ဝဂ္ဂနာ ကြေးစားစစ်သားအဖွဲ့၏ ပုန်ကန်ရန်ကြိုးစားမှုသည် မော်စကို၏ “ပြည်တွင်းရေး” သာဖြစ်ကြောင်း တရုတ်အရာရှိများကပြောပြီး နိုင်ငံပိုင်မီဒီယာတခုက ရုရှားမှ သဘောထားကွဲလွဲမှုများသည် အနောက်နိုင်ငံများက အမြတ်ထုတ်သည့် ထင်ယောင်ထင်မှားဖြစ်မှုဟု ဖော်ပြသည်။
၂၀၀၀ ပြည့်နှစ်တွင် အာဏာရလာပြီးနောက် သမ္မတ ပူတင်၏ အာဏာချုပ်ကိုင်မှုကို အပြင်းထန်ဆုံး စိန်ခေါ်မှုဖြစ်သည့် ဝဂ္ဂနာပုန်ကန်မှုအပြီးတွင် ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး အင်ဒရေ ရူဒန်ကိုသည် တနင်္ဂနွေနေ့က ဘေဂျင်းတွင် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။
ရူဒန်ကိုသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် တရုတ်-ရုရှားဆက်ဆံရေး၊ နိုင်ငံတကာနှင့် ဒေသတွင်း ဘုံစိုးရိမ်ပူပန်မှုများကို ဆွေးနွေးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကနဦးဖော်ပြသည်။
ထို့နောက် တရုတ်နိုင်ငံသည် ရုရှားနိုင်ငံတည်ငြိမ်ရေးကို ထောက်ခံကြောင်း ပြောသည်။
“ခေတ်သစ်တွင် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံနှင့် ကျယ်ပြန့်သော သေနင်္ဂဗျူဟာမိတ်ဘက်အဖြစ် တရုတ်သည် ရုရှားနိုင်ငံ တည်ငြိမ်မှုထိန်းသိမ်းရေးနှင့် တိုးတက်ကြွယ်ဝရေး ကိုထောက်ခံသည်” ဟု ပူတင်ကို ရည်ညွန်းခြင်းမရှိဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
တရုတ်နိုင်ငံသည် မော်စကိုမှ ခေါင်းဆောင်မှုကို ထောက်ခံသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
“ဇွန်လ ၂၄ ရက်နေ့က ဖြစ်ပွားသော ဖြစ်ရပ်နှင့်ပတ်သက်ပြီး နိုင်ငံတွင်းအခြေအနေ တည်ငြိမ်စေရန် ရုရှားဖက်ဒရေးရှင်း ခေါင်းဆောင်ပိုင်း၏ အားထုတ်မှုများကို တရုတ်နိုင်ငံဘက်က ထောက်ခံသည်” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
ရူဒန်ကိုသည် ဘေဂျင်းသို့ မည်သည့်အချိန်က ရောက်နေသည်နှင့် ရုရှား၏ အဓိက မဟာမိတ်ဖြစ်သော တရုတ်သို့ သူလာရောက်ခြင်းသည် ကြေးစားတပ်ဖွဲ့ခေါင်းဆောင် ယက်ဂျနီ ပရီဂိုဇင်ဦးဆောင်သည့် ပုန်ကန်မှုအတွက် တရုတ်သို့သွားရောက်ခြင်း ဟုတ်၊ မဟုတ် မသိရပေ။
ပရီဂိုဇင်က သူ၏ တိုက်ခိုက်ရေးသမားများကို နောက်ပြန်ဆုတ်ပြီး ဘယ်လာရုစ်သို့ ရွှေ့ပြောင်းသွားရန် သဘောတူသောကြောင့် ဝဂ္ဂနာကြေးစားစစ်သားများကို ရာဇဝတ်မှုမှ လွတ်ငြိမ်းခွင့်ပေးသည့် သဘောတူညီချက် ရရှိပြီနောက် စနေနေ့တွင် ထိုပုန်ကန်မှု အဆုံးသတ်သွားသည်။
