဒေသခံအမျိုးသားက စစ်ကောင်စီတပ်သည် သံသယဖြင့် ဖမ်းဆီးထားသူများထဲမှ အချို့ကိုပြန်လွှတ်ပေးသော်လည်း လူ ၁၉ ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ် ကြောင်းဆိုသည်။
၎င်းက “အဖမ်းခံရတဲ့အထဲက ၅ ယောက်ထက်မနည်းကို ဝေါတရားရုံးမှာ ရုံးထုတ်တာရှိတယ်။ ဘာအမှုတွေ တပ်ထား သလဲတော့ ကျနော်လည်းမသိဘူး။ ညောင်ခါးရှည်က လူ ၁၀ ယောက်လောက်ကို ပြန်လွှတ်တယ်။ ၂ ယောက်ကတော့ ကျန်တယ်။ ဖိုးစပါယ် ၊ ကတွတ်နဲ့ ကျုံပါက လူတွေကတော့ ဖမ်းပြီး တယောက်မှ ပြန်လွှတ်တယ် မကြားဘူး” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက သံသယဖြင့် ဖမ်းထားသည့် အရပ်သား ၅ ဦး စစ်ကြောရေးတွင် သေဆုံးသွားသည်ဟု ကြားရသဖြင့် ဝေါမြို့နယ် အရှေ့ဘက် ရွာများမှ ဒေသခံများသည် ဝမ်းနည်းနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လှည့်ကင်းများ ၊ ကင်းပုန်းများကိုလည်း သတိထားနေရကြောင်း၊ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဝေါမြို့နယ်အတွင်း ယခင်က ယင်းကဲ့သို့ ဖမ်းဆီးသတ်ဖြတ်ခြင်း မရှိခဲ့ကြောင်းလည်း ဆိုသည်။
၎င်းက “အခုကတော့ ဒီတနယ်လုံးက ရင်ထုမနာ ဖြစ်နေကြတာပေါ့။ ခံစားရတာပေါ့။ ဒီလောက်အထိ ဖြစ်စရာမှ မလိုတာ။ တကယ်လို့ သူတို့က သံသယနဲ့စွဲတယ်ဆိုရင်တောင် အမှုတွေ ဘာတွေဖွင့်ရမှာပေါ့။ သတ်ဖြတ်လိုက်တဲ့ အပေါ် အကုန် လုံးက ထိတ်လန့်တုန်လှုပ်ကြတာပေါ့။ အကုန်လုံးက တနယ်ထဲမှာ ညီအကို မောင်နှမတွေလိုဘဲ နေကြတာဆိုတော့ စိတ်ထဲ တနုံ့နုံ့နဲ့ ဖြစ်နေကြတာပေါ့” ဟုဆိုသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇွန်လ ၂၀ ရက်ထုတ်ပြန်ချက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစတင်ကာ လက်ရှိအချိန်အထိ သေဆုံးခဲ့သည့် ဒီမိုကရေစီအရေးလှုပ်ရှားသူနှင့် ပြည်သူ ၃၆၇၉ ဦး ရှိပြီး စစ်ကောင်စီ၏ ဖမ်းဆီးခံထားရသူ ၁၉၀၄၄ ဦးရှိကြောင်းသိရသည်။
You may also like these stories:
အထင်သေး မရသော ပဲခူးရိုးမ တော်လှန်ရေးမီးတောက်များ
ကျောက်ကြီးတွင် စစ်ကောင်စီတပ် အင်အားဖြည့်နေ
မုန်းဒေသခံ ၁၄ ဦး စစ်ကောင်စီ ဖမ်းထား