စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် စားနပ်ရိက္ခာ မြို့အတွင်းသို့ သယ်ယူခွင့်ကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) များမှ ယခင်က မိသားစုတစုစာ ခွင့်ပြုထားသော်လည်း ဇွန်လ တတိယပတ်မှစ၍ လုံးဝပိတ်လိုက်သဖြင့် မြို့နေပြည် သူများ အခက်အခဲဖြစ်နေကြောင်း သိရသည်။
လုံခြုံရေးအရ အမည်မဖော်လိုသည့် ဗန်းမောက်ဒေသခံတဦးက “PDF ဂိတ်မှာ ကြုံရတဲ့မြို့က လူတွေရှိတယ်။ သူတို့ကို PDF က ပြောတာပေါ့။ ဗန်းမောက်ကို မစ်ရှင်တခုအနေနဲ့ ဝင်မယ်ဆိုတဲ့ အနေအထား ရှိတယ်၊ ဗန်းမောက်ကို စားနပ် ရိက္ခာဖြတ်မယ်ပေါ့။ အထူးသဖြင့် ဗန်းမောက်ဒေသခံ ပြည်သူတွေ ဗန်းမောက်မှာ နေမရအောင်ဆိုတဲ့ အနေအထား မျိုးနဲ့ ရိက္ခာကို ဖြတ်တောက်တယ် ပြောတယ်။ အခု နောက်ပိုင်းမှာက စားသောက်ကုန်တင်မကဘူး၊ လူသုံးကုန်ပစ္စည်း အားလုံးပေါ့။ အလှကုန်ပစ္စည်းလိုဟာမျိုး။ နောက်ပြီး ကြက်စာ၊ ဝက်စာ၊ တိရစာ္ဆန်စာကအစ လုံးဝကို ဝင်ခွင့်မပေးဘူး ဆိုတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်” ဟု ဆိုသည်။
ဗန်းမောက်မြို့သို့ ကုန်စည်များသည် အင်းတော်မြို့ဘက်မှ အဓိကဝင်ပြီး အင်းတော်- ဗန်းမောက်လမ်း၌ PDF များက စစ်ဆေးရေးဂိတ်ဖွင့်ကာ ကုန်စည်သယ်ယူခွင့်ကို မေလဆန်းမှစတင်၍ ကန့်သတ်နေခြင်းဖြစ်ပြီး၊ ယခုအခါ မည်သည့် ကုန်စည်မျှ မြို့တွင် သယ်ယူခွင့် မပြုတော့ခြင်းဖြစ်ကြောင်း ဗန်းမောက်မြို့ခံအချို့က ဆိုသည်။
လက်ရှိ ဗန်းမောက်တွင် အခြေခံ စားသောက် ကုန်ဈေးနှုန်းသည် ကုန်စည်အဝင်မရှိသလောက်ဖြစ်နေသဖြင့် ဈေး၂ ဆနီးပါး တက်နေကြောင်း ဗန်းမောက်မြို့ခံ အမျိုးသားတဦးက ဆိုသည်။
၎င်းက “ဗန်းမောက်မှာက ကုန်စည်ကတော့ ဝယ်လို့ ရနေတယ်။ ဒါပေမယ့် ဈေးတွေက မြင့်တက်နေတာပေါ့။ ထန်း လျက်လိုဟာမျိုး၊ မုန့်ပဲသားရေစာလိုဟာမျိုးဆိုရင် ပြတ်နေတာပေါ့။ ကြက်သား ၁ ပိဿာကို ၁ သောင်းခွဲ ဈေး ရှိတယ်။ အရင်ကတော့ ၈၅၀၀ လောက်ရှိတာ။ ဝက်သား ၁ ပိဿာကို ၂ သောင်း ၂ ထောင်ပေါ့။ အရင်က ၁ သောင်း ၆ ထောင် ပေါ့။ ကြက်ဥက ဝယ်လို့ရပါတယ်။ ကြက်ဥ တလုံးက ၄၅၀ နဲ့ ၅၀၀ ဖြစ်သွားပါတယ်။ ၄၅၀ က အလုံးသေးပေါ့” ဟု ဆို သည်။
