စစ်ကိုင်းမြို့နယ် ဧရာဝတီမြစ်ဘေးရှိ ကင်းတော်၊ ကိုင်းပြင်၊ ဥယျာဉ်ကျေးရွာများအနီးရှိ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (PDF) စခန်း ၃ ခုကို ယမန်မနက်ပိုင်းက စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းပြီး PDF ၁၃ ဦးနှင့် ဒေသခံ အမျိုးသား ၂ ဦး၊ အမျိုးသမီး၂ ဦးတို့ကို သတ်ဖြတ်သွားကြောင်း နယ်မြေခံတော်လှန်ရေး အင်အားစု များထံက သိရသည်။
စီးနင်းခံခဲ့ရသည့် PDF စခန်း ၃ ခုမှာ ကင်းတော်ကျေးရွာအနီးရှိ ငါန်းဇွန်မြို့နယ် ပကဖအဖွဲ့စခန်း၊ ကိုင်းပြင်ကျေးရွာ အနီးရှိ ကိုင်းပြင်ကျေးရွာ ပကဖ စခန်း၊ ဥယျာဉ်ကျေးရွာများအနီးရှိ အမရစစ်သည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဖြစ်၁၂သည်။
ကျောက်ဆည်ခရိုင် တပ်ရင်း ၂ မှ ပြန်ကြားရေးတာဝန်ခံက “ကင်းတော်စခန်းမှာက ငါန်းဇွန်ပကဖအဖွဲ့တွေပါ၊ အလောင်းကောက်ခဲ့ရတာ ၁၇ လောင်းမှာ ကျဆုံးရဲဘော် ၁၃ ယောက်နဲ့ ကင်းတော်ရွာသားက ၄ ယောက်ပေါ့။ အဲဒီမှာ တပ်ဖွဲ့ဝင်ရဲဘော်အချို့ရဲ့ မိန်းမတွေကို အဓမ္မပြုကျင့်ပြီးမှ ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့လက္ခဏာတွေ တွေ့ရ တယ်။ အရှင်ဖမ်းမိတဲ့သူတွေကိုလည်း သတ်ဖြတ်သွားတာမျိုးပဲဗျ။ ဝင်စီးခံရတာက ၃ နေရာဆိုပေမယ့် Camp တခုမှာ ပဲ ကျနော်တို့ ရဲဘော်တွေ အသက်ပေးခဲ့ရတာ။ ကျန်တဲ့ ကိုင်းပြင်ပကဖနဲ့ အမရစစ်သည်တော်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ Camp ၂ ခုကတော့ လူတွေ ဘာမှ မဖြစ်ပေမယ့် ပစ္စည်းတွေတော့ ပါသွားတယ်” ဟု ပြောသည်။
အဆိုပါ စခန်းများသို့ အင်အား ၃၀၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက မန္တလေးတိုင်း၊ ငါန်းဇွန်မြို့ နယ်ဘက်မှ စစ်ကိုင်းမြို့နယ်၊ ကင်းတော်ကျေးရွာဘက်သို့ ဧရာဝတီမြစ်ဖြတ်ကူးကာ ကုန်းကြောင်း၊ ရေကြောင်း စစ် ကြောင်းခွဲဖြန့် ဝင်ရောက်လာပြီး နံနက် ၅ နာရီခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ ဝင်ရောက် စီးနင်းခဲ့ကြခြင်း ဟု သိရသည်။
ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ငါန်းဇွန်ဘက်ကနေ မြစ်ကူးပြီး ကုန်းကြောင်းကတကြောင်း၊ ရေကြောင်းကတကြောင်း နှစ်ဖက်ညှပ်ပြီး လာကြတာ/ မနက် ၅ နာရီလောက်မှာ သေနတ်သံတွေ ကြားရတယ်။ အဲဒီ အချိန်မှာ ငါန်ဇွန်အဖွဲ့ရဲ့ ကင်းတော် Camp က်ို ဝင်စီးပြီးသွားပြီ။ ကင်းတော် Camp က ထုတ်လုပ်ရေးကိုပါ လုပ်တာ၊ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေလည်း ရသလောက်ကာကြ ကူကြပေမယ့် သူတို့ အင်အားများလွန်းတော့ ဘယ်လိုမှ မတတ်သာတာကြောင့် ဆုတ်ပေးခဲ့ကြရတာ။ Camp တခုလုံး အိပ်ပျော်နေတဲ့အချိန် ဝင်စီးခဲ့တာမို့ ဘာမှကို မလုပ်နိုင်ခဲ့ကြဘူး၊ အလစ်အငိုက်တိုက်ခိုက်ခံရတာမို့ ဘယ်တပ်တွေပါလဲ ဆိုတာတော့ အတည်ပြုနေဆဲပါပဲ” ဟု ပြောသည်။
