မြဝတီနယ်စပ်ကုန်သွယ်ရေးမှ ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရာတွင် စစ်ကောင်စီက ပို့ကုန်မူဝါဒ ရုတ်တရက်ပြောင်းလဲ လိုက်သဖြင့် ပြောင်းကား အစီးရေ ၅၀၀ကျော် မြဝတီတွင် ပိတ်မိနေကြောင်းသိရသည်။
ယင်းမူဝါဒကို ဇွန် ၁၅ရက်က ပြောင်းကုန်သည်များအား ကြိုတင်အသိပေးခြင်းမရှိဘဲ ပြောင်းလိုက်ခြင်းဖြစ်ပြီး ထို့အတွက် ကျပ် သိန်းပေါင်း ၁သိန်း ၆သောင်း တန်ဖိုးရှိ ပြောင်းများ ရောင်းချ၍ မရဘဲ မြဝတီမြို့တွင် ပိတ်မိ နေခြင်းဖြစ်သည်။
ပြောင်းလဲလိုက်သည့် မူဝါဒသစ်မှာ ကြိုတင်ပို့ကုန် တန်ဖိုးငွေပေးသော ကုမ္ပဏီအမည်နှင့် အမှန်တကယ် ရောင်းချ သည့် ကုမ္ပဏီအမည်တို့ တူညီရမည်ဖြစ်ကြောင်း၊ မတူညီပါက စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာနက ပို့ကုန်ကြေညာလွှာ (Export Declaration) ထုတ်မပေးကြောင်း၊ ထိုသို့ ကုမ္ပဏီအမည် မတူညီမှုကို အကြောင်းပြုကာ ထိုင်းကုန်သည်တချို့ကလည်း ဈေးနှိမ်၍ ဝယ်ယူမှုများ ပြုလုပ်လာသလို စာချုပ်ဖျက်သိမ်းခြင်းများ ရှိလာကြောင်း၊ ထို့အတွက် အချိန်ကြာလာသည်နှင့်အမျှ ဆုံးရှုံးမှုများ ဖြစ်လာသည်ဟု ကုန်သည်များက ဆိုသည်။
မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ တာဝန်ရှိသူတဦးက “မူဝါဒအရ ဖြေရှင်းပေးနေပြီပြောပေမယ့် လုပ်ထုံးလုပ်နည်း အရတော့ ကြန့်ကြာနေတုန်းပဲ။ အရင်က ပို့ကုန် ၆၅ ရာခိုင်နှုန်းသွင်းပြီး ဗဟိုဘဏ်မှာ အဖြတ်ခံလိုက်ရင်ပြီးပြီ။ ပြဿနာ မရှိဘူး။ ကျန်တာက ငွေသွင်းတဲ့ကုမ္ပဏီနဲ့ တင်ပို့မယ့်ဝယ်လက်ကုမ္ပဏီနာမည် တူစရာမလိုဘူးပေါ့။ အခုကျတော့ မတူ ရင်မထုတ်ပေးတော့ဘူးလို့ လုပ်လိုက်တဲ့အချိန်မှာ ဘယ်ဝယ်လက်ကမှ ငွေကြိုသွင်းပေးတာမရှိတော့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ကြိုသွင်းထားတဲ့ဟာတွေက ထုတ်မရဘဲ ပိတ်သွားတာ” ဟု ဧရာဝတီကို ပြောသည်။
ယခုလို ပိတ်မိသည့်အချိန် ကြာလာသည်နှင့်အမျှ ရက်ကျော်ကြေးအဖြစ် ကားတစီး ၁ ရက်လျှင် ကျပ် ၁ သိန်းနှုန်း ပေး ရသဖြင့် ၁ ရက် ကျပ်သိန်း ၅၀၀ ဆုံးရှုံးပြီး ဂိုဒေါင်၌ထားမည်ဆိုပါက ကား ၁ စီးလျှင် တပတ် ကျပ် ၇ သောင်းအပြင် ကုန်တင်ကုန်ချ အလုပ်သမားခများကြောင့် စရိတ်ကြီးမြင့်နေကာ ယခု ပြန်လည်ရောင်းချခွင့်ရမည်ဆိုလျှင်တောင် ကား ၁ စီးလျှင် ၂၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးသွားနိုင်ကြောင်းလည်း ပြောင်းကုန်သည်များကပြောသည်။
“အခု မိုးလည်းတအားရွာနေတော့ ပြောင်းတွေပျက်စီးတာပေါ့။ ထားစရာနေရာမရှိ။ လမ်းမှာပဲ ထားရတော့ တချို့ ပြောင်းစေ့တွေဆို အပင်တွေပေါက်ပေါ့။ နောက်ပြီး ထိုင်းဘက်က ဈေးကျတာနဲ့လည်း သွားဆုံတော့ နဂိုဈေးအမြင့်နဲ့ ဖြတ်ထားတာတွေကို ထိုင်းဝယ်လက်က စာရွက်မထွက်ဘူး၊ နောက်ကျတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ လာမယူတော့ ဘူး။ အဲဒီအချိန်တုန်းက ရောင်းထားတဲ့ဈေးဆိုရင် တွဲကားတစီးကို ဘတ် ၃ သိန်း ၇ သောင်းကျော် တန်တော့ ဒီနေ့ ငွေဈေးနဲ့ဆို မြန်မာငွေ ကျပ်သိန်း ၃၃၀ ကျော်လောက် တန်တယ်” ဟု ရှင်းပြသည်။