ထို့ပြင် ကြက်သွန်နီ ၁ ပိဿာလျှင် ယခင် ၂ ထောင်ကျပ်ကနေ ယခု ၅ ထောင်ခန့် ဈေးမြင့်တက်နေပြီူ၊ အာလူးဈေးမှာ တပိဿာလျှင် ၂၅၀၀ မှ ၄၅၀၀- ၅၀၀၀ ခန့်ထိ၊ စားအုန်းဆီ တပိဿာလျှင် ၁၅၀၀၀ ကျပ်၊ ပဲဆီ တပိဿာလျှင် ၂ သောင်းခန့်၊ ရိုးရိုးဆန်ကြမ်း ၁ ပြည်ကို ယခင် ၂ ထောင်ကျပ်မှ ယခု ၃၅၀၀ ကျပ်ထိ ဈေးနှုန်းများတက်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ဗန်းမောက်တွင် ကုန်ဈေးနှုန်းတက်နေသော်လည်း ဆေးဝါးများကမူ ဝယ်ယူ၍ ရနေဆဲဖြစ်ကြောင်း ဒေသခံတချို့က ဆိုသည်။
ဗန်းမောက်မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးကမူ ကုန်စည် ကန့်သတ်မှုရှိသည်မှာမှန်ကန်သော်လည်း မိသားစုတစုစာ ကုန်စည်သယ်ယူခွင့်ကို ခွင့်ပြုပေးမည်ဟု PDF ဘက်က ပြောဆိုမှုရှိကြောင်း ဧရာဝတီကို ရှင်းပြသည်။
အဆိုပါ သတင်းရင်းမြစ်က “ကျနော် PDF တပ်ရင်း တပ်ဖွဲ့တွေကို မေးကြည့်တဲ့အခါမှာတော့ စစ်ရေးအရ လတ်တ လော ပိတ်ပင်ထားပါတယ်။ အဲဒီလို ဖြေတယ်။ ကျန်တာတော့ မပြောဘူး။ အားလုံးတော့ ပိတ်ပင်တယ်။ မထင်ပါဘူး။ တနိုင်တပိုင် သွင်းခိုင်းမယ်လို့ ပြောပါတယ်။ ကျနော့်အနေနဲ့က စစ်ရေးအရ ဒီလိုလုပ်ရတယ်ဆိုပေမယ့် ပြည်သူတွေ အရမ်းထိခိုက်သွားရင်တော့ မကောင်းဘူးလို့ မြင်ပါတယ်” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက ဗန်းမောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့ထဲတွင် အခြေချတပ်စွဲထားကာ ဗန်းမောက်မြို့ ခံ ပြည်သူအချို့ကို ဖမ်းဆီးမှုများ ရှိကြောင်း ပြောသည်။
၎င်းက “စကစကတော့ မြို့ထဲမှာပဲ ရှိပါတယ်။ သူတို့ ဒီရက်ပိုင်းအတွင်းမှာ ထူးခြားတာက ဗန်းမောက်ရဲ့တောင်ဘက်ကို ထွက်တဲ့ အောင်သာကုန်းရပ်ကွက်အပြင်မှာ ဂိတ်တွေတားပြီး စစ်ဆေးနေတာရှိပါတယ်။ ပြင်ပကို စစ်ကြောင်းနဲ့ လှုပ် ရှားတာတော့ မရှိပါဘူး။ ဗန်းမောက်မှာ စကစက ၁၀၀ ကျော်ရှိတယ် ကြားပါတယ်။ ပျူစောထီးတွေလည်း ရှိနေပါ တယ်” ဟု ဆိုသည်။
