၂၅နှစ်ကြာ မြန်မာ့ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးတောင်သူများ၊ ဝင်ငွေနည်း အိမ်ထောင်စုများကို အတိုးနှုန်း သက်သာစွာ ချေးငွေဝန်ဆောင်မှု ပေးနေသည့် အမေရိကန်အခြေစိုက် Pact အသေးစားချေးငွေလုပ်ငန်းသည် စစ်ကောင်စီက အကျိုးအမြတ်နှင့် ပိုင်ဆိုင်မှုအားလုံး လွှဲပေးရန် ဖိအားပေးသဖြင့် မြန်မာနိုင်ငံမှ လုပ်ငန်းများကို ဇွန် ၃၀ရက်တွင် ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း သိရသည်။
၁၉၉၇ခုနှစ်ကတည်းက ရန်ကုန်မြို့တွင် ရုံးဖွင့်ကာ ၉၂ မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် တဦးချင်းသာမက လုပ်ငန်းရှင်များအတွက်ပါ ချေးငွေစုံ ဝန်ဆောင်မှုပေးနေသော Pact Global Microfinance Fund (PGMF)၏ ထုတ်ပြန်ချက်တွင် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ အသင်းအား ပြန်လည်မှတ်ပုံတင်ခိုင်းခြင်း၊ အမြတ်ငွေအချို့ကို မျှဝေခိုင်းခြင်းနှင့် နောက်ပိုင်း လုပ်ငန်းတခုလုံးလွှဲပေးရန် တောင်းဆိုလာခြင်းကြောင့် ငြင်းဆန်ကာ စီးပွားရေးလုပ်ငန်းအဖြစ် ပြန်လည် မှတ်ပုံမတင်တော့ဘဲ မြန်မာနိုင်ငံမှလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။
ထိုသို့ ငြင်းဆန်မှုကြောင့် စစ်ကောင်စီက Pact Myanmar အဖွဲ့အောက်ရှိ ချေးငွေအဖွဲ့များ၏လုပ်ငန်း လည်ပတ်မှုများကို ကန့်သတ်ခြင်း၊ ချေးငွေအသစ်ချပေးရန် တားမြစ်ခြင်းနှင့် အဖွဲ့ခေါင်းဆောင်ပိုင်းများကို ပြည်ဝင်ခွင့်ဗီဇာမပေးခြင်း အစရှိသည့် ကန့်သတ်ချက်များ လုပ်ဆောင်လာကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
PGMF ၏ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ Ellen Varney က “ကျမတို့အနေနဲ့ ဝမ်းနည်းစွာနဲ့ပဲ ဒီနိုင်ငံမှာ လုပ်ငန်းလည်ပတ်ဖို့ မဖြစ်နိုင် တော့ပါဘူး။ ပြီးခဲ့တဲ့ ၂ နှစ်ကတည်းက ချေးငှားသူနဲ့ ငွေစုသူသိန်းပေါင်းများစွာအတွက် ဆက်လက်ပြီး အလုပ်လုပ်နိုင်ဖို့ ဒီအဖွဲ့အစည်းကို ခွင့်ပြုပေးဖို့ မြန်မာအစိုးရကို နားချခဲ့ပါသေးတယ်။ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုဥပဒေကို ချိုးဖောက်မှု ဖြစ်လာနိုင်တဲ့ အချက်အပါအဝင် အကြောင်းအရင်းများစွာကြောင့် သူတို့ တောင်းဆိုချက်တွေကို လိုက်နာဖို့ မဖြစ်နိုင်ခဲ့ပါ ဘူး” ဟု ပြောသည်။
ထို့ကြောင့် မြန်မာပြည်တွင်းမှာ နှစ်ပေါင်း၂၅နှစ်နီးပါး ချေးငွေဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေတာများကို ရပ်ဆိုင်းတော့ မည်ဖြစ်ပြီး ဝင်ငွေနည်း အိမ်ထောင်စုပေါင်း ၉ သိန်းနီးပါးကို ထုတ်ချေးထားသော ချေးငွေ စုစုပေါင်းအမေရိကန်ဒေါ်လာ သန်း ၁၅၆ သန်းကိုလည်း ပြန်လည်ပြန်ပေးဆပ်ရန် မလိုတော့ကြောင်း Pact က ဆိုထားသည်။

