ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူရွာရှိ ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ အုပ်ချုပ်ရေးရုံးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဇွန်လ၂၀ ရက် ည ၁၀ နာရီတွင် ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း KIA ထံမှ သိရသည်။
KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ဝင်စီးပြီးမှ လူဖမ်းတာကတော့ သေချာပါတယ်။ တခြား အခြေ အနေတွေကတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ ဝင်စီးတယ်။ အကုန်လုံးကို မီးရှို့ပစ်လိုက်တယ်။ လူတချို့ကို ဖမ်းသွား တယ်လို့ ပြောကြတယ်။ တချို့တွေကတော့ သေသွားတယ်ကြားပါတယ်။ ဘယ်နှဦးဘယ်နှယောက်သေသလဲ၊ ဖမ်း သွားသလဲဆိုတာတော့ ကျနော် အတည်ပြုပြောလို့ မရပါဘူး” ဟု ဆိုသည်။
KIA ၏ အုပ်ချုပ်ရေးရုံးသည် ဖားကန့်မြို့အပြင်တနေရာ၌ ဖွင့်ထားခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အား သုံးကာ ဝင်ရောက်စီးနင်းသွားခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဗိုလ်မှူးကြီး နော်ဘူက “အခုရုံးကတော့ ဖားကန့်မြို့ထဲမှာ ဖွင့်ထားတာတော့ မဟုတ်လောက်ပါဘူး။ မြို့ပြင်ပေါ့။ မြို့က နည်းနည်းဝေးတဲ့နေရာမှာ ဖွင့်တာပါ။ သူတို့ဘာကြောင့် အခုလို ဝင်စီးသလဲတော့ ကျနော်လည်း မသိရသေးဘူး။ ဝင်စီးတဲ့ တပ်ရင်းတပ်ဖွဲ့တော့ မသိဘူး။ ဖားကန့်အခြေစိုက်တပ်လို့ပဲ သိရတယ်။ တိုက်ပွဲကတော့ အဲဒီဘက်မှာ လောလောဆယ်ဖြစ်တာတော့ မရှိပါဘူး” ဟု ဆိုသည်။
လုံခြုံရေးအရ အမည်မဖော်လိုသည့် ဖားကန့်ဒေသခံအမျိုးသားတဦးကလည်း စစ်ကောင်စီ၏ တပ်မ ၃၃ လက်အောက်ခံ တပ်ဖွဲ့ဝင်များသည် ဖားကန့်မြို့တောင်ဘက် ဆိပ်မူရွာအနီး ဆိုင်းတောင် အမှတ် ၃ ရပ်ကွက်ရှိ KIA ရုံးကို ကား ၅ စီးဖြင့် လာရောက်၍ ရုံးအတွင်းရှိလူများအား ပစ်ခတ်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ပြောဆိုသည်။
၎င်းက “စတင် ဝင်ရောက်လာကတည်းက သေနတ်ပစ်ဖောက်ပြီး ဝင်လာတာဖြစ်တယ်။ အနည်းဆုံး လူ ၃ ဦးထက် မနည်း သေတယ်။ ၇ ဦး ဒဏ်ရာရတယ်။၂၀ ထက်မနည်း ဖမ်းဆီးခံရပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အနေ အထား ကလည်း ပစ်လို့ခတ်လို့ KIA တပ်ဖွဲ့ဝင်တွေ အဖမ်းခံရတာမျိုး မဟုတ်ဘဲနဲ့ KIA၊ KIO က ကျောက်စိမ်းမှော် ဒေသ ဖြစ်တဲ့အတွက် အမှုအခင်းတွေရှိလို့ လာတိုင်တာတွေရှိရင် အမှုစစ်ဖို့ ထိန်းသိမ်းထားတဲ့ အချုပ်သား ယာယီ ထားတဲ့နေရာ၊ အချုပ်သားတွေရှိနေတဲ့ နေရာပါ” ဟု ဆိုသည်။