ဗန်းမောက်မြို့နယ်အခြေစိုက် ပ.က.ဖ နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးက စစ်ရေးလိုအပ်ချက်အရ ကန့်သတ်မှုများ လုပ်လိုက်ရသဖြင့် ပြည်သူများ အခက်အခဲဖြစ်ရသည့်အပေါ် ဝမ်းနည်းရကြောင်း ဆိုသည်။
၎င်းက “ဒါက စစ်ရေးအရ လုပ်တာဆိုတော့ ကျနော်တို့လည်း ဂဃနဏတော့ မသိဘူးပေါ့။ ကျနော်တို့အပိုင်းကတော့ ပြည်သူတွေအရမ်း ထိခိုက်သွားရင်တော့ စိတ်မကောင်းဘူးပေါ့လေ။ ဒီစစ်ပွဲကြားထဲမှာ ပြည်သူတွေကြားညှပ်တာတော့ မဖြစ်စေချင်ဘူး” ဟုဆိုသည်။
ဗန်းမောက်အခြေစိုက် ပြည်သူအချို့ကလည်း ကုန်စည်သယ်ယူခွင့်ကန့်သတ်လိုက်ခြင်းသည် ပြည်သူလူထုကို အခက် အခဲတွေ့စေသဖြင့် မြို့တွင်းသို့ အခြေခံစားသောက်ကုန် သယ်ယူခွင့်ကို ပိတ်မထားဘဲ ခွင့်ပြုပေးသင့်ကြောင်း ပြောဆို ကြသည်။
ဗန်းမောက်ဒေသခံ အမျိုးသားက “ပြည်သူတွေကတော့ ဒီကိစ္စကို မလိုလားတာတော့ အမှန်ပဲ။ မကျေနပ်တာလည်း သေချာတယ်။ အဓိကကတော့ အခြေခံစားသောက်ကုန်တွေကို လွယ်လွယ်ကူကူနဲ့ အခက်အခဲမရှိ ဝယ်နိုင်အောင် ၊ စားနိုင်အောင် ပိတ်ထားတာ ပြန်ဖွင့်ပေးစေချင်တာပေါ့။ ပြည်သူတွေကတော့ ဆန္ဒတခုရှိရင်တောင်မှ လတ်တလော အခြေအနေအရ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုကို စွန့်ပြီး ထားဖို့က ခက်ခဲတာပေါ့” ဟု ဆိုသည်။
ဗန်းမောက်မြို့သည် လူဦးရေ ၂ သိန်းကျော် နေထိုင်သည့်မြို့ဖြစ်ပြီး ရွှေတူးဖော်သည့် လုပ်ငန်းများရှိသဖြင့် အခြားမြို့ များမှ လာရောက်နေထိုင် အလုပ် လုပ်ကိုင်သူများလည်း ရှိသည်။ လတ်တလောတွင် စစ်ရေးမတည်ငြိမ်မှုများကြောင့် အခြားဒေသမှ ရွှေတူးဖော်သူများသည် ဗန်းမောက်မြို့မှထွက်ခွာသွားကြပြီး ဒေသခံရွှေတူးသူများသာ ဆက်ရှိနေ ကြောင်း ဗန်းမောက်မြို့ခံများထံမှ သိရသည်။
You may also like these stories:
စစ်ကိုင်း သစ်ခိုးထုတ်မှုများ PDF အခွန်ကောက်ပြီး ခွင့်ပြုနေ
စစ်ကောင်စီတပ်ကို တိုက်ရန် ဗန်းမောက်လူထု မြို့မှ ရှောင်ပေးဖို့ PDF သတိပေး
အခွန်ငွေခွဲဝေမှုဆိုင်ရာ အငြင်းပွားမှုများကို NUG ဘယ်လို ကိုင်တွယ်မလဲ
အင်းတော်ရှိ ရွှေမျောလုပ်ကွက်တချို့ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပိတ်