နာမည်ကျော် ZARA၊ Pull& Bear အမှတ်တံဆိပ် အဝတ်အထည်များ ချုပ်ပေးနေသည့် ရန်ကုန်တိုင်း၊ ရွှေပြည်သာ မြို့နယ် သာဓုကန်စက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် ဟိုစိမ့် (Hosheng)စက်ရုံမှ လုပ်ခတိုးပေးရန် ဦးဆောင်တောင်း ဆိုသူ ၅ဦးနှင့် ကူညီသူ ၃ ဦးကို ပုဒ်မ ၅၀၅ (က)၊ ၁၇ (၁) တို့ဖြင့် တရားစွဲဆိုရန် စီစဉ်နေကြောင်း သိရသည်။
၎င်းကို ဇွန်လ ၁၄ ရက်တွင် စစ်ကောင်စီက ဖမ်းဆီး၍ ရွှေပြည်သာစစ်ကြောရေး၌ စစ်ဆေးပြီးနောက် ရွှေပြည်သာ ရဲစခန်းတွင် ရမန်ယူကာ ဆက်လက်ချုပ်နှောင်ထားခြင်းဖြစ်သည်။
ဟိုစိမ့်စက်ရုံမှ အလုပ်သမားတဦးက “မနေ့က ရွှေပြည်သာရဲစခန်းမှာ ရမန်ယူလိုက်တယ်။ အလုပ်သမားသမဂ္ဂက ၅ ယောက်၊ အလုပ်သမားရေး ဆောင်ရွက်ပေးတဲ့၂ ယောက်။ ပြီးရင် အစည်းအဝေးလုပ်တာကို နေရာငှားပေးလို့ဆိုပြီး တယောက်ပေါ့။ အဲဒါက အစည်းအဝေးခန်းမတွေ ငှားစားတဲ့နေရာက ပိုင်ရှင်ပေါ့။ သူတို့တွေကို ၁၇ (၁) ၊ ၅၀၅ (က) နဲ့ စွဲမယ်ဆိုပြီး သိရတယ်” ဟု ပြောသည်။
ယင်း အထည်ချုပ်စက်ရုံမှ အလုပ်သမားများမှာ တရက်လုပ်ခ ၄၈၀၀ ကျပ်အစား ကျပ် ၅၆၀၀ ပေးရန် ဇွန်လ ၈ ရက်က တောင်းဆိုခဲ့ကြခြင်းဖြစ်ပြီး ဇွန် ၁၀ ရက်တွင် တောင်းဆိုမှုကို ဦးဆောင်ခဲ့သည့် အလုပ်သမားခေါင်းဆောင် ၇ ဦးအား အလုပ်မှ ထုတ်လိုက်ကြောင်း စက်ရုံမှ စာထုတ်ခဲ့သည်၊ ထို့နောက် ၎င်း ၇ ဦးအား လိုက်လံဖမ်းဆီးရာ ၅ ဦး အဖမ်းခံ ရပြီး ၂ ဦးမှာ တိမ်းရှောင်နေရကြောင်း သိရသည်။
အလုပ်သမားရေး ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းတခုဖြစ်သည့် Action Labor Rights “ဒါက နိုင်ငံရေးတောင်း ဆိုချက် မဟုတ်ဘူး။ အလုပ်ရှင် အလုပ်သမားတောင်းဆိုချက် အငြင်းပွားမှုကိစ္စ။ ဒါကို နိုင်ငံရေးပုဒ်မတွေ တပ်လိုက်တဲ့ အခါကျတော့ ဒါက ဘာရည်ရွယ်ချက်လဲဆိုတာမျိုး မေးခွန်းထုတ်ဖို့ဖြစ်လာပြီ။ ဘာပုံစံဖြစ်သွားလဲဆိုရင် အလုပ်သမား တွေဘက်က တောင်းဆိုတဲ့ကိစ္စရပ်ကလည်း သူတို့ ချိုးဖောက်ခံရတဲ့အပေါ်မှာပဲ ပြောတာ။ ဒါကို ချိုးဖောက်တဲ့ အလုပ် ရှင်တွေကို ကာကွယ်ပေးချင်တာလား” ဟု ပြောဆိုသည်။
မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁) သည် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်သည့် ပုဒ်မဖြစ်ပြီး ပုဒ်မ ၅၀၅ (က) မှာ အမြင့်ဆုံး ထောင်ဒဏ်၂ နှစ်ထိချမှတ်နိုင်ကြောင်း သိရသည်။
Hosheng စက်ရုံသည် အလုပ်သမား ထောင်ချီဖြင့် လည်ပတ်နေသည့် စက်ရုံတရုံဖြစ်၍ ယခင်ကလည်း လုပ်ငန်းခွင် အငြင်းပွားမှုများ ရှိခဲ့ဖူးကြောင်း အလုပ်သမားများထံမှ သိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ၏ စုံစမ်း စစ်ဆေးရေးကော်မရှင်ထံ တင်ပြတိုင်ကြားထားကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေး၊ သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ထုတ်ပြန် ထားသည်။
