စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များရှိ ကျေးရွာအချို့၌ ပျူစောထီးသင်တန်း တက်ရန် ဖိအားပေး ခြိမ်းခြောက်၍ မဲနှိုက်ရွေးချယ်ခြင်းများ ယခုရက်ပိုင်း ဆက်တိုက်လုပ်နေကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။
ပျူစောထီးသင်တန်းတက်ရန် မဲနှိုက်ရွေးချယ်ခြင်းနှင့် အစည်းအဝေးများကို ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်၊ အုတ်ဖိုကျေးရွာအုပ်စု၊ ခင်သာ၊ ရေကြည်၊ အုတ်ဖို၊ အုန်းတောကျေးရွာများနှင့် ပိုးစာကုန်း၊ ချင်မြစ်ကျင်း ကျေးရွာများ၊ ကျွန်းလှမြို့နယ် လယ်လှ၊ တင်းတိမ်ရံ၊ မြနှင်းကုန်း၊ အင်းကောင်းကျေးရွာများတွင် ပြုလုပ်နေခဲ့ကြောင်း သိရသည်။
ထန်းကုန်းတိုက်နယ်မှ ဒေသခံတဦးက “အခု ပျူစောထီးထဲဝင်ဖို့ ဖိအားပေးခံရတဲ့ ရွာတွေက ပျူရွာတွေ မဟုတ်ပါဘူးဗျ။ ပုံမှန် အေးအေးဆေးဆေး လုပ်ကိုင်စားသောက်နေကြတဲ့ရွာတွေပါ။ ပျူစောထီးထဲ ဝင်ဖို့ မဲဖောက်လို့ မဲပေါက်ရင် သင်တန်းတက်ရတယ်။ အကယ်၍ သင်တန်း မတက်ဘူးဆိုရင် ၂ သိန်းခွဲ ၃ သိန်း တောင်းတယ်။ ရွာမှာက တောသူ တောင်သားတွေ၊ လက်လုပ်လက်စားတွေ များတယ်။ မြေပဲနှုတ် ပေါင်းနှုတ်လိုက်မှ တရက်ကို ၂၅၀၀၊ ၃၀၀၀ လောက် ရတဲ့သူတွေက ဘယ်လိုလုပ်ပြီး တလကို ၂ သိန်းခွဲ၊ ၃ သိန်းမျိုးပေးနိုင်မှာလဲ။ အဲဒီတော့လည်း ပျူထဲမဝင်ချင်လဲ ဝင် နေရတဲ့သူတွေ အများကြီးရှိတယ်။ အချို့ ပိုက်ဆံတတ်နိုင်တဲ့သူတွေကတော့ လူငှားပြီးတော့ ထည့်ကြရတယ်” ဟု ပြောသည်။
ထိုသို့ မဘသ ဆရာတော် ဦးဝါသဝ ဦးဆောင်၍ ပျူစောထီးသင်တန်းတက်ရန် ပြုလုပ်ခဲ့သော အစည်းအဝေးများသို့ တအိမ်လျှင်တဦး မဖြစ်မနေ တက်ရောက်ကြရန်နှင့် ဒေသခံများကို အတင်းအဓမ္မ ခြိမ်းခြောက် မဲနှိုက်ခိုင်းကာ အစည်း အဝေးမတက်သည့် အိမ်များကိုလည်း ဒဏ်ငွေ ၂ သောင်းကျပ်၊ ကြိမ်ဒဏ် ၅ ချက် ချမှတ်မည်ဟု ဖိအားပေးခဲ့ကြောင်း သိရသည်။
ဇွန် ၂၇ ရက်တွင် ကန့်ဘလူမြို့နယ် အုန်းတောကျေးရွာအား ပြည်သူ့စစ်ဖွဲ့စည်းခိုင်းသည်ကို လုပ်ဆောင်ခြင်းမရှိ ဟု ဆိုကာ ခေါင်းဆောင် ဦးဝါသဝနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအုပ်ချုပ်ရေးမှူးကို ဆဲဆိုရိုက်နှက်ခြင်းများ ပြုလုပ်သွားကြောင်း ဒေသခံများထံက သိရသည်။
