မြန်မာစစ်ကောင်စီနှင့် ရုရှားတို့က လာမည့်လများတွင် စစ်ကောင်စီနှင့် ရုရှားတို့က စီစဉ်ထားသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှုကို ချက်ချင်းဖျက်သိမ်းရန် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) ကို တောင်းဆိုလိုက်သည်။
မြန်မာစစ်ကောင်စီနှင့် ရုရှားက ပူးတွဲဥက္ကဋ္ဌများအဖြစ် ကျင်းပမည့် ADMM-Plus အကြမ်းဖက်မှု တိုက်ဖျက်ရေး ကျွမ်းကျင်သူများ အလုပ်အဖွဲ့သည် ထိုစစ်ရေးလေ့ကျင့်မှုကို သြဂုတ်လနှင့် စက်တင်ဘာလများတွင် မြန်မာ၌ စားပွဲဝိုင်းလေ့ကျင့်မှုနှင့် ရုရှားတွင် မြေပြင်လေ့ကျင့်မှု ပြုလုပ်ရန် စီစဉ်ထားသည်ဟု လူ့အခွင့်အရေးအဖွဲ့အစည်း Justice for Myanmar (JFM) က ဖော်ပြသည်။
ထိုအကြမ်းဖက်မှု တိုက်ဖျက်ရေးအုပ်စုသည် အာဆီယံနှင့် ဆွေးနွေးဘက် ရှစ်နိုင်ငံမှ ကာကွယ်ရေးအရာရှိများ ပါဝင်သော ADMM-Plus အုပ်စု၏ တစိတ်တပိုင်း ဖြစ်သည်။
ထိုစစ်ရေးလေ့ကျင့်မှုတွင် ပုံစံတူပြုလုပ်ထားသည့် အကြမ်းဖက်မှုကို တုံ့ပြန်ရေး ပူးတွဲဆောင်ရွက်ရန် စစ်ရေးလေ့ကျင့်ခြင်း ပါဝင်ပြီး မြန်မာပြည်သူများကို အကြမ်းဖက်သည့် စစ်ဆင်ရေးများတွင် ပါဝင်နေသည့် အဆင့်မြင့်တပ်ဖွဲ့များ၏ စွမ်းရည်ကို မြှင့်တင်ပေးမည်ဖြစ်သည်ဟု JFM က ဖော်ပြသည်။
“အာဆီယံသည် မြန်မာမှ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို ထောက်ခံဆောင်ရွက်ရန် ပျက်ကွက်ရုံသာမက စီစဉ်ထားသော စစ်ရေးလေ့ကျင့်မှုများ ကဲ့သို့သော အထောက်အကူ၊ စစ်ကောင်စီ၏ ရာဇဝတ်မှုကို တိုက်ရိုက်အကူအညီပေးခြင်းကို တက်ကြွစွာကူညီနေသည်။ ထိုသို့ လုပ်ဆောင်ခြင်းကြောင့် အာဆီယံသည် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုတွင် ကြံရာပါဖြစ်သည်” ဟု JFM က ဖော်ပြသည်။
၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် မြန်မာစစ်ကောင်စီသည် ပြည်သူအနည်းဆုံး ၃,၆၉၂ ဦးကို သတ်ဖြတ်ခဲ့ပြီး လူပေါင်း ၂၃,၀၀၀ ကျော်ကို ဖမ်းဆီးထားကာ အရပ်သားနေအိမ်ပေါင်း ၇၀,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးသောကြောင့် လူ ၁ သန်းခွဲ နေရပ်စွန့်ခွာထွက်ပြေးနေရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့် အခြား လူ့အခွင့်အရေးအဖွဲ့များ၏ စာရင်းများအရ သိရသည်။
ဇွန်လ ၆ ရက်နေ့နှင့် ၇ ရက်နေ့များတွင် အာဆီယံနိုင်ငံများနှင့် အာဆီယံ၏ ဆွေးနွေးဘက် တရုတ်နှင့် အိန္ဒိယမှ ကိုယ်စားလှယ်များသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ADMM-Plus ကျွမ်းကျင်သူများ လုပ်ငန်းအဖွဲ့၏ ရုရှားနိုင်ငံ၊ ခါဘာရော့စ်ခ်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် နောက်ဆုံးစီမံရေး ညီလာခံ ကျင်းပသည်။ အခြား ဆွေးနွေးဘက်နိုင်ငံများဖြစ်သည့် အမေရိကန် ပြည်ထောင်စု၊ သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် နယူးဇီလန်တို့က ထိုအစည်းအဝေးကို သပိတ်မှောက်သည်။