လက်ရှိတွင် သေဆုံးသူ ၃ ဦး၏ အလောင်းမှာ ဖားကန့်ဆေးရုံသို့ ရောက်နေပြီး ဖမ်းဆီး ထားသူများကို စစ်ကောင်စီက ဖားကန့်ဗျူဟာကုန်းဘက်ကို ခေါ်ဆောင်သွားကြောင်း ဖားကန့်ဒေသခံအမျိုးသားတဦးက ပြော သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ ဖားကန့်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသူ၂၀၀ နီးပါးရှိနေပြီဖြစ်ကြောင်း ဖားကန့်ဒေသခံများထံမှ သိရသည်။
ဖားကန့်ဒေသခံ အမျိုးသားတဦးက “မှော်ပုံရွာမှာ အဖမ်းခံရတာဆိုရင် လွန်ခဲ့တဲ့ ၅ လလောက်ကဖြစ်တယ်။ အဲဒီမှာ ဆိုရင် တက္ကသိုလ်တက်နေတဲ့ မိန်းကလေး ၅ ဦးပါတယ်။ သူတို့လည်း အခုအချိန်အထိ သတင်းအစအနကို မရတာ။ တကယ်ဆိုရင် ဖြစ်သင့်တာက ဖမ်းဆီးပြီးသွားရင် ရဲစခန်းကိုလွှဲ အမှုဖွင့်ပြီး တရားရုံးရောက်ရမှာ အဲဒီလိုမဟုတ်ဘူး။ ဖမ်းသွားတာပဲ ရှိတာ။ ဒါ့ပြင် မေတ္တာရှင် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ကိုမင်းအောင်အပါအဝင် စစ်တပ်က လူ ၂၀၀ လောက်ကို ဖမ်းထားဆဲပဲ။ တယောက်ကိုမှ အမှုဖွင့်လာတာ မရှိဘူး” ဟု ဆိုသည်။
ယင်းပြင် ဖားကန့်မြို့နယ်၌ မည်သည့်အဖွဲ့၏ လက်ချက်မှန်းမသိဘဲ ပျောက်ဆုံးသွားသူ ၂၀ ထက်မနည်း ရှိနေ ကြောင်းလည်း ဆိုသည်။
မကြာသေးသည့် ဇွန် ၁၃ ရက် ညနေပိုင်းကလည်း ဖားကန့်မြို့၊ ဥရုရတနာကျောက်စိမ်းတောင်တံတားအနီးရှိ မြို့မ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးသိန်းလွင်သည် ရုတ်တရက်ပျောက်ဆုံးသွားပြီး အမည်မသိလူတဦးက မိသားစုထံ ငွေကျပ်သိန်း ၃၀၀ အပါအဝင် ရွှေ ၁၀ ကျပ်သားဖြင့် ပြန်ရွေးရန် ဖုန်းဆက် အကြောင်းအကြားမှု ရှိခဲ့သည်။
ဖားကန့်မြို့ဒေသခံတဦးကမူ လက်ရှိ ဖားကန့်အခြေအနေသည် ဥပဒေစိုးမိုးမှုမရှိဘဲ လူထုသည် စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေရကြောင်း ပြောသည်။
၎င်းက “ဦးသိန်းလွင်တို့လို လူတွေဆိုရင် ဖားကန့်မှာ လူသိများတဲ့သူတွေပေါ့။ ဖားကန့်မှာက KIA ဘက်ကဆိုရင် တပ်မဟာ ၂ တို့ တပ်ရင်း ၆ တို့ရှိတယ်။ သူတို့ကလည်း ဘာမှထုတ်ပြန်တာတော့ မရှိဘူး။ လူပျောက်မှုတွေနဲ့ ပတ်သက်ပြီး KIA နဲ့ စစ်ကောင်စီဘက်က နီးစပ်ရာကို သက်ဆိုင်ရာ မိသားစုတွေက စုံစမ်းကြည့်တဲ့အခါကျရင် ငြင်းကြ တယ်။ အဲဒီလိုဆိုတဲ့အခါကျတော့ ဖားကန့်မှာသူတို့အပြင် တခြားအဖွဲ့တွေများရှိမလားလို့ တွေးစရာတွေ ဖြစ်ကုန်တာ။ ဒါပေမယ့် သေချာတာက ဖားကန့်မှာ စစ်ကောင်စီနဲ့ KIA မသိဘဲ ဘာမှလုပ်မရဘူး ဆိုတာပဲ” ဟု ဆိုသည်။
You may also like these stories:
ဖားကန့် ကျောက်လုပ်ငန်းရှင်များကို စစ်ကောင်စီက ငွေညှစ်ဖမ်းဆီးမှုများ လုပ်နေ
အရပ်သား ၅ ဦး စစ်ကြောရေး၌ သေဆုံးပြီးနောက် ဝေါဒေသခံများ ထိတ်လန့်နေ
ဒီပဲယင်း NLD အမတ်ဟောင်း ဦးဝင်းမြင့်အောင်ကို ပကဖ ဖမ်းဆီး
KNU ခေါင်းဆောင် ၅ ဦးအား စုံစမ်းစစ်ဆေးမှု အဖြေမထွက်ဘဲ ကြန့်ကြာနေ