ယင်းထုတ်ပြန်ချက်၌ မြန်မာနိုင်ငံရှိ စက်ရုံလုပ်ငန်းခွင်များမှာ ဟိုစိမ့်စက်ရုံကဲ့သို့ ပြုမူနေခြင်းများရှိနေကြောင်း အဆိုပါ အရေးဆောင်ရွက်နိုင်ရန် တင်ပြကြောင်းလည်း ပါရှိသည်။
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးကလည်း ယင်းအလုပ်သမားများအား ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ စိုးရိမ် ပူပန်လျက်ရှိပြီး အမြန်ဆုံးပြန်လွှတ်ပေးရန် ဇွန်၂၀ ရက်က ထုတ်ပြန်သည်။
“ဖမ်းဆီး ထိန်းသိမ်းခံထားရသူများ အမြန်ဆုံးလွတ်မြောက်ရေး၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် ထုတ်ဖော်ပြော ဆိုခွင့်ကို ငြိမ်းချမ်းစွာ ကျင့်သုံးနေသူများအားလုံးကို ဖမ်းဆီးခြင်းများကို အမြန်ဆုံး ရပ်တန့်ပေးရန် တောင်းဆိုပါတယ်” ဟု ဥရောပသမဂ္ဂသံရုံး ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဇွန်လ ၂၁ရက်က အီတလီနိုင်ငံ ရောမမြို့တွင် ပြုလုပ်သည့် No Time Left (အချိန်မရှိတော့ဘူး) ဆိုသည့် မြန်မာ့ အရေး ဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ တိုင်းရင်းသားအဖွဲ့ အစည်းများ၊ မြန်မာအလုပ်သမား သမဂ္ဂများ အဖွဲ့ ချုပ် (CTUM) စသည့် အဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး စစ်ကောင်စီ၏ လူ့အခွင့် အရေး၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကို တင်ပြကာ မည်သည့်စံနှုန်းမျှ မရှိ၊ မည်သူ့ အခွင့်အရေးကိုမှ မလေးစားသည့် သူများ လက်တွင် အလုပ်သမားများကို မထိခိုက်စေလိုဟူသော အကြောင်းပြချက်မှာ အဓိပ္ပါယ်မဲ့ပြီး
ထိရောက်သော ပိတ်ဆို့ အရေးယူမှုများကို အမြန်ဆုံး အကောင်အထည်ဖော်ရန် တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
ဟိုစိမ့်စက်ရုံ၌ ထိုသို့ သော အလုပ်သမားများအား ဖမ်းဆီး တရားစွဲဆိုသည့် ကိစ္စရပ်များဖြစ်ပေါ်ခဲ့သည့်အတွက် နာမည် ကျော်အမှတ်တံဆိပ်များ ထုတ်လုပ်ရောင်းချသည့် Inditex အနေဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာတော့ မည်ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူများက သတင်းမီဒီယာများကို ပြောဆိုထားသည်။
ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နှင့် ဇွန်လ ၁၅ ရက်၌ လှိုင်သာယာမြို့နယ် Sun Apparel (Myanmar) အထည်ချုပ် စက်ရုံ တွင် လုပ်အားခတိုးပေးရန်နှင့် အလုပ်သမားအခွင့်အရေးအား ဦးဆောင်တောင်းဆိုခဲ့သည့် အလုပ်သမားခေါင်း ဆောင်၂ ဦးမှာ အဖမ်းခံခဲ့ရသည်။
You may also like these stories:
လစာတိုးတောင်းရာတွင် ဦးဆောင်သူ တရုတ်အထည်ချုပ်စက်ရုံမှ ၅ဦး အဖမ်းခံထားရ
လုပ်ခတိုးရန် တောင်းဆိုသည့် ခေါင်းဆောင် ၇ ဦး အလုပ်ထုတ်ခံရ
အာဏာရှင်လက်အောက် ပျောက်ဆုံးသွားတဲ့ အလုပ်သမားထုရဲ့အသံ