စစ်အုပ်ချုပ်ရေး ကြေညာခံထားရသော မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းက မြို့သုံးမြို့ ရှိ စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများ တရားဝင် ဖွင့်လှစ်နိုင်ခြင်း မရှိတော့ကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များထံမှ စုံစမ်းသိရှိရသည်။
အုပ်ချုပ်ရေးရုံးများ အခြေစိုက်ရာ ရေးမြို့ အပါအဝင် လမိုင်းနှင့် ခေါဇာမြို့များမှ ဌာနဆိုင်ရာရုံးများ ပိတ်လိုက်ရခြင်းဖြစ်သည်။
လမိုင်းမြို့တွင် ကျန်းမာရေးဦးစီးဌာနရုံးကိုသာ တရားဝင်ဖွင့်လှစ်ထားပြီး မြို့ထဲတွင် ရှိနေသည့် ရဲစခန်းကိုပါ ပိတ်ထားကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည် မြို့နှင့် ၁ မိုင်အကွာတွင် ရှိသော ခလရ -၁၀၆ တပ်ထဲသို့ ရွှေ့ပြောင်းနေထိုင်နေကြောင်း ဒေသခံများက ဆိုသည်။
လမိုင်းမြို့ခံ တဦးက “မြေစာရင်းရုံးက သူတို့ကိုခေါ်တဲ့ အခါကျရင်တော့ အလုပ်လုပ်တယ်ပေါ့။ တံခါးတွေဘာတွေ ပိတ်ထားတာ။ ရဲစခန်းကကျတော့ မြို့ထဲမှာ မရှိဘူး ၁၀၆ တပ်ရင်းမှာ ရှိနေတာ။ အခုနဲ့ဆို ရွှေ့တာ ၂ ခေါက်ရှိပြီ” ဟု ပြောသည်။
ထိုသို့ ပိတ်ထားသဖြင့် လမိုင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေး (လ.ဝ.က) လုပ်ငန်းစဉ်နှင့် သက်ဆိုင်သည်ကို ပြုလုပ်လိုသည့် အခါ ကားဖြင့် ၁ နာရီဝန်းကျင် သွားရသော ရေးမြို့သို့ သွားရောက်ရကြောင်း၊ သို့သော် ရေးမြို့ လ.ဝ.က ရုံးတွင် တိုက်ရိုက် လုပ်ဆောင်၍ မရဘဲ ပွဲစားများဖြင့်သာ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံ တဦးက “ပြည်သူတွေဘက်ကို ကြည့်ရင် လ.ဝ.က ကြောင့် ဒုက္ခတွေ အများကြီး ဖြစ်တယ်။ လမိုင်းမြို့ခံတွေက မှတ်ပုံတင် လိုရင် ရေးကို ဆင်းရတယ်။ ဒါပေမယ့် လ.ဝ.က ဝန်ထမ်းတွေက အလုပ်မလုပ်ဘူး။ လူမြင်တာနဲ့ကို သူတို့က အလုပ်ကလုပ်လို့ မရဘူးပြောတာ။ လ.ဝ.က ရုံးက လုပ်လို့မရဘူး ပြောတာကို ပွဲစားနဲ့ လုပ်တာ ရတယ်။ ရုံးအပြင်မှာ ပွဲစားရှိတယ်” ဟု ပြောသည်။
လမိုင်းမြို့နှင့် ၁ မိုင်ခွဲ အကွာတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) လက်အောက်ခံ ၃၁၇ အမြောက်တပ် အပါအဝင် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ ခလရ ၁၀၆ နှင့် ခမရ ၅၈၈ တို့ရှိပြီး တခါ တရံမှသာ မြို့ပေါ်သို့ ကင်းလှည့်ကြောင်း မြို့ခံအချို့က ပြောသည်။
