စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အနောက်ခြမ်း ကျေးရွာများသို့ ဇွန် ၁၇ ရက်မှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ ပျူစောထီးများပူးပေါင်း၍ စစ်ကြောင်းထိုးနေပြီး ဒေသခံများအား ဓားစာခံအဖြစ် ဖမ်းဆီးခြင်းသတ်ဖြတ်ခြင်း၊ ရွာမီးရှို့ခြင်း များ ပြုလုပ်လျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
ဝက်လက် ဒေသခံတဦးက “ဝက်လက်မြို့နယ်အနောက်ခြမ်းကို အင်အား ၁၇၀ လောက်ပါတဲ့ စစ်ကြောင်းက၂ ဖွဲ့ခွဲပြီး ရွာတွေကို ဝင်စီးမီးရှို့ ပစ္စည်းတွေကို လုယက်ယူဆောင်နေတာတွေ လုပ်နေတာ တပတ်လောက်ရှိပြီ။ ရွာ ၃၀ လောက် လည်း ပြေးနေကြရတယ်။ သတ်ဖြတ်ခံရတဲ့ ပြည်သူတွေလည်း ၁၀ ယောက်ထိ ရှိနေပြီ။ ဒီနေ့ဆိုရင် စစ်ကိုင်း- ရွှေဘို ကားလမ်းပေါ်မှာရှိတဲ့ သားနားရွာကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ဝင်စီးနေတယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ စစ်ကြောင်းထိုးလာခြင်းကြောင့် ဝက်လက်မြို့နယ်အနောက်ခြမ်းမှ ကံပလုပ်၊ တဲကော၊ မင်္ဂလာရေစဉ်၊ ဘုရားပြန်၊ ဆင်နှာမောင်းကုန်း၊ သားပျောက်ကုန်း၊ မောက်ကဒီး၊ ရေဆိုးတွင်၊ လေးတဲ၊ ရေတွင်းကုန်း၊ သာစည်လေး၊ ကျောက်ကုန်း၊ သက်ရက်ချို၊ ထန်းတောဆိပ်၊ ဒီလုံးပို၊ ရွာသာကြီး၊ တံတားဦး၊ မူးကြီး၊ တကောင်းထောင့်၊ ဝက်သိုးကုန်း၊ တကောင်းမင်း၊ နှောပင်၊ ကျီးဖြူ၊ ကျီးကန်၊ ပင်းဇင်း၊ လှတော၊ မောက်ကြိုး၊ သားနား စသည့် ကျေးရွာများမှ ဒေသခံများ မှာလည်း စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။
ဝက်လက်မြို့နယ်အနောက်ခြမ်းသို့ ဝင်ရောက်နေသည့် စစ်ကြောင်းမှာ စစ်ကိုင်းမြို့နယ် ပဒူကျေးရွာမှတဆင့် ဆား တောင်မြို့ အနီးဝန်းကျင်ကျေးရွာများအား ဝင်ရောက်ခဲ့သော တပ်မ ၃၃ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဆားတောင် ရဲစခန်းမှရဲတပ်ဖွဲ့ဝင်များ၊ ပျူစောထီးများပါဝင်ကြောင်း သိရသည်။
