စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀ ဦးထိရှိပြီး ၅ ဦးမှာ မိသားစုဝင်များဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ညောင်ကုန်းရွာရှိ ဘုန်းကြီးကျောင်းအနီးတဝိုက်ကို စစ်ကောင်စီက ဇွန် ၂၇ ရက်၊ မွန်းလွဲ ၃ နာရီကျော်တွင် တိုက်လေ ယာဉ်ဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခြင်းအပြင် သေနတ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ဆိုသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွင် ၉ ဦး နေရာတင် ပွဲချင်းပြီးသေဆုံးပြီး ဒဏ်ရာရသူများထဲမှ ၁ ဦး ထပ်မံသေဆုံး သည့်အတွက် သေဆုံးသူ ၁၀ ဦးထိ ရှိခဲ့ကြောင်း၊ သေဆုံးသူများမှာ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၇ ဦးဖြစ်ပြီး ဦးဇင်း ၁ ပါးလည်း ပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုဇော်ထက်က “ဘုန်းကြီးကျောင်းမှာ ဘာမှမရှိပါဘူး။ တပ်ရင်းတပ်ဖွဲ့တွေ နေတာလည်း မရှိဘူး။ ပညာရေး၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး အစည်းအဝေး လုပ်တာမျိုးတွေလည်း မရှိဘူး။ ဘာမှကို မရှိတာ။ မရှိတာကို လာပြီးတော့ ဗုံးကြဲတာရော ပစ်တာရောလုပ်တာ။ အိမ်တွေက ဘုန်းကြီးကျောင်းနဲ့ အုတ်တံတိုင်းပဲ ခြားတော့ ဗုံးကြဲတာနဲ့ အကုန်လုံးထိကုန်တာ” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီလေယာဉ်သည် ပထမအကြိမ်တွင် ဗုံးနှစ်လုံးကြဲချခဲ့ပြီး ၁၀ မိနစ်ခန့်အကြာ၌ နောက်တကြိမ် ထပ်မံဝဲကာ ဗုံးတလုံးကြဲသည့်အပြင် သေနတ်ဖြင့်လည်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတဦးက “ကျမက အဲဒီအချိန် အိမ်မှာရေချိုးတုန်း လေယာဉ်က ခေါင်းပေါ် ရောက်နေပြီ ဗုံးလည်းအကြဲပဲ အသံကြားရတော့။ အသံက တော်တော်ကိုကျယ်တယ်။ ၂/ ၃ မိုင်ကနေတောင် မြေ တွေကို တုန်သွားတာပဲ။ အစတွေတောင် လာစင်တယ်။ ၃ ချက်လောက် ကြားရတယ်။ အစက ရွာက အေးအေးချမ်း ချမ်းပဲ ကိုယ့်အလုပ်ကိုယ်လုပ်နေတာ” ဟု ပြောသည်။
ဗုံးကျသည့်နေရာသည် ဘုန်းကြီးကျောင်းနှင့် အနီးတဝိုက်တွင်ဖြစ်ပြီး ကျောင်းနှစ်ထပ်ဆောင် ပျက်စီးခဲ့သလို အနီးဝန်း ကျင်ရှိ အိမ်တချို့လည်း မီးလောင်ပျက်စီးခဲ့ကြောင်း၊ အကျယ် ၆ ပေ အနက် ၂ ပေ ရှိသည့် ဗုံးကျင်း ၃ ကျင်း တွေ့ရှိ ထားပြီး ဗုံးအကြွင်းအကျန်အပိုင်းအစများလည်း တွေ့ရှိရကြောင်း ဒေသခံများနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။
စစ်ကောင်စီ၏ ဗုံးကြဲမှုကြောင့် သေဆုံးသူ ၁၀ ဦးအနက် ၅ ဦးမှာ မိသားစုဝင်များဖြစ်ပြီး အိမ်ရှေ့တွင် အထူထိုင်နေစဉ် ဗုံးထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ညောင်ကုန်းရွာခံ ကိုအာလူးက “ဦးဇင်းနဲ့ ကျန် ၄ ယောက်က မောင်နှမတွေ။ အိမ်ရှေ့ အပြန့်လေးမှာ ထိုင်နေကြတာ။ လက်နက်ကြီးက အဲဒီနားကိုကျပြီး အကုန်လုံးသေတာ။ နွားနှစ်ကောင်ရောပဲ။ အဲဒီနားက ထန်းပင်ဆို ၃ ပင်လောက် ပြတ်ထွက်သွားတာ။ အစတွေထွက်တာကတော့ ပြောမနေနဲ့။ အုန်းပင်တွေဆိုအရာတွေနဲ့ မန်းကျည်းကိုင်းတွေဆို ကျိုး တာ။ ဇာတ်ကားထဲတောင် မမြင်ဖူးဘူး။ ဘုန်းကြီးကျောင်းမှာကျတဲ့ လက်နက်က ဘယ်လောက်ပြင်းလဲဆိုရင် ရွာလယ် လောက်အထိ စင်တာ” ဟု ပြောသည်။
