ကုလသမဂ္ဂအပါအဝင် လူသားချင်းစာနာမှု ကူညီပေးနေသော နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီက ကန့်သတ် ပိတ်ပင်ထားသည့်အတိုင်း ရပ်တန့်မနေဘဲ မုန်တိုင်းသင့်ပြည်သူများအား ကူညီနိုင်ရေးနည်းလမ်းများ ကြိုးစား ရှာဖွေသင့်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA /AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ က ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဝင်ရောက်ခဲ့သည်မှာ တလကျော်ကြာပြီ ဖြစ်သော်လည်း နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှု လုပ်ငန်းများအား စစ်ကောင်စီက ပိတ်ဆို့ကန့်သတ်ထားသဖြင့် မုန်တိုင်းသင့် ရခိုင်ပြည်သူများအနေဖြင့် အမိုးအကာအောက် အပြည့်အဝ မရောက်ရှိသေးသလို နေထိုင်ရေး၊ စားဝတ်နေရေး အခက်အခဲများ ကြုံနေရသည့်အပေါ် ဦးခိုင်သုခက ထိုသို့ ထောက်ပြပြောဆိုလိုက်ခြင်း ဖြစ်သည်။
၎င်းက “UN အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့တွေအနေနဲ့ စစ်ကောင်စီက ကန့်သတ်ထားလို့ လုပ်ငန်း ရပ်တန့်ထားတယ် ဆိုတာကတော့ မဖြစ်သင့်ဘူး။ အကူအညီ ဝင်ရောက်နိုင်မယ့် နည်းလမ်းနဲ့ ဖြစ်နိုင်ခြေရှိတဲ့ လမ်းကြောင်းတွေကို ကြိုးစားရှာဖွေပြီး ကျနော်တို့နဲ့ လက်တွဲပြီး ပူးပေါင်းလုပ်ကိုင်သင့်တယ်လို့ မြင်တယ်” ဟု ဧရာဝတီကို ပြောသည်။
ULA/ AA အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ၎င်းတို့ စိုးမိုးထားရာဒေသရှိ မုန်တိုင်းသင့် ပြည်သူများအား အမိုးအကာအောက် အမြန်ဆုံး ရောက်ရှိရေးနှင့် နေအိမ်များပြန်လည် ပြုပြင်ပေးခြင်း၊ ဆားငန်ရေ ဝင်ရောက်သော ရေကန်များအား ရေစုပ်ပေးခြင်း၊ ကျန်မာရေး စောင့်ရှောက်မှု ပေးခြင်းများကို ပြုလုပ်လျက်ရှိကြောင်းလည်း ဦးခိုင်သုခက ဆိုသည်။
မုန်တိုင်းဒဏ်ခံရသည့် အဆိုးရွားဆုံးမြို့နယ်ထဲပါဝင်သည့် ရသေ့တောင်မြို့နယ်နေ မယူကမ်း ဒေသဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးမောင်စောဝင်းကလည်း ၎င်းတို့မြို့နယ်အတွင်း လူပေါင်း ၃၀ ရာခိုင်နှုန်းမှာ နေအိမ်များ ပြန်လည်မပြုပြင်နိုင်သေးသလို ၁၀ ရာနှုန်းခန့်မှာလည်း အမိုးအကာအောက် မရောက်ရှိနိုင်သေးကြောင်း ပြောဆိုသည်။
၎င်းက “ဒီလောက်ဆိုးဆိုးဝါးဝါး ထိခိုက်မှုများတဲ့ အခြေအနေမှာ ဒေသတွင်းက လူမှုအဖွဲ့အစည်းရဲ့ ကူညီမှုနဲ့လည်း လိုက်မမီဘူး။ ဆင့်ပါးစပ်ကို နှမ်းပက်သလိုပဲရှိမယ်။ အဓိကတော့ နိုင်ငံတကာက ကူညီနိုင်မှ ဒီကိစ္စကို ဖြေရှင်းနိုင်မယ်” ဟု ဆိုသည်။