ထိုအလုပ်အဖွဲ့ကို ၂၀၂၁ ခုနှစ်မှစတင်ပြီး မြန်မာစစ်တပ် ဒုတိယ လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ် အောင်မျိုးသန့်နှင့် ရုရှားစစ်တပ် အရှေ့ပိုင်းတိုင်း စစ်ဆင်ရေးနှင့် သေနင်္ဂဗျူဟာ ကွပ်ကဲမှုဌာနမှ ဗိုလ်ချုပ် ဂရီဂေါ်ရီ တီယူရင်တို့က ဦးဆောင်သည်။
စစ်ကောင်စီသည် ထိုအလုပ်အဖွဲ့ကို ဝါဒဖြန့်ရန် ကိစ္စများအတွက်နှင့် တရားဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) နှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများကို တိုက်ခိုက်မှုများအတွက် ဒေသတွင်း ထောက်ခံမှုရရန် အသုံးချနေသည်မှာ ကြာပြီ ဖြစ်ကြောင်း JFM က ဖော်ပြသည်။
ဇွန်လ ၆ ရက်နေ့နှင့် ၇ ရက်နေ့က ကျင်းပသည့် အစည်းအဝေးများအတွင်း မြန်မာစစ်ကောင်စီက NUG နှင့် PDF များသည် အရပ်သားများကို တိုက်ခိုက်သည့် အကြမ်းဖက်သမားများအဖြစ် ဖော်ပြထားသည့် အင်္ဂလိပ်၊ တရုတ် နှင့် ရုရှားဘာသာများဖြင့် ရေးသားဝါဒဖြန့်စာစောင်များကို အစည်းအဝေး တက်ရောက်သူများအား မျှဝေကြောင်း စစ်ကောင်စီသတင်းများအရ သိရသည်။
“မြန်မာအကျပ်အတည်းကို ကူညီဖြေရှင်းပေးရမယ့်အစား အာဆီယံရဲ့လုပ်ရပ်တွေက အခြေအနေ ပိုမို ဆိုးရွားစေပြီး အန္တရာယ်တောင်မှ ဖြစ်စေတယ်” ဟု JFM ပြောခွင့်ရသူ မရတနာမောင်က ပြောပြီး ထိုစီစဉ်ထားသော စစ်ရေးလေ့ကျင်မှုကို ချက်ချင်းဖျက်သိမ်းရန်၊ စစ်ကောင်စီကို အစည်းအဝေးအားလုံးတွင် ပိတ်ပင်ရန်နှင့် NUG ကို မြန်မာ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုထောက်ခံရန် တောင်းဆိုလိုက်သည်။
ထိုစစ်ရေးလေ့ကျင့်မှုများကို စီစဉ်ထားသည်ဆိုသည့် အချက်သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အခြေခံမူများကို မြှင့်တင်ရန် အာဆီယံ၏ ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှား၏ တုန်လှုပ်စရာကောင်းသော ပျက်ကွက်မှု သက်သေပြချက် ဖြစ်ကြောင်းလည်း မရတနာမောင်က ပြောသည်။
“အင်ဒိုနီးရှားနိုင်ငံ၏ ဦးဆောင်မှုအောက်တွင် ထိုစစ်ရေးလေ့ကျင့်မှု ဆက်လက်လုပ်ကိုင်ပါက စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် အသစ်တက်လာမည့် ထိုင်းအစိုးရသည် ထိုစစ်ရေးလေ့ကျင့်မှုကို သပိတ်မှောက်ပြီး လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို ထောက်ခံကာ မြန်မာပြည်သူများနှင့်အတူ ရပ်တည်သင့်သည်” ဟုလည်း သူကပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ASEAN Urged to Cancel Myanmar Junta and Russia-Led Joint Military Exercises ကို ဘာသာပြန်သည်။)
You may also like these stories:
အမေရိကန် ပူးတွဲသဘာပတိလုပ်မည့် အာရှစစ်ဘက်အစည်းအဝေး မြန်မာကို ဖိတ်ထား
စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ASEAN အစည်းအဝေး တက်ခွင့်မရ
စစ်ရာဇဝတ်ကောင် မြန်မာလေတပ်ချုပ်ကို အာဆီယံကွန်ဖရင့် ဥက္ကဋ္ဌ အဖြစ် ခန့်အပ်
စစ်ကောင်စီဝန်ကြီးကို ASEAN အစည်းအဝေး ကမ္ဘောဒီးယား ပေးတက်