ရုရှားနိုင်ငံ တည်ရှိမှုကို ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ပူတင်ပြောသည့် ထိုပုန်ကန်မှုနှင့် ပတ်သက်ပြီး တရုတ်က အစောပိုင်းတွင် မည်သည့်မှတ်ချက်မှ မပေးပေ။
ထိုပုန်ကန်မှုကို တရုတ် မီဒီယာများက အနီးကပ် စောင့်ကြည့်နေပြီး မည်သည့် တရားဝင်မှတ်ချက်မှ မပေးမီ ကောက်ချက်ချခြင်းကို ရှောင်ရှားသည်။
ပရီဂိုဇင် ပုန်ကန်မှုကို ပုံကြီးချဲ့ခြင်းနှင့် ရုရှားတွင် အတွင်းပဋိပက္ခများစွာ ရှိသည်၊ ရုရှားဖွဲ့စည်းပုံ ပြိုကျနေသည်ဆိုသည့် ထင်ယောင်ထင်မှားဖြစ်ရန် ဖန်တီးခြင်းသည် အနောက်မီဒီယာများ၏ နောက်ဆုံး တိုက်ခိုက်မှုနှင့် ရုရှား၏လူမှုညီညွတ်ရေးကို ထိပါးရန် ကြိုးစားမှု ဖြစ်သည်ဟု တရုတ်နိုင်ငံပိုင် ဂလိုဘယ်တိုင်းမ် သတင်းစာက ဖော်ပြသည်။
တရားဝင် မဟာမိတ်များ မဟုတ်သော်လည်း တရုတ်နှင့် ရုရှားတို့သည် မော်စကိုက ယူကရိန်းကို ကျူးကျော်စဉ်တလျှောက်လုံး နီးကပ်သော ဆက်ဆံရေး ရှိသည်။ ထိုစစ်ပွဲကို တရုတ်က ရှုတ်ချခြင်းလည်း မရှိပေ။ အမေရိကန်ပြည်ထောင်စုနှင့် အခြား အနောက်နိုင်ငံများက ဘေဂျင်းအနေဖြင့် ယူကရိန်းစစ်တွင် သုံးရန် လက်နက်များ ရုရှားသို့ မပေးရန် တိုက်တွန်းထားသည်။
တနင်္ဂနွေနေ့တွင် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးသည် အမေရိကန်၊ ကနေဒါနှင့် ပိုလန် ခေါင်းဆောင်များနှင့် ဖုန်းဖြင့်ဆွေးနွေးခဲ့သည်။
“တိုက်ပွဲလမ်းကြောင်းတွေနဲ့ ရုရှားမှာ ဖြစ်နေတာတွေကို ကျနော်တို့ ဆွေးနွေးတယ်။ နိုင်ငံတကာစနစ်ကို ပြန်လည်ထိန်းသိမ်းတဲ့အထိ ရုရှားကို ကမ္ဘာက ဖိအားပေးရမယ်” ဟု ဇယ်လန်းစကီးက အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဖုန်းဖြင့်ဆွေးနွေးပြီးနောက် ပြောသည်။
“ပြီးခဲ့သည့်ရက်က ဖြစ်ရပ်များသည် ပူတင်အစိုးရ၏ အားနည်းချက်များကို ဖော်ထုတ်လိုက်သည်” ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။
ကိုးကား ။ ။ The Guardian သတင်း The Guardian China downplays Wagner rebellion as Russia’s ‘internal affairs’
You may also like these stories:
ပူတင်ကို ထီမထင်သည့် ကြေးစားတပ်ခေါင်းဆောင် ပရီဂိုဇင်
မြန်မာလေတပ် စစ်ရာဇဝတ်မှုတွေမှာ တရုတ်နှင့် ရုရှား ကြံရာပါ
ICC ဖမ်းဝရမ်းကြောင့် ပူတင်၏ ကမ္ဘာ ကျဉ်းမြောင်းလာ
ပူတင်က “ချစ်မိတ်ဆွေကြီး” ရှီကို ကရင်မလင်တွင် လက်ခံတွေ့