မုန်တိုင်းဒဏ် အဆိုးရွားဆုံးခံရသည့် ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်များတွင် စစ်ကောင်စီ၏ ကူညီထောက်ပံ့မှုမှာ အမည်ခံသာရှိပြီး ULA/ AA ၏ အိမ်ဆောက်ရန် လုပ်အားပေးမှုများမှာလည်း မုန်တိုင်း သင့်ပြည်သူအားလုံးအတွက် မလွှမ်းခြုံနိုင်ကြောင်း ဒေသခံများက ပြောသည်။
မုန်တိုင်းကြောင့် ရခိုင်မြောက်ပိုင်းမှ ဒေသခံများ၏ လယ်ယာသုံး စက်ပစ္စည်းများ၊ ခိုင်းနွား/ကျွဲများ၊ မျိုးစပါးများ၊ နှစ်ရှည်စိုက်ခင်းများနှင့် တပိုင်တနိုင် ငါးဖမ်းစက်လှေများ ထိခိုက်ပျက်စီးသွားမှုသည် အဆိုးရွားဆုံး ဆုံးရှုံးနစ်နာမှုဖြစ်ပြီး နာလန်ပြန်ထူရန် အချိန်ယူ လုပ်ကိုင်ဆောင်ရွက်ရဦးမည် ဖြစ်ကြောင်းလည်း ၎င်းတို့က ဆိုသည်။
အိမ်ထောင်စု ၁၂၀၀ ကျော်ရှိသည့် ပေါက်တောမြို့နယ်၊ ငှက်ချောင်း ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင် လည်း မုန်တိုင်းကြောင့် ငါးဖမ်းစက်လှေနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ် ၆၀ ကျော်ခန့်မှာ လက်ရှိအချိန်ထိ လုံးဝ ပြန်လည်ဆောက်လုပ်နိုင်ခြင်း မရှိသေးကြောင်း ယင်းဒုက္ခသည်စခန်းမှ ရွာသားတဦးက ဧရာဝတီကို ပြောသည်။
၎င်းက “မုန်တိုင်းမှာပါသွားတဲ့ နေအိမ် ၆၀ ကျော်လောက်က အခုထိ လုံးဝ ပြန်မဆောက်နိုင်သေးဘူး။ တချို့ငါးဖမ်းလှေတွေကလည်း မုန်တိုင်းကြောင့် ကျိုးသွားတာ ရှိတယ်။ တချို့ကလည်း ပိုက်တွေ ရေထဲမျောပါသွားတယ်။ ထွေအုပ်က စာရင်းတွေသာ ကောက်သွားတာ အခုထိ ကျနော်တို့ဆီကို ဘာကူညီကယ်ဆယ်ရေးအဖွဲ့မှ မရောက်ဘူး။ တခြားမြို့နယ်တွေမှာလို AA က လည်း သစ်လုံးတို့ဝါးတို့ ဘာမှ ကျနော်တို့ကို ကူညီပေးတာမရှိဘူး” ဟု ဆိုသည်။
စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်းမှ မုန်တိုင်းသင့်ပြည်သူများအား လူသားချင်း စာနာထောက်ထားရေး အကူအညီ ပေးနေသည့် ပြည်တွင်း/ပြည်ပ အဖွဲ့များအား ဇွန် ၇ ရက်စွဲဖြင့် ခရီးသွားလာခွင့် ပိတ်ပင်မှုကြောင့် ဝေဖန်မှုများ မြင့်တက်လာ ပြီးနောက်ပိုင်း ယခင်အတိုင်း ပြန်လည်လုပ်ဆောင်ခွင့်ပြုကြောင်း ဇွန် ၁၁ ရက်စွဲဖြင့် ထပ်မံထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီဘက်က ပြန်လည်ဖွင့်လှစ်ကြောင်း ကြေညာခဲ့သော်လည်း ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ သွားလာခွင့်များကို ဆိုင်းငံ့ထားဆဲဖြစ်ပြီး မုန်တိုင်းမတိုင်ခင်ကတည်းက ခွင့်ပြုပေးထားသော စစ်ဘေးရှောင် စခန်းများနှင့် ရိုဟင်ဂျာ ဒုက္ခသည်စခန်းများအား ကူညီပေးမှုများကိုသာ ပြန်လည်ခွင့်ပြုပေးထားခြင်းဖြစ်ကြောင်း သိရသည်။