အသေးစားချေးငွေ လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ “Pact က အဖွဲ့အစည်းကလည်း ကြီးတယ်။ ဒီမှာ လုပ်နေတာလည်း ကြာပြီဆိုတော့ သူထွက်သွားတာဟာ Microfinance Sector တခုလုံးအပေါ်ကို သက်ရောက်မှု ရှိပါတယ်။ ရပ်ကွက်ထဲက အဆပေါင်းများစွာရှိတဲ့ အတိုးတွေထက်စာရင် အတိုးနှုန်း သက်သက်သာသာနဲ့ လွယ်လွယ်ကူကူ စနစ်တကျ ချေးယူ လို့ရနေတဲ့ ဒီလို အသေးစားချေးငွေတွေရှိတာကတော့ ပိုကောင်းတာပေါ့” ပြောသည်။
လတ်တလောတွင် အသေးစားချေးငွေ ဝန်ဆောင်မှုလုပ်ငန်းများသည် အရင်ပုံမှန်ကာလတွင် ရှိခဲ့သော ကုန်ကျစရိတ်များ ထက် ပိုမိုကုန်ကျနေသည့်တိုင် လုပ်ငန်းများကို ရပ်ဆိုင်းမသွားအောင် မနည်းရုန်းကန်ရပ်တည်နေကြရလျက်ရှိကြောင်း ၎င်းက ဆို သည်။
၎င်းက ဆက်လက်၍ “ကျမတို့ လုပ်ငန်းတွေဆိုတာက လူတွေကို အများကြီးသုံးရတယ်။ ဝန်ထမ်းတွေလည်း အများကြီး၊ Cilent တွေလည်း အများကြီး လက်ခံပြီးတော့ ဝန်ဆောင်မှုပေးရတာ။ ကျမတို့ရဲ့ Cilentတွေဆိုတာက ငွေကြေး ပြည့်စုံပြီး သား လူတွေမဟုတ်ဘဲနဲ့ ငွေကြေးပြည့်စုံအောင် ကြိုးစားနေတဲ့သူတွေဆိုတော့ ငွေကြေးနဲ့ စီးပွားရေးဆိုင်ရာ မတည်ငြိမ်မှု က နဂိုကတည်းကရှိတယ်။ အဲဒီ Risk တွေကို ယူပြီးတော့ ဝန်ဆောင်မှုလုပ်ကြရတာ။ အခုကတော့ တနိုင်ငံလုံးနီးတူ အကုန်လုံးက အခက်အခဲများစွာ၊ စိန်ခေါ်ချက်များစွာနဲ့ ရှေ့ဆက်နေကြရတာပေါ့” ဟု ပြောဆိုသည်။
Pact Global Microfinance Fund (PGMF) လက်အောက်ရှိ Pact မြန်မာသည် မြန်မာနိုင်ငံတွင် အကြီးဆုံးနှင့် သက်တမ်း အရှည်ကြာဆုံး အသေးစားငွေချေးဝန်ဆောင်မှု အဖွဲ့အစည်းတခု ဖြစ်ပြီး PGMF ၌ ဝန်ထမ်းပေါင်း ၅,၀၀၀ ကျော်ရှိကာ နိုင်ငံ အနှံ့အပြားက ကျေးရွာ ၁၆,၀၀၀ ကျော်ရှိ အိမ်ထောင်စုပေါင်း ၁ သန်းကျော်ကို ငွေကြေးဝန်ဆောင်မှုများ ထောက်ပံ့ပေးခဲ့ ပြီးလည်း ဖြစ်သည်။
Pact မြန်မာသည် စိုက်ပျိုးရေးချေးငွေ၊ မွေးမြူရေးချေးငွေ၊ တဦးချင်းချေးငွေ၊ လုပ်ငန်းရှင်များအတွက် ချေးငွေ၊ ကျန်းမာရေး ချေးငွေနှင့် ပညာရေးချေးငွေ အစရှိသော ချေးငွေအမျိုးအစားပေါင်းစုံကို ဝန်ဆောင်မှုနေသော နိုင်ငံတကာအဖွဲ့အစည်း တခုလည်းဖြစ်သည်။
You may also like these stories:
ဘဏ်နှစ်ခု ဒဏ်ခတ်ခံရမှုဟာ စစ်ကောင်စီရဲ့ အသည်းနှလုံးကို ထိတာပဲ
နိုင်ငံပိုင်ဘဏ်၂ ခု အမေရိကန်ပိတ်ဆို့အရေးယူမှု စစ်ကောင်စီကို အကျပ်ရိုက်စေ
ဒေါ်လာဈေးတက်နေချိန် အရောင်းအဝယ်သမားအချို့ စစ်ကောင်စီ ဖမ်းဆီး