စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (NLD) အမတ်ဟောင်း ဦးဝင်းမြင့်အောင်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးဝန်ကြီးဌာနထံ အပ်နှံပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဧရာဝတီကို ပြောသည်။
၎င်းက “ကျနော်တို့ MOD လက်အောက်ခံ ပကဖအဖွဲ့ကနေ ဖမ်းဆီးခဲ့ပြီးတော့ သူ့ကို ပလဖအဖွဲ့ (ပြည်သူ့လုံခြုံရေး)ကို လွှဲပြောင်းပေးထားပြီး ဖြစ်ပါတယ်။ အဲဒါကို သက်ဆိုင်ရာရဲတပ်ဖွဲ့က ဆက်လက်ပြီး စစ်ဆေးစရာရှိတာတွေကို စစ်ဆေးနေပါ တယ်။ သူ့ကို တိုင်ကြားထားတဲ့ တိုင်ကြားချက်တွေလည်းရှိတော့ လိုအပ်တာတွေကို စစ်ဆေးမေးမြန်းပြီးတာနဲ့ အပြစ်ရှိ တယ်ဆိုရင်လည်း ဥပဒေအတိုင်း ဆက်လက် အရေးယူတာတွေ လုပ်သွားမယ်။ အပြစ်မရှိဘူးဆိုရင်လည်း ပြန်လွှတ်ပေး သွားမှာပါ။ သိပ်မကြာခင် သိရတော့မှာပါ” ဟု ဆိုသည်။
ဦးဝင်းမြင့်အောင်သည် ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး ရွှေဘိုအကျဉ်းထောင်တွင်း ဖမ်းဆီးထောင် ချခံထားရသော ညီဖြစ်သူကို ထောင်ဝင်စာတွေ့ရန် ဇွန် ၈ ရက်၌ ဒီပဲယင်းမြို့နယ်အတွင်းမှ ရွှေဘိုမြို့သို့အသွား ဒီပဲယင်းမြို့ အရှေ့တောင်ဘက် ၂၂ မိုင်ခန့်အကွာ မူးကမ်းကြီးကျေးရွာအနီးတွင် ဒီပဲယင်းမြို့နယ်ပကဖ လက်အောက်ခံအဖွဲ့တဖွဲ့က ဖမ်း ဆီးခဲ့ခြင်းဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဦးဝင်းမြင့်အောင်သည် စစ်ကောင်စီနှင့်ပူးပေါင်းနေကြောင်း ခိုင်မာသောအချက်အလက် များကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သလို ဖမ်းဆီးခံရချိန်တွင်လည်း ဒီပဲယင်းမြို့နယ်မှ မိုခါမုန်တိုင်းသင့်ဒေသခံများအတွက် စစ်ကောင်စီထံ အကူအညီတောင်းခံသည့် စာရွက်စာတမ်းများကို တွေ့ရှိခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောသည်။
၎င်းက “ဦးဝင်းမြင့်အောင်က စစ်ကောင်စီထံမှာ ခံဝန်လက်မှတ်ရေးထိုးထားပြီး စစ်ကောင်စီအလိုကျ လုပ်ဆောင်နေတာ တွေ ရှိတယ်။ ပြည်သူလူထုက သတင်းပေးလို့ သူ့ကို ပကဖအဖွဲ့က ဖမ်းတာ။ ဖမ်းပြီး နောက်ရက် ဇွန် ၉ ရက်ကတည်းက ပလဖအဖွဲ့ကို လွှဲအပ်ပေးထားပြီး ပြည်ထဲရေးက ဆက်လက်စစ်ဆေးနေတာတွေ လုပ်နေတယ်လို့ သိရတယ်” ဟု ဆိုသည်။
စစ်တပ်အာဏာသိမ်းစတွင် ဒီပဲယင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝင်းမြင့်အောင်သည် နေအိမ်မှ ရှောင်တိမ်းနေစဉ် ၎င်း၏နေအိမ်အား ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်း ခဲ့ရာ ၎င်းအား ဖမ်းမမိသည့်အတွက် ဇနီးဖြစ်သူ ဒေါ်ခင်အုန်းမြင့်နှင့် သားတဦး၊ ညီဖြစ်သူ ဦးဆန်းလင်းတို့ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။
ထိုသို့ ဖမ်းဆီးထောင်ချခံရပြီးနောက် ၎င်း၏ဇနီးနှင့်သားဖြစ်သူမှာ ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်က ပြန်လည်လွတ်မြောက်လာ ခဲ့သော်လည်း ညီဖြစ်သူမှာ ယနေ့အချိန်ထိ လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။
NLD ဗဟိုကော်မတီဝင်တဦးဖြစ်သူ ဦးဝင်းမြင့်အောင်သည် ပါတီနာမည်အား အလွဲသုံးစားလုပ်မှု၊ အာဏာသိမ်းစစ်ကောင်စီ နှင့် ပူးပေါင်းလုပ်ဆောင်မှုများကြောင့်ဟုဆိုကာ NLD ပါတီ ဗဟိုအလုပ်ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် တခြားဗဟိုကော်မတီ ဝင်များဖြစ်သော ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်တို့နှင့်အတူ မတ်လ ၃ ရက်တွင် ပါတီမှ ထုတ်ပယ်ခံထားရသည်။
ထို့ပြင် ဦးဝင်းမြင့်အောင်သည် NLD အား စစ်ကောင်စီက ဖျက်သိမ်းကြောင်း မကြေညာမီ မတ်လ ၂၅ ရက်တွင် ဒေါ်အောင် ဆန်းစုကြည်အား အကျဉ်းချထားရာ နေပြည်တော်အချုပ်ထောင်သို့ တခြားပါဝင်ဟောင်းတဦးနှင့်အတူ သွားရောက်တွေ့ဆုံ ခဲ့သေးသည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းတို့အား လက်ခံတွေ့ဆုံခြင်းမရှိဘဲ ငြင်းပယ်ခဲ့သည်။
ယခုကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အမတ်ဟောင်းတဦးကို NUG လက်အောက်ခံအဖွဲ့တခုက ဖမ်းဆီးမှု မှာ ပထမဆုံးဖြစ်ပြီး လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းထားခြင်းမျိုးမဟုတ်ဘဲ ဦးဝင်းမြင့်အောင်၏ မိတ်ဆွေတဦးနေအိမ်၌ လုံခြုံရေးအစောင့်အရှောက်များဖြင့်ထားရှိကာ ကျန်းမာရေးကောင်းမွန်စွာရှိနေကြောင်း သိရသည်။
You may also like these stories:
ဒီပဲယင်း NLD အမတ်ဟောင်း ဦးဝင်းမြင့်အောင်ကို ပကဖ ဖမ်းဆီး
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင် နှစ်ဦး တွေ့ခွင့်ရ
ပါတီဝင်များ နောက်တကြိမ် လာတွေ့မှု ဒေါ်အောင်ဆန်းစုကြည် လက်မခံ