မကွေးတိုင်း ပခုက္ကူမြို့မှထွက်လာသည့် စစ်ကောင်စီ၏ ထောက်ပံ့ရေးယာဉ်တန်းပါ စစ်ကြောင်းသည် ကျောက်ထုနှင့် ထီးလင်းမြို့နယ်ကြား ရောက်ရှိနေရာ ရှေ့ပြေးစစ်ကြောင်းထိုးမှုနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ယင်းလမ်းပိုင်းကို အသုံးမပြုရန် ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတိပေးပြောဆိုသည်။
ယင်စစ်ကြောင်းတွင် အင်အား ၂၀၀ ကျော်နှင့် ယာဉ် ၉ စီး ပါဝင်ပြီး ၂၅ မိုင်ဝေးသည့် ထီးလင်းသို့ ရိက္ခာဖြည့်တင်းရန် လွန်ခဲ့သည့် ၄ ရက် ခန့်ကတည်းက ကျောက်ထုမြို့မှ ထွက်ခွာလာခြင်းဖြစ်ပြီး မိုင်းဆွဲခံရမှု ထိတွေ့တိုက်ခိုက် မှုများကြောင့် ယာဉ်တန်းမှာ ကျောက်ထုမြို့၊ မိအယ်ရွာအကျော်၌သာ ရှိနေသေးကြောင်းလည်း သိရသည်။
ထီးလင်းဒေသခံတဦးက “ကျောက်ထုကနေထီးလင်းကို ထွက်လာတာ သုံးရက်လေးရက်ရှိပြီ။ အခုထိ မိအယ်ရွာနားမှာပဲ ရှိသေးတယ်။ အင်အား ၁၀၀ လောက်က ရှေ့ကိုပွိုင့်အနေနဲ့ မိုင်းရှင်းလင်းရေး၊ နယ်မြေရှင်းလင်းရေး လုပ်နေတာတွေလည်း ရှိတယ်။ နောက် ၁၀၀ လောက်က ယာဉ်တန်းနဲ့နောက်ကလိုက်တဲ့ပုံစံပေါ့။ မနေ့ကလည်း ကျောက်ထုနဲ့ထီးလင်းကြား နယ် ခြားနေရာလောက်ကို တိုက်လေယာဉ်နှစ်စင်းနဲ့ တိုက်ခိုက်ခဲ့သေးတယ်” ဟု ဧရာဝတီကို ပြောသည်။
ဒေသတွင်းသတင်းများ ဖော်ပြပေးနေသည့် ယောအလင်းတန်းကလည်း ဇွန်လ ၂၆ ရက်တွင် စစ်ကောင်စီသည် တိုက်လေ ယာဉ်နှစ်စင်း အသုံးပြုကာ ကျောက်ထုတိုက်နယ်အတွင်း တိုက်ခိုက်မှု ၁၂ ကြိမ် ပြုလုပ်ခဲ့ကြောင်းနှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ကြောင်း ရေးသားထားသည်။
ယောအလင်းတန်း တာဝန်ရှိသူ ကိုအောင်ကြီးက “ကျောက်ထု-ထီးလင်း ကားလမ်းတလျှောက် မိဘပြည်သူတွေ အထူးသ ဖြင့် လေကြောင်းအထူးဂရုစိုက်ကြပါလို့။ လေယာဉ်သံကြားရင် လက်နက်ကြီးဒဏ် ခံနိုင်မယ့်နေရာတွေမှာ ရွေးချယ်နေထိုင် ကြဖို့နဲ့ ယာဉ်တန်းရှိရာ ကျောက်ထု-ထီးလင်း ကားလမ်းတလျှောက် ဖြတ်သန်းသွားတာခြင်းမပြုကြဖို့ သတိပေးချင်ပါတယ်” ဟု ဆိုသည်။
ကျောက်ထုနှင့် ထီးလင်းမြို့မှာ ကားဖြင့် ၁နာရီခွဲခန့် သွားရသည့် ၂၅ မိုင် ခရီး ဖြစ်သော်လည်း စစ်ကောင်စီထောက်ပို့ ယာဉ် တန်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရမည်ကို စိုး၍ ဖြည်းဖြည်းချင်းသွား နေသည့်ပုံစံ ရှိကြောင်းလည်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇွန်လတတိယပတ်အတွင်းက ပခုက္ကူမြို့မှ စတင်ထွက်လာသည့် အဆိုပါထောက်ပို့စစ်ကြောင်းအား ကျောက်ထု မြို့သို့ မရောက်မီ အညာရွာနှင့်တပြင်ရွာကြားတွင် ဇွန်လ ၂၁ ရက်ညပိုင်း၌ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။
ထိုသို့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီလက်အောက်ခံ ကျောက်ထုအခြေစိုက်တပ်မှ လက်နက်ကြီးများဖြင့် တုံ့ပြန်ပစ် ခတ်ခဲ့ရာ ရွာသာကျေးရွာဘုန်းကြီးကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ကျောင်းထိုင်ဘုန်ကြီးတပါး၊ ကိုရင် တပါးနှင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း ယောအလင်းတန်းတာဝန်ရှိသူက ပြောသည်။
ထို့ပြင် အဆိုပါ ထောက်ပို့စစ်ကြောင်းယာဉ်တန်းအား နယ်မြေရှင်းလင်းရေး ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ထီးလင်းမြို့၊ ရွှေထီးခန်းမထဲမှ ဇွန်လ ၂၁ ရက်က ထွက်လာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းအား ထီလင်းမြို့အထွက် သရခါ ကျေးရွာအရှေ့တောင်ဘက်၊ ဂျီချောင်းအနီးတွင် Yaw Revolution Army- ထီးလင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၅ ဦးခန့် သေဆုံးမှုရှိခဲ့ကြောင်း YRA-ထီးလင်းအဖွဲ့က ပြောထားသည်။
You may also like these stories:
ထီးလင်းမှ ဂန့်ဂေါသို့ တက်လာသည့် စစ်ကောင်စီ ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ
စစ်ကောင်စီယာဉ်တန်း ဖလမ်း- ဟားခါး လမ်းပေါ်တွင် ချေမှုန်းခံရ
မင်းတပ်နှင့်မတူပီသို့ တက်လာသည့် စစ်ယာဉ်တန်း ကြားဖြတ် တိုက်ခိုက်ခံရ
ဖလမ်း-ဟားခါး ကားလမ်းတလျှောက် တိုက်ပွဲများဆက်ဖြစ်နေ