ဝက်လက်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ဗိုလ်မြေသြဇာက “စစ်ကြောင်းထိုးလာတာက ဝက်လက်မြို့နယ် အရှေ့ခြမ်းကနေ စစ်ကိုင်းဘက်ကို ကူးပြီးထိုးလာတဲ့ စစ်ကြောင်းပါ။ စစ်ကိုင်းမြို့နယ် ဆားတောင်ဘက်ကနေ ထိုး လာတဲ့ စစ်ကြောင်းက ဝက်လက်နယ်အနောက်ခြမ်းကို ဆက်ပြီး စစ်ကြောင်း ထိုးနေတာ၊ မနေ့က ရွာသာကြီး ရောက်တော့ စစ်ကြောင်း၂ ကြောင်း ဖြန့်ခွဲပြီးတော့ ကျေးရွာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ပြီးမှ ဝင်စီးနေကြတာ” ဟု ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ဆားတောင်နယ်မှတဆင့် ဝက်လက်နယ်ဘက်သို့ ကူးလာပြီးနောက် ဘုရားပြန်ကျေးရွာမှ အိမ်ခြေ ၁၀၀ ကျော်အပါအဝင် ကံပလုပ်၊ တဲကော၊ မင်္ဂလာရေစဉ်၊ ဆင်နှာမောင်းကုန်း၊ သာစည်လေး၊ လေးတဲ၊ မူး ကြီး၊ တကောင်းမင်း၊ ကျီးကန်(တ) ကျေးရွာမှ နေအိမ်များကိုလည်း မီးရှို့ ဖျက်ဆီးခဲ့သလို မောက်ကဒီး၊ ရေဆိုးကုန်း ကျေးရွာဘက်ရှိ စစ်ရှောင်တဲများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
စစ်ဘေးရှောင်ကူညီနေ သူတဦးက “အခု စစ်ကြောင်းက ရွာတွေကို ဝင်စီးတဲ့အခါ အရင်ကလိုမျိုးမဟုတ်ဘဲ ရွာတွေ၊ စစ်ရှောင်တဲတွေဆိုရင်လည်း PDF စခန်းတွေဆိုပြီး မီးရှို့နေကြတာ၊ ဖမ်းမိတဲ့သူတွေဆိုရင်လည်း PDF တွေလို့ စွပ်စွဲပြီး ရက်ရက်စက်စက် သတ်ဖြတ်နေ တာမျိုးတွေ လုပ်နေကြတာ။ ရွာဝင်ရွာထွက်တွေကိုလည်း လက်နက်ငယ်တွေနဲ့ ပစ်ပြီးမှ ဝင်ထွက်လုပ်နေကြတာ၊ သူတို့လာမှ ပြေးတဲ့ရွာသားတွေဆိုရင်လည်း လိုက်ပြီး ပစ်တာတွေ လုပ်ကြသေးတယ်” ဟု ပြောသည်။
ဒေသခံများ ဖမ်းဆီးသတ်ဖြတ်ခံရမှုအနေဖြင့် ဇွန် ၁၃ ရက်တွင် သာဇင်ရွာအား စစ်ကြောင်းထိုးမီးရှို့ခဲ့သည့်အပြင် ဒေသခံ အသက် ၆၀ အရွယ် အမျိုးသမီးတဦးအား သတ်ဖြတ်ခဲ့ပြီး၊ ဇွန် ၁၉ ရက်က သာစည်လေးကျေးရွာအား ဝင် ရောက်စီးနင်းရာတွင် ပြည်သူ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို ကျောက်ကုန်းကျေးရွာခံ အသက် ၅၀ ဝန်းကျင် ညီအစ်ကို ၂ ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း၊ ယင်းပြင် ကံပလုပ်ကျေးရွာမှ ဒေသခံ ၁၀ ဦးခန့်ကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း Wetlet Informational Network ထံက သိရသည်။