သေဆုံးခဲ့သည့်ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၃ ဦးမှာ ငါန်းဇွန်ပကဖအဖွဲ့မှ တပ်ဖွဲ့ဝင်များဖြစ်ပြီး အသက် ၄၀ ဝန်းကျင်၂ ဦး နှင့် အသက် ၁၇ နှစ်မှ ၂၄ နှစ်အရွယ်လူငယ်များဖြစ်ကြကာ မိသားစုဝင်များနှင့်ယနေ့နေ့လယ်ပိုင်းက သဂြိုဟ်ပြီးစီး သွားကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “မနေ့က ဖြစ်သွားတဲ့ကိစ္စက ကိုယ့်ဘက်က ပေါ့လျော့မှုတွေ ကြောင့်လည်း ပါတာပေါ့။ ဘာကြောင့်လဲဆိုတော့ ညနေပိုင်းလောက်ကတည်းက ငါန်းဇွန်ဘက်ကမ်း ကျောက်တလုံး ဆိပ်မှာ သင်္ဘောတွေ ကပ်ထားတယ်ဆိုပြီး သတင်းကြိုတင်ရထားပါလျက်နဲ့ အခုလို ဝင်စီးတာကို ခံလိုက်ကြရတာပဲ။ အခုအဖြစ်အပျက်က ကျနော်တို့ တော်လှန်ရေးအင်အားစုတွေအတွက် စစ်ရေးသတိအမြဲရှိဖို့ သတိပေးလိုက်သလိုပါပဲ” ဟု ပြောသည်။
ထိုစခန်း ၃ ခုကို ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာလာစဉ် တော်လှန်ရေး အင်အား စုများက ခြုံခိုတိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြသဖြင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက် ထိခိုက် သေဆုံးမှုများလည်းရှိနိုင်ကြောင်း၊ လတ်တလော၌ အတည်ပြု၍ မရသေးဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက “မနေ့က ကင်းတော် Camp ကနေ ပြန်ထွက်လာတဲ့ စစ်ကြောင်းနဲ့ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ ညနေပိုင်းအထိ တိုက်ပွဲဖြစ်တာတွေလည်း ရှိခဲ့တယ်၊ အဝေးက ပစ်တာမျိုး အများဆုံး လုပ်ခဲ့ကြတယ်။ ညနေပိုင်းတော့ ကုန်းကြောင်းမှာ ပိတ်မိပြီး ကျန်နေတဲ့သူတွေကို သုံးလင့်ကနေ ကားကြီး၂ စီးနဲ့ တပ်ကူလာပြီးတော့ သူတို့လူတွေကို ကယ်ထုတ်သွားကြတယ်။ ကျနော်တို့က ဆုတ်လာတဲ့ စစ်ကြောင်းကို ခြုံခို တိုက်ခိုက်တာမျိုးတွေ လုပ်ခဲ့တာမို့ တိုက်ပွဲက တနေကုန်နီးပါး ဖြစ်ခဲ့တာ” ဟု ပြောသည်။
ရေကြောင်းမှ တက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထွက်ပြေးတိမ်းရှောင်သည့် ဒေသခံများကိုလည်း သေ နတ်ဖြင့် လိုက်လံပစ်ခတ်ခြင်းများပြုလုပ်ခဲ့ရာ မြင်းဆည်ကျေးရွာမှ အသက် ၄၀ ဝန်းကျင်အရွယ် ကိုပေါက်စ ဆိုသူ ဝမ်းဗိုက်ဘယ်ဘက်ခြမ်းဖောက်ထွက် သေနတ်မှန်ဒဏ်ရာရခဲ့ရာ နီးစပ်ရာ၌ ဆေးကုပေးနေစဉ် ယနေ့နံနက်တွင် သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဧရာဝတီမြစ်ကမ်းတလျှောက်ရှိ ကင်းတော်၊ ကိုင်းပြင်၊ ဥယျာဉ်ကျေးရွာများ အပါအဝင် သုံးလင့်၊ လယ်ပါယ် တော၊ နဂါးတွင်း၊ မြင်းဆည်၊ မြစ်သာ၊ ထားဝယ်တဲ၊ တာတိုင်ကျေးရွာများနှင့် ဧရာဝတီမြစ်ကမ်းဘေးကျေးရွာများမှ ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
စစ်ကိုင်းမြို့ နယ်မှ စစ်ဘေးရှောင်ကူညီနေသူတဦးက “၇ ရွာတန်းအုပ်စုတခုလုံးက စစ်ဘေးရှောင်နေကြရဆဲ ဖြစ်ပါ တယ်။ နီးစပ်ရာဆွေမျိုးရှိတဲ့နေရာတွေနဲ့ ဘေးလွတ်ရာတွေမှာ ရှောင်နေကြရတာပေါ့၊ လောလောဆယ်ထိ စစ် ကြောင်းက မအေးသေးတော့ ဒေသခံတွေ စစ်ဘေးရှောင်နေကြရဆဲပါပဲ၊ ရွာသစ်ကြီး အနောက်ဘက် မြစ်ရိုး တလျှောက်က ကျေးရွာတွေ အကုန်လုံးနီးပါး တိမ်းရှောင်နေကြရတယ်” ဟု ပြောသည်။