သေဆုံးသူများမှာ ဒေါ်မြင့်မြင့်နွယ် (၃၅ နှစ်)၊ ဒေါ်တင်ညွန့် (၅၂ နှစ်)၊ မဟန်နီထွန်း (၂၂ နှစ်)၊ ဦးဇော်လင်း (၃၅ နှစ်)၊ ဦးစိုးကြီး (၆၀ နှစ်)၊ ဦးကျော်မြင့်ခင် (၄၅ နှစ်)၊ ဦးမင်းစိုး (၄၅ နှစ်)၊ ဦးဝင်းအောင် (၅၅ နှစ်)၊ ဦးသန်းဆောင် (၇၀ နှစ်) နှင့် ဦးဇင်းဖြစ်သူ ဦးကျော်မြင့်ထွန်း (၅၅ နှစ်)တို့ ဖြစ်ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ညောင်ကုန်းရွာကို ဗုံးကြဲပြီး နာရီပိုင်းအတွင်း၌ပင် မြောက်ယမားရေလှောင်တမံအနီးတွင် စစ်တပ်၏ လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်မှုကြောင့် ကြာစီရွာခံ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပုလဲမြို့၏ အနောက်တောင်ဘက် ၃ မိုင်ခန့်အကွာတွင်ရှိသော ညောင်ကုန်းရွာသည် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ဗုံးကြဲခံရ မှုကြောင့် နေအိမ် ၁၃ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း၊ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ထက်ဝက်ကျော်သော ရွာခံ ၅၀၀ ဝန်းကျင်မှာ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ကိုအာလူးက “ကာကွယ်ရေးတပ်ဖွဲ့ဝင်ဆိုတာ ကြားကိုမကြားဖူးဘူး။ အခုသေတာလည်း ဒေသခံပြည်သူတွေချည်းပဲ။ ပြေးတဲ့လူတွေက ပြန်ကိုမပြန်ရဲကြတာ။ ပဇီကြီးလည်း ကျနော်တို့က ကြားဖူးထားတာကိုး။ သူတို့(စစ်တပ်)က ယုံလို့ရ တာမဟုတ်ဘူး။ ဖြစ်သွားမှ CD ခွေလို ပြန်ရစ်လို့မရဘူးဗျာ။ အဲဒါကြောင့် ရှောင်ကြတာ” ဟု ပြောသည်။
စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများကို စစ်ရေးပစ်မှတ်ကဲ့သို့သဘောထားပြီး လေကြောင်းတိုက်ခိုက်မှုများ ဆောင်ရွက်နေသည့်အတွက် နေအိမ်များတွင် ဗုံးခိုကျင်းများ စနစ်တကျတူးထားကြရန်နှင့် လေကြောင်းအန္တရာယ်ကာ ကွယ်ရေး အသိပညာပေးမှုများ ထပ်မံလိုအပ်နေကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။
အာဏာသိမ်းကာလ နှစ်နှစ်ကျော်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၁,၄၀၀ ကျော် ပြုလုပ်ခဲ့ ပြီး ယခုနှစ် ဇွန် ၂၁ ရက်မှ ၂၇ ရက်ထိ တပတ်တာအတွင်း လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၁၈ ကြိမ် ပြုလုပ်ခဲ့ ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် မြန်မာ့မဟာဗျူဟာနှင့်လေ့လာရေးအင်စတီကျု (ISP-Myanmar)က ထုတ်ပြန်သည့် စာရင်းများအရ ၂၀၂၃ ခုနှစ် ပထမ ၄ လအတွင်း ကရင်၊ ကယား၊ ချင်း၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် လေကြောင်းတိုက်ခိုက်မှု ၃၇၉ ကြိမ် ရှိခဲ့ကြောင်း သိရသည်။
ညောင်ကုန်းကျေးရွာကို ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခြင်းမှာ စစ်တပ်သတင်းပေးများ၏ သတင်း မှားပေးခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများက ကောက်ချက်ချပြီး စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များ တွင်မူ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ အစည်းအဝေးပြုလုပ်ရာနေရာကို တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီကမူ အဆိုပါ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ထားခြင်း မရှိပေ။
You may also like these stories:
မြန်မာလေတပ် စစ်ရာဇဝတ်မှုတွေမှာ တရုတ်နှင့် ရုရှား ကြံရာပါ
စခန်း တိုက်ခိုက်ခံရလျှင် ဒေသခံလူထုကို စစ်ကောင်စီ လက်တုံ့ပြန်နေ
စခန်းတိုက်ခိုက်ခံရသည့် ပျူစောထီးများနှင့် စစ်တပ် ကျေးရွာများကို မီးလိုက်ရှို့
လေကြောင်းတိုက်ခိုက်မှု စက်ကွင်းထဲက သံလွင်ငြိမ်းချမ်းရေးဥယျာဉ်