အုတ်ဖိုကျေးရွာအုပ်စုအတွင်းရှိ ရေကြည်၊ ခင်သာ၊ အုတ်ဖို၊ အုန်းတောကျေးရွာများသည် နာမည်ကြီး ပျူစောထီးကျေး ရွာများကြား၌ရှိကာ အရှေ့ဘက်တွင် တပင်၊ တင်ကုတ်ကြီး ပျူစောထီးကျေးရွာ၊ အနောက်ဘက်တွင် နားဋောင်းကျ ပျူ စောထီးကျေးရွာ၊ တောင်ဘက်တွင် ထန်းကုန်းပျူစောထီးကျေးရွာ၊ မြောက်ဘက်တွင် ယော၊ လယ်လှပျူစောထီး ကျေး ရွာများတည်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ် ပကဖအဖွဲ့က “သူတို့အခေါ်ကတော့ ပြည်သူ့စစ်ပေါ့၊ ပျူထဲကို စိတ်ပါလို့ ဝင်ချင်တဲ့သူက အတော်ကို နည်းပါတယ်၊ ဖိအားကြောင့်သာ တက်နေကြရတာပါ။ အခုက ပတ်ဝန်းကျင်မှာက ပျူရွာကြီးတွေ ဖြစ်လာတော့ ငုံပြီး တော့ တိုးချဲ့လာတဲ့ သဘောပဲ” ဟု ပြောသည်။
ထို့ပြင် ကျွန်းလှမြို့နယ် လယ်လှကျေးရွာတွင်လည်း ဇွန်လ၂၂ ရက်က ပျူစောထီး သင်တန်းတက်ရန် မဲနှိုက်ခဲ့ရာ ရွာသား ၁၂ ဦး မဲပေါက်ခဲ့ကြောင်း၊ မဲပေါက်သည့် ကာယကံရှင်များ မလိုက်နိုင်၍ လူငှားထည့်မည်ဆိုလျှင် သိန်း ၅၀ ပေးရမည်ဖြစ်သည့်အပြင် မဲမပေါက်သည့်နေအိမ်များမှ တလလျှင် ကျပ်တသိန်းနှုန်း လစဉ် ပေးဆောင်ရမည်ဟု လယ်လှပျူစောထီးအဖွဲ့က ကောက်ခံလျက်ရှိကြောင်း သိရသည်။
လယ်လှကျေးရွာအပြင် အခြားကျေးရွာအချို့၌လည်း ပျူသင်တန်းတက်ရောက်ရန် အတင်းအဓမ္မ ဖိအားပေး မဲနှိုက်ရာ တင်းတိမ်ရံမှ ၈ ဦး၊ မြနှင်းကုန်းကျေးရွာမှ ၂ ဦး၊ အင်းကောင်းကျေးရွာမှ ၅ ဦးတို့လည်း ရွေးချယ်ခံခဲ့ရကြောင်း၊ နယ်ဝေး အလုပ်များ သွားရောက်လုပ်ကိုင်နေကြသည့် လူငယ်အမျိုး သားများကိုပါ ထည့်သွင်းထားပြီး မဲပေါက်ပါက သင်တန်း တက်ရန်နှင့် ပျုစောထီးအဖွဲ့အတွင်းဝင်ရန် ပြန်လည် ခေါ်ယူ ခိုင်းမှုများလည်း ပြုလုပ်နေကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ကန့်ဘလူမြို့နယ်ပကဖအဖွဲ့မှ တာဝန်ရှိသူတဦးက “ပျူတွေကြီးစိုးတဲ့ ရွာတွေဘက်ကနေ အိုးအိမ်စွန့်ခွာပြီး တိမ်းရှောင် လာတဲ့သူတွေကို လုံခြုံရေးအရ စစ်ဆေးမေးမြန်းပြီးတာနဲ့ ပအဖအဖွဲ့ကို လွှဲပေးတယ်၊ ပအဖအဖွဲ့ကနေ အလုပ်အကိုင် အခွင့်အလမ်း၊ စားဝတ်နေရေးကအစ တတ်နိုင်သမျှ ထောက်ပံ့ကူညီပေးတာတွေအပြင် ရေရှည်လုပ်ကိုင်စားသောက် နိုင်အောင်လို့ ကျနော်တို့စိုးမိုးထားနိုင်တဲ့နယ်မြေတွေထဲက ယာတို့ကုန်းတို့ကို ပေးထားတာတွေ ရှိပါတယ်၊ လက်ရှိ ၃၀၀ ဝန်းကျင်လောက်ထိ ရှိတယ်၊ တချို့ကလည်း ရွှေဘို၊ မန္တလေး၊ ရန်ကုန် စတဲ့ မြို့ကြီးတွေနဲ့ ဆွေမျိုးတွေဆီမှာ ခိုလှုံ နေကြတာမျ်ိုးတွေလည်း ရှိတယ်” ဟု ပြောသည်။