ထို့ပြင် မြင်းဆည်ကျေးရွာမှ ဒေသခံအမျိုးသားတဦးကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားသလို ကင်းတော်၊ ကိုင်းပြင်၊ ဥယျာဉ်ကျေးရွာများအနီးရှိ စခန်းတဲများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပြီး လယ်ပါယ်တောရွာမှ နေအိမ်များ ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သဖြင့် အိမ်ခြေ ၁၀၀ ခန့် မီးလောင်ခဲ့ကြောင်း သိရသည်။
လယ်ပါယ်တောကျေးရွာမှ စစ်ဘေးရှောင်တဦးက “မနေ့က မနက်အစောကြီး ပစ်တာခတ်တာတွေ ကြားကတည်းက ဘာပစ္စည်းမှ မယူနိုင်ဘဲ ရွာကနေ တ်ိမ်းခဲ့ရတာ။ အိမ်တွင်းပစ္စည်းတွေရော၊ စပါးရိတ်စက်၊ ခြွေစက်တွေရော အကုန် ပစ်ထားခဲ့ရတာ။ ပြီးတော့ ဝမ်းစာနဲ့မျိုးစပါးတွေလည်း စပါးကျီထဲမှာ ဒီအတိုင်းထားခဲ့ရတာ၊ အခုအချိန်ထိ ရွာကို ပြန် မဝင်ရဲသေးတော့ ဘယ်လောက်ထိ ပျက်စီးဆုံးရှုံးသွားတယ်ဆိုတာ မသိရသေးဘူး၊ အိမ်တွေလည်း မီးလောင်ထား တာ အတော်များတယ်လို့ သိရတယ်” ဟု ပြောသည်။
စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ကင်းတော်ကျေးရွာအနီးရှိ PDF စခန်းကို စီးနင်းခဲ့ရာ PDF အလောင်း ၁၂ လောင်း၊ လူနေတဲ ၂ လုံး၊ M 22 သေနတ် ၁၂ လက်၊ ကျည်အိမ် ၃၃ ခု၊ M 22 ကျည် ၄၉၅၀ တောင့်၊ ၄၀ မမ ဆုံလည် ၁ လက်၊ ၄၀ မမ ဗုံးသီး ၈၀ လုံး၊ ၇၉ ဗုံးပစ်လောင်ချာတလက်၊ စနိုက်ပါ တလက်၊ ၇ ဒသမ ၆၂ ကျည် ၅၉ တောင့်၊ ၁၀၇ မမ ရှော့တိုက်ဒုံးသီး ၂ လုံး၊ လက်ပစ်ဗုံး ၂ လုံး၊ ပြောက်ကျားယူနီဖောင်း ၁၂ စုံ စသည့် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သလို၊ ကိုင်းပြင်ကျေးရွာ PDF စခန်းမှ လက်လုပ်စိန်ပြောင်းများ၊ လက်လုပ်သေနတ်များ၊ လက်လုပ် မိုင်းများ၊ ဥယျာဉ်ရွာအနီးရှိ PDF စခန်းမှ လက်လုပ်သေနတ်များအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်း ရရှိခဲ့သည်ဟု ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေထားကြသည်။
စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “စစ်ကိုင်းနယ် ဧရာဝတီမြစ်ကမ်းဘေးက ရွာတွေ စီးနင်းခံရ တာ ပထမဆုံးအကြိမ်တော့ မဟုတ်ဘူး၊ တာတိုင်မှာ ၁၇ ယောက် အသတ်ခံရတဲ့ဖြစ်စဉ် တကြိမ် ဖြစ်ခဲ့ဖူးတယ်။ တာတိုင်တုန်းက မိန်းကလေးတွေပါ ဖမ်းမိတာဆိုတော့ မုဒိမ်းကျင့်သတ်ဖြတ်တာမျိုးတွေပါ လုပ်သွားကြတာ၊ နောက် လယ်ကြီးက ပကဖ ခေါင်းဆောင်ကို ခေါင်းဖြတ်သတ်ပြီး ရွာလယ်မှာ ချိတ်ခဲ့တဲ့တကြိမ်အပြင် ဝင်စီးခံရတာမျိုးတွေ ကလည်း တော်တော်များများ ဖြစ်ခဲ့တာတွေ ရှိတယ်” ဟု ပြောသည်။
ယနေ့ (ဇွန် ၂၆) နံနက်ပိုင်းတွင် စစ်ကိုင်းတပ်မ ၃၃ မှ ကားကြီး ၃ စီးဖြင့် ထွက်လာသော အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် နတ်ခရိုင်ကျေးရွာအား ဝင်ရောက်စီးနင်းခြင်းများ ပြုလုပ်နေသဖြင့် ရွာလုံးကျွတ် ထွက်ပြေးနေရ ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
You may also like these stories:
မယ်စဲ့ကို ကရင်နီပူးပေါင်းတပ်တွေ ထိန်းချုပ်လိုက်ပြီ
ဖားကန့် KIA အုပ်ချုပ်ရေးရုံး စစ်ကောင်စီတပ် ဝင်စီး
ကယားနယ်ခြားစောင့်တပ်(BGF)က စစ်ကောင်စီကို ပြန်တိုက်