ထို့ပြင် ဇွန်လ ၂၁ ရက်က မူးကြီးရွာရှိ နေအိ်မ် ၁၂ လုံး မီးရှို့ဖျက်ဆီးခဲ့ပြီး ဇွန်လ ၂၂ ရက်ကလည်း တကောင်းမင်း ကျေးရွာမှ အသက် ၃၀ အရွယ်နှင့် ၊ ၅၀ အရွယ် အမျိုးသား ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး နေအိမ် ၁၅ လုံးခန့်၊ ဆိုင်ကယ် ၉ စီး၊ ကားတစီးတို့အား မီးရှိုှု့ဖျက်ဆီးသွားသလို အမျိုးသား၂ ဦးကိုလည်း ဓားစာခံအနေဖြင့် စစ်ကြောင်း တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းသည် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခံ ရခြင်းများကြောင့် ထိခိုက်ဒဏ်ရာရသူများကို အရာတော်မြို့နယ်အတွင်းရှိ သလဲဘာကျေးရွာ ပျူစောထီး အထိုင် စခန်းသို့ ဇွန်လ၂၁ ရက်က ထားရှိပြီးနောက် သလဲဘာကျေးရွာမှ ပျူစောထီးများဖြင့် ထပ်မံ အင်အားဖြည့်ကာ ဆက်လက် စစ်ကြောင်းထိုးနေခြင်းဟု ဒေသခံတော်လှန်ရေး အင်အားစုများက ဆိုသည်။

ဇွန် ၁၆ ရက်ကလည်း ဝက်လက်မြို့အနောက်ဘက်အထွက် ဘက်စုံမူးအနီးရှိ လယ်မြေများ၌ ဒေသခံများ မိုးစပါး စိုက်ပျိုးနေချိန် စစ်ကောင်စီစစ်ကြောင်း၏ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် သခွတ်တော ကျေးရွာသား ကိုရဲမော်ဆိုသူ ဦးခေါင်းအား လက်နက်ကြီးစ ထိမှန်ပြီး သေဆုံးခဲ့ရသည်။
ယခုအခါ ဝက်လက်မြို့နယ်အနောက်ခြမ်းသို့ စစ်ကြောင်း ဆက်လက် ထိုးနေဆဲဖြစ်သောကြောင့် စစ်ကြောင်းနှင့် နီးနေသည့်ကျေးရွာများမှစစ်ရှောင်များမှာ ရပ်ရွာများအတွင်း ပြန်လည် ဝင်ရောက် နေထိုင်ခြင်းမရှိသေးသဖြင့် စာနပ်ရိက္ခာများ ခက်ခဲနေသလို မိုးရွာသွန်း၍ အမိုးအကာ မရှိဘဲ ဖြစ်သလို နေထိုင်ကြရကြောင်း သိရသည်။

စစ်ရှောင်တဦးက “စစ်ကြောင်းက ဆက်တိုက်ထိုးနေတော့ ကျနော်တို့လည်း ကိုယ့်ရွာထဲကို ပြန်မကပ်ရဲကြသေးဘူး၊ လတ်တလော ဘေးလွတ်ရာမှာပဲ ရှောင်တိမ်းနေကြရတာပေါ့၊ အခုနောက်ပိုင်း စစ်ကြောင်း ဝင်လာတာက ခပ်စိပ်စိပ် ဖြစ်လာတော့ စိုက်တာပျိုးတာတွေလည်း ဘာမှမလုပ်နိုင်ကြသေးဘူး။ စစ်ကြောင်းထွက်ရင် စိုက်ဖို့ပျိုးဖို့ လုပ်လိုက် စစ်ကြောင်းဝင်လာရင် ပြေးလိုက်နဲ့ လုပ်နေရတာ၂ နှစ်ကျော်ပြီ” ဟု ပြောသည်။
ယနေ့တွင်လည်း စစ်ကောင်စီစစ်ကြောင်းသည် စစ်ကိုင်း-ရွှေဘိုလမ်းပေါ်ရှိ သားနားကျေးရွာအား ဝင်ရောက်စီးနင်း နေပြီး ရွှေဘိုမြို့သို့ ဝင်ရောက်မည့်အခြေအနေ ရှိနေကြောင်း သိရသည်။
You may also like these stories:
ဒီပဲယင်း NLD အမတ်ဟောင်း ဦးဝင်းမြင့်အောင်ကို ပကဖ ဖမ်းဆီး
အရာတော်မှ လူငယ် ၃ ဦး ဖမ်းခံရပြီးနောက် အဆက်အသွယ်ပြတ်နေ
ရှမ်း-ကယား နယ်စပ်မှ ဒေသခံပြည်သူ ၃၀ ကျော် စစ်ကောင်စီသတ်ဖြတ်