ကန့်ဘလူခရိုင်တွင် ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့များကို ပျူစောထီးခေါင်းဆောင် မဘသဆရာတော် ဦးဝါသ၀ ကျောင်းထိုင်သော မှော်တော်ကျေးရွာမှ စတင်ဖွဲ့စည်းခဲ့ပြီး မူးဘောင်တလျှောက်ရှိ ကျေးရွာများကို ခြိမ်းခြောက်ပြီး ဆက်တိုက်ဖွဲ့စည်းခဲ့ရာ ပျူစောထီးကျေးရွာ ၅၀ ကျော်ထိ ရှိလာပြီဖြစ်သလို သင်တန်းဆင်း၍ လက်နက်တပ်ဆင်ပေး ထားသူ ၁၁၀၀ ကျော်ထိ ရှိလာကြောင်း၊ လက်နက်တပ်ဆင်ပေးမှုအနေဖြင့် စစ်ကောင်စီက လက်လုပ်သေနတ်ကိုသာ အဓိကထား ပံ့ပိုးပေးခဲ့ရာမှ ယခုအခါ BA 63 ခေါ် ဂျီသရီး၊ ကာဘိုင်၊ MA 1 များကို ပြောင်းလဲတပ်ဆင်ပေးလာကြောင်း သိရသည်။
“တဖြည်းဖြည်နဲ့ ပျူရွာတွေ များလာတာနဲ့အမျှ တော်လှန်ရေး အရှိန်လျော့ နှောင့်နှေးသွားမှာကို စိုးရိမ်ရပါတယ်။ ဒါ ကြောင့် အခုထက်ပိုပြီး ပျူရွာတွေ များမလာခင် တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ ညီညီညွတ်ညွတ် စုပေါင်းပြီး နှိမ်နင်းသွားကြဖို့ လိုအပ်လာပြီလို့ ပြောချင်ပါတယ်” ဟု ကျွန်းလှမြို့နယ် ပကဖအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ထိုသို့ စစ်ကောင်စီလက်နက်တပ်ဆင်ပေးထားသည့် ပျုစောထီအဖွဲ့များသည် ဒေသခံများအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့် ခြိမ်းခြောက်ငွေကြေးတောင်းယူခြင်း၊ ဒေသခံများအား ပျူဂိတ်များတွင် ဖိအားပေး ဂိတ်စောင့်ခိုင်းခြင်း၊ စစ်ကောင်စီ ဦးစီးပြုလုပ်နေသည့် ပြည်သူ့စစ်သင်တန်းများ တက်ရောက်ရန် ခြိမ်းခြောက် ခိုင်းစေခြင်း၊ သင်တန်း မတက်လိုသူများထံမှ ငွေကြေးကောက်ခံခြင်းများ ဆက်တိုက် ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ဆိုသည်။
ယခုအခါ အာဏာသိမ်းစစ်တပ်တွင် တပ်သားသစ် စုဆောင်းရန် ခက်ခဲလာခြင်းနှင့်အတူ အင်အားလျော့နည်းလာခြင်း များကြောင့် ကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးရာတွင် နယ်ခံပျူစောထီးများ ပါဝင်မှု အများ ဆုံးဖြစ်ကာ ပျူစောထီး ၁၆ ဦးလျှင် စစ်တပ်ကတဦး ကြီးကြပ်သည့်ပုံစံဖြင့် ကျင့်သုံးလာသလို ပျူစောထီးအဖွဲ့များက စစ်ကောင်စီတပ်များနှင့် ပူးပေါင်း၍ ၎င်းတို့အား မထောက်ခံသည့် ကျေးရွာများကို မီးရှို့ ဖျက်ဆီးခြင်း၊ အဖိုးတန် လက်ဝတ်ရတနာနှင့် စားနပ်ရိက္ခာများအား လုယက်သိမ်းဆည်းခြင်းများကိုလည်း ပြုလုပ်လျက် ရှိကြောင်း သိရသည်။
You may also like these stories:
ကန့်ဘလူ ဒေသခံဖုန်းများအား ပျူစောထီးအဖွဲ့များ အဓမ္မသိမ်းယူနေ
ကန့်ဘလူခရိုင်အတွင်းက လုပ်ငန်းရှင်များကို နေရပ်ပြန်ရန် ပျူစောထီးများ ခြိမ်းခြောက်
စခန်းတိုက်ခိုက်ခံရသည့် ပျူစောထီးများနှင့် စစ်တပ် ကျေးရွာများကို မီးလိုက်ရှို့
မဘသ ဆရာတော် ဦးဝါသ၀ ပျူစောထီးအဖွဲ့များ ဖွဲ့စည်းနေ