လမိုင်း၊ ခေါဇာနှင့် ရေး မြို့ပေါ်ရှိ စစ်ကောင်စီ တပ်စခန်း၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများ မကြာခဏ ပစ်ခတ် တိုက်ခိုက်ခံရသည့် အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများလည်း ပစ်ခတ်သတ်ဖြတ်ခံမှုများ ကြုံတွေ့လာရပြီးနောက် ဌာနဆိုင်ရာ ရုံးများ တဖြည်းဖြည်း ပိတ်သိမ်းလာခြင်း ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ခေါင်းဆောင် ကိုရေးဘီလူးက “နယ်ခံတွေကိုလည်း ပြန်ငဲ့ပေးရတဲ့ အပိုင်းတွေ ရှိတော့ မြို့ထဲမှာ အကြာကြီးတည်လို့ မရဘူး။ လျှပ်တပြတ် ဝင်ပစ်တာမျိုး၊ လျှပ်တပြတ် ဝင်သိမ်းတာမျိုးပဲ လုပ်လို့ရတယ်။ ပိုင်ပိုင်နိုင်နိုင် ဝင်နိုင်တဲ့ အနေအထားတော့ မဖြစ်လာသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်၍ “ရဲစခန်းတွေဆိုရင် ပိတ်ကုန်ပြီ။ ဌာနဆိုင်ရာတွေက လုံးဝလည်ပတ်မှု မရှိဘူး။ သိုသိုသိပ်သပ်လေးပဲ လူသူမသိတဲ့ နေရာမျိုးလေးတွေမှာပဲ ကြိတ်ပြီးတော့ လုပ်ကြတာ။ ဒီနေရာတွေ ပြန်ဖွင့်မယ်ဆိုရင်လည်း ဘယ်အချိန်ပဲ ဖြစ်ဖြစ် ကျနော်တို့ ဝင်ပစ်လို့ လို့ရတယ်။ အခု ပြောတဲ့ ၃ မြို့လုံးက ဌာနဆိုင်ရာတွေက လှုပ်မရဘူး။ ဖွင့်တာနဲ့ ကျနော်တို့က ချမှာပဲ” ဟု ပြောသည်။
ထို့ပြင် နယ်မြေလုံခြုံရေး အခြေအနေအရ ရေးမြို့နယ်မှ စစ်တပ်၊ ရဲနှင့် Non-CDM ဌာနဝန်ထမ်းများ ကို ခွင့်ပြုချက်မရဘဲ ခရီးမသွားကြရန်နှင့် ရေးမြို့နယ်မှ နယ်မြေကျော် ခရီးသွားလာရာတွင် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်သို့ သတင်းပေးပို့ပြီး ခွင့်ပြုချက်ရရှိမှသာ ခရီးသွားလာကြရန် လျှို့ဝှက် အမိန့် ညွှန်ကြားချက်ကို ဇွန်လက ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်၊ ရေးမြို့နှင့် သံဖြူဇရပ်မြို့ကြားရှိ မော်လမြိုင်-ရေး-ထားဝယ် အမှတ်-၈ ပြည်ထောင်စုလမ်းမကြီးတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA )နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းစစ်ကြောင်းက စတင်ထိန်းချုပ်နေပြီး အဆိုပါ ကားလမ်းပေါ်တွင် စစ်တပ်နှင့် ဆက်ဆိုင်သည့် လူနှင့် ပစ္စည်းများ သယ်ဆောင်လာခြင်းကို စစ်ဆေးတွေ့ရှိပါက အရေးယူမည် ဖြစ်ကြောင်း KNLA တပ်ရင်း ၂၇ ဌာနချုပ်က ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့က သတိပေး ထုတ်ပြန်ထားသည်။
ကိုရေးဘီလူးက “သူတို့က ခံစစ်အနေနဲ့ပဲ ကစားတော့တယ်။ ကျနော်တို့တွေက ထိုးစစ်အနေနဲ့ ပြန်သွားတဲ့ အခါကျတော့ ပိုပြီး စစ်ရေး အရှိန် မြင့်တက်လာဖို့တော့ ရှိတယ်။ အခုက ပြည်ထောင်စု လမ်းမကြီးကို ထိန်းချုပ်နိုင်တာ။ လမ်းပေါ်မှာ သွားလာနေတဲ့ စစ်ကောင်စီနဲ့ ပတ်သက်တာတွေ၊ ပျူတွေ၊ ခရိုနီတွေကအစ စစ်ဆေးတယ်။ အကယ်၍ မိခဲ့တယ်ဆိုရင် တရားဥပဒေအရ ကိုင်တွယ်သွားမယ့် အပိုင်းကို KNLA က ဦးဆောင်သွားမယ်” ဟု ဆိုသည်။