စစ်ကောင်စီ၏ ပို့ကုန်လိုင်စင်မူဝါဒအရ ဝယ်ယူမည့်ကုန်သည်က ကုန်စည်တန်ဖိုး ၁၀၀ ရာခိုင်နှုန်းကို ငွေကြိုလွှဲပြီးမှသာ ကုန်တင်ပို့သည့်စနစ်ဖြစ်သော်လည်း တဖက်နိုင်ငံမှကုန်သည်များက လိုင်စင်မရသေးသည့်ကုန်အတွက် ငွေကြိုလွှဲပေး ခြင်း မရှိပေ။
ထို့ကြောင့် မြန်မာဘက်မှ ပို့ကုန်တင်ပို့သည့် ကုန်သည်၊ လုပ်ငန်းရှင်များက ကုန်တန်ဖိုးငွေကို ကြိုတင်စိုက်ထုတ်ကာ လိုင်စင်ရရှိရေး လုပ်ဆောင်ရသဖြင့် ငွေလွှဲထားသည့်ကုမ္ပဏီနှင့် ကုန်စည်ဝယ်ယူသည့်ကုမ္ပဏီနာမည် လွဲသွားခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းထံမှ သိရသည်။
ငွေကြိုလွှဲထားသည့်ကုမ္ပဏီကိုသာ ရောင်းချရမည်ဆိုသည့်အတွက် ယင်းကုမ္ပဏီက ဈေးနှိမ်ပေးခြင်းများလည်း ကြုံရ နိုင်ကြောင်း ပြောင်းကုန်သည်များက ထောက်ပြသည်။
ပြောင်းတင်ပို့နေသည့် ကုန်သည်တဦးက “ပြောင်းဈေးကွက်က အခု ထိုင်းနိုင်ငံပေါ်မူတည်တော့ လက်ရှိဈေးက ကျတဲ့ ဘက်ရောက်သွားတော့ ခဏရပ်သွားအုံးမှာပေါ့။ အခုကတော့ ပေးထားချက်အတိုင်း လုပ်ရတာပေါ့။ ဒါနဲ့ပေးထားတော့ မဖြစ်ဖြစ်အောင် လုပ်ရတာပေါ့” ဟု ဧရာဝတီကို ပြောသည်။
ပို့ကုန်တင်ပို့ရာတွင်လည်း ပို့ကုန်ရငွေကို ယခင်က ၆၅ ရာခိုင်နှုန်းအား သတ်မှတ်ဈေး ၁ ဒေါ်လာ ၂၁၀၀ ကျပ်နှင့် ဖြတ် ယူပြီး ၃၅ ရာခိုင်နှုန်းကို ကုန်သည်စိတ်ကြိုက် ရောင်းဝယ်ခွင့်ပြုသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကပင် ၁ ဒေါ်လာ လျှင် ၂၉၂၂ ကျပ်နှင့် သတ်မှတ်ယူသောကြောင့် အမှန်တကယ်ပြင်ပဈေးနှင့် ငွေကြေးကွာဟမှုဖြစ်၍ အခက်အခဲများရှိ နေကြောင်း သိရသည်။
အထက်ပါကုန်သည်က “ပို့ကုန်သမားတွေက တခါတော့ ရှုံးသွားတာပေါ့။ နောက်တခါ အရှုံးမခံနိုင်တော့ သူရဲ့ကုန်ကျ စရိတ်တွေအကုန်လုံး ဝယ်တဲ့အခါ တောင်သူဆီမှာနုတ်တော့မှာ။ အဲဒီတော့ တောင်သူပဲခံစားရမှာပေါ့” ဟု ဆိုသည်။
ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့ခွင့် သတ်မှတ်ထားသည့်ကာလမှာ နှစ်စဉ် ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၃၁ ရက်ထိသာ ဖြစ်သောကြောင့် ယင်းကာလအတွင်း လိုင်စင်ပြန်လည်လျှောက်ထားမှုများ အမြန်ရရှိရန် လိုအပ်နေကြောင်းလည်း ကုန်သည်များက ဆိုသည်။
ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လက်ရှိအချိန်ထိ ပြည်ပသို့ ပြောင်းတန်ချိန် ၁ သန်းခွဲကျော် တင်ပို့ပြီးကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းက ခန့်မှန်းထားသည်။
စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနစာများအရ ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇွန် ၁၆ ရက် ထိ မြဝတီနယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၁၆ ဒသမ၂၁၀ သန်း တင်ပို့ထားပြီး ယခင်နှစ်ကာလတူတွင် ဒေါ်လာ ၂၃၄ ဒသမ ၂၀၉ သန်း တင်ပို့ထားသောကြောင့် ကာလတူနှိုင်းယှဉ်လျှင် ဒေါ်လာ ၁၁၇ ဒသမ ၉၉၉ သန်း လျော့ကျနေကြောင်း တွေ့ရသည်။
You may also like these stories:
တင်းကျပ်သည့် ပို့ကုန်မူဝါဒကြောင့် ပြောင်းတင်ပို့မှု ကျဆင်းလာနေ
ပြည်ပသို့ ပြောင်းတင်ပို့မှု ရပ်တော့မလား
မြန်မာ့စီးပွားရေးနာလန်ထရန် နှစ်ပေါင်းများစွာကြာမည်ဟု ကမ္ဘာ့ဘဏ်ပြော
ဒေါ်လာဈေးလှုပ်ခတ်လာ၍ အခြေခံကုန်ဈေးနှုန်း တက်ရိပ်ပြ