မုန်တိုင်းသင့်ရခိုင်လူထုအား ကူညီကယ်ဆယ်ရေးနှင့် ပတ်သက်ပြီး စစ်ကောင်စီသည် ဒေသအခြေစိုက် အရပ်ဘက်အဖွဲ့ အစည်းများနှင့် မိတ်ဖက် အဖွဲ့အစည်းများအပေါ် ပေါ်လစီအမျိုးမျိုးသုံးပြီး ကျင့်သုံးနေသလို UN အပါအဝင် နိုင်ငံတကာအဖွဲ့ အစည်းများကိုလည်း မုန်တိုင်းသင့် ပြည်သူများအတွက် ထောက်ပံ့မည့်ပစ္စည်းများ တင်သွင်းရာတွင် ရန်ကုန်၌သာ လက်ခံသွားမည်ဖြစ်ကြောင်းနှင့် ပစ္စည်းများအား သက်ဆိုင်ရာ အစိုးရအဖွဲ့က စနစ်တကျ ထောက်ပံ့ပေးသွားမည်ဟု နိုင်ငံတကာ အဖွဲ့အစည်းများထံ အကြောင်းကြားစာ ပေးပို့ထားကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှု တလကျော်အကြာတွင် သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် လူသားချင်း စာနာမှုဆိုင်ရာ အဖွဲ့အစည်းများကို လက်ရှိထုတ်ပေးထားသည့် ခရီးသွားလာခွင့်ပြုမိန့်အား ယာယီဆိုင်းငံ့ထားပြီး လူမှုကယ်ဆယ်ရေး အကူအညီများ ဖြန့်ဝေခွင့်နှင့် ဝင်ရောက်ကူညီခွင့်အတွက် ကန့်သတ်ထားခြင်းသည် ပြည်နယ်တလွှား ဆောင်ရွက်ဆဲ မုန်တိုင်းတုံ့ပြန် ကူညီရေး လုပ်ငန်းများကို ထိခိုက်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA-Myanmar) က ဇွန် ၂၂ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ ရုတ်တရက် ဆုံးဖြတ်ချက်ချမှတ်မှုသည် မုန်တိုင်းဒဏ်သင့် ဒေသခံလူထု၏ ဆိုးရွားပြီးသား စားဝတ်နေထိုင်ရေး အခြေအနေအပေါ် ပိုမိုဆိုးရွားစေသလို မုတ်သုန်ရာသီနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံဖြစ်ပွားမှုများမှာလည်း မုန်တိုင်းဒဏ်ခံ ဒေသများအတွက် ပြင်းထန်သည့် အကျိုးဆက်များရှိနေကြောင်း UNOCHA က ဆိုထားသည်။
ထိုသို့ ကန့်သတ်ချက်များ ရှိနေသော်လည်း ရခိုင်ပြည်နယ်တခုတည်းတွင် လူပေါင်း ၃၈၀,၀၀၀ အတွက် စားနပ်ရိက္ခာများ ပံ့ပိုးပြီးဖြစ်သလို လူပေါင်း ၁၄၄,၀၀၀ ကျော်အတွက် အမိုးအကာနှင့် တခြားလိုအပ်သည့် ကယ်ဆယ်ရေးပစ္စည်းများ ပံ့ပိုး ပေးနိုင်ခဲ့ကြောင်း၊ တချိန်တည်း၌လည်း လိုအပ်ချက် များပြားနေသည့် ဒေသများဆီသို့ ဝင်ရောက်ကူညီမှုများ ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ရေးအတွက် နေပြည်တော်နှင့် ပြည်နယ်အဆင့်ရှိ သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိကြောင်းလည်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
You may also like these stories:
ကူညီရေးအဖွဲ့များ ရခိုင်သို့ သွားခွင့်ပြုဟု စစ်ကောင်စီဆိုသော်လည်း သွားလာခွင့်မရသေး
နိုင်ငံတကာအဖွဲ့များ ရခိုင်သို့ သွားလာခွင့်ပိတ်မှု မုန်တိုင်းသင့်ပြည်သူများ အခြေအနေပိုဆိုးနိုင်
မုန်တိုင်း ကယ်ဆယ်ရေး အကူအညီ ရခိုင်လူနည်းစုများ မရ
လျစ်လျူရှုခံနေရတဲ့ မုန်တိုင်းသင့် ချင်းဒေသက ပြည်သူများ
ရခိုင်ဒေသသို့ နိုင်ငံတကာ အကူအညီ စစ်ကောင်စီ ခွင့်မပြု