အာဏာသိမ်း စစ်ကောင်စီသည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (EAOs) ၅ ဖွဲ့နှင့် ဟန်ပြသဘောဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်နေကြောင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေး လေ့လာသူအချို့က ပြောသည်။
စစ်ကောင်စီလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ (NSPNC) သည် NCA လက်မှတ်ထိုးထားသည့် EAOs ၅ ဖွဲ့ဖြစ်သော ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)နှင့် ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ ကိုယ်စားလှယ်များအား နေပြည်တော်သို့ ဖိတ်ခေါ် ကာ ဇွန်၂၆ ရက်မှ၂၈ ရက်အထိ ဆွေးနွေးခဲ့သည်။
EAOs ၅ ဖွဲ့သည် တစုတစည်းတည်းဆွေးနွေးရေးမူကို ကိုင်ထားပြီး တဖွဲ့လျှင် ကိုယ်စားလှယ် ၃ ဦး ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ (Delegation of 5 PPST’s Members- D5PM) ကို ဖွဲ့စည်းကာ NSPNC ခေါင်းဆောင်များနှင့် ဆွေးနွေးခြင်း ဖြစ်ကြောင်း EAOs ၅ ဖွဲ့က ဇွန်၂၈ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။
စစ်ကောင်စီနှင့် ဆွေးနွေးသည့် EAOs ၅ ဖွဲ့သည် အပစ်ရပ်လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့တွင် ပါဝင်သော EAOs များဖြစ်သည်။
PPST ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် အစိုးရနှင့် နိုင်ငံရေးညှိနှိုင်းမှုများ ပြုလုပ်ရန် NCA လက်မှတ်ရေးထိုးထားသော EAOs ၁၀ ဖွဲ့ဖြင့် ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အဆိုပါအဖွဲ့၌ ပါဝင်သော EAOs တဖွဲ့သည် လက်ရှိတွင် ကိုယ့်အစီအစဉ်နှင့်ကိုယ်သာ နိုင်ငံရေးလှုပ်ရှားကြသည်။
ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နှင့် မွန်ပြည်သစ်ပါတီ (NMSP) သည် စစ်ကောင်စီနှင့် သီးခြား တွေ့ ဆုံဆွေးနွေးမှုရှိပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့သည် စစ်ကောင်စီထံ သွားရောက်တွေ့ဆုံမှု မရှိဘဲ စစ်ကောင်စီ ကို လက်နက်ကိုင် တိုက်နေသည်။
တနည်းအားဖြင့် PPST သည် အဖွဲ့ပျက်လုနီးနီး စုဖွဲ့မှု အားလျော့နေပြီဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။ သို့သော်လည်း ကျန်ရှိသည့် EAOs ၅ ဖွဲ့သည် ၎င်းတို့အချင်းချင်း ကျောချင်းကပ်ကာ စစ်ကောင်စီက ပြုလုပ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အစုအဖွဲ့တခုအဖြစ် ဆက်ပါနေကြခြင်းဖြစ်သည်။
NSPNC နှင့် အပစ်ရပ် EAOs ၅ ဖွဲ့သည် ဇွန်၂၆ ရက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံမှ ပြင်ဆင်လိုသော အချက်များ အကြံပြုခြင်း၊ ယခင်ဆွေးနွေးပွဲတွင် သဘောတူထားသည့် အချက်များ အကောင်အထည်ဖော်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကျင်းပရေး၊ ဒေသတွင်းတည်ငြိမ်ရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့ ဆွေးနွေးခဲ့ကြောင်း EAOs ၅ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဇွန်လ ၂၇ ရက်တွင် EAOs ၅ ဖွဲ့သည် PPST ၁၀ ဖွဲ့၏ အခြေခံမူများ၊ PPST ၇ ဖွဲ့၏ မူများနှင့် NCA လက်မှတ်ထိုး EAO ၇ ဖွဲ့၏ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့က ရရှိထားသော မူများအားလုံးကို ကိုယ်စားပြုဆွေးနွေးခဲ့ကြောင်း၊ ထိုင်းနိုင်ငံချင်းမိုင်တွင်၂၀၂၃ ခုနှစ် ဇွန်လ ၁၇ ရက်က ပြုလုပ်ခဲ့သည့် EAOs ၈ ဖွဲ့ကြား ရထားသော ဘုံသဘောတူ ညီချက် ၁၃ ချက်ကို တင်ပြကာ ပြင်ဆင်ချက် အနည်းငယ်ဖြင့် အတည်ပြုခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ဇွန်လ ၂၈ တွင်မူ NSPNC နှင့် EAOs ၅ ဖွဲ့အကြား မူပိုင်းဆိုင်ရာ သဘောတူညီချက် ၄ ချက်ကို လက်မှတ်ထိုးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးထားသည်။
စစ်ကောင်စီဘက်က EAOs ၅ ဖွဲ့နှင့် သဘောတူညီချက်များလက်မှတ်ထိုးကြောင်း ဇွန်၂၉ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသော်လည်း မည်သည့် အချက်များ လက်မှတ်ထိုးသည်ဆိုသည့် အသေးစိတ် မပါရှိပေ။
စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံသည့် PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကမူ EAOs ၅ ဖွဲ့သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ချမှတ်ခဲ့သော စုပေါင်းမူကို အခြား EAOs များကိုယ်စား ရှေ့ထွက်ကာ ဆွေး နွေးနေရခြင်းဖြစ်ကြောင်း ပြည်တွင်းအခြေစိုက် Channel News Independent (CNI)သတင်းဌာနသို့ ဖြေကြားထားသည်။
ဗိုလ်မှူးကြီးခွန် ဥက္ကာ၏ ပြောဆိုချက်နှင့် ပတ်သက်၍ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးကမူ စစ်ကောင်စီ နှင့် တွေ့ဆုံသည့် EAOs များကို KNU ကိုယ်စားဆွေးနွေးပေးရန် လုပ်ပိုင်ခွင့် ပေးမထားကြောင်း ဧရာဝတီကို ပြော သည်။
၎င်းက “ဗိုလ်မှူးကြီးခွန်ဥက္ကာရဲ့ လက်ရှိ PPST က ၅ ဖွဲ့ကပဲ ကျန်ရှိနေတဲ့ ၇ ဖွဲ့သော်လည်းကောင်း ၁၀ ဖွဲ့သော်လည်း ကောင်း ကိုယ်စား ရှေ့ထွက်ပြီး ဆွေးနွေးပေးနေတယ်ဆိုတာကို ကျနော်တို့အနေနဲ့ လက်ခံလို့မရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ ရှေ့ထွက် ဆွေးနွေးပေးဖို့ ဘာ Mandate မှ မပေးခဲ့ပါဘူး” ဟု ဆိုသည်။
ပဒိုစောကလယ်စေးက ယခင်က အဖွဲ့ဝင် ၁၀ ဖွဲ့ရှိသည့် PPST သည် လက်ရှိတွင် ၅ ဖွဲ့သာကျန်သည်အထိ ပြောင်းလဲ သွားရသည့် အကြောင်းအရင်းကို ကျန်ရှိသည့် EAOs အဖွဲ့များ ပြန်လည်သုံးသပ်သင့်ကြောင်း ထောက်ပြပြောဆို သည်။
၎င်းက “ဒီကျန်တဲ့ ၅ ဖွဲ့က ဆက်သွားနေတာက ဘာရည်ရွယ်ချက်နဲ့ သွားနေသလဲဆိုတာ ကျနော်တို့ နားမလည်ဘူးလို့ ပြောချင်ပါတယ်။ သူတို့ဆွေးနွေးပွဲမှာ ဘာတွေဆွေးနွေးသလဲဆိုတာ ကျနော်တို့တွေ့ရတာက လူမှုရေးကိစ္စနဲ့ ပတ် သက်ပြီး ဒုက္ခရောက်နေတဲ့သူတွေကို ကူညီကယ်ဆယ်ဖို့ အဓိကထား ဆွေးနွေးတာတွေ တွေ့ရပါတယ်။ တကယ့်တ ကယ် PPST ကို ဖွဲ့စည်းတုန်းကဆိုရင် ဖက်ဒရယ်ဒီမိုကရေစီကို ရရှိနိုင်ဖို့အတွက် ဆွေးနွေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့ စည်းခဲ့တာဖြစ်တယ်။ အခုအချိန်မှာက ဆွေးနွေးတဲ့အရာတွေကိုကြည့်ရင် ရည်ရွယ်ချက်တွေနဲ့ အများကြီးကွဲလွဲနေ တာကို ကျနော်တို့ မြင်တွေ့နေရပါတယ်” ဟု ဆိုသည်။
ရခိုင်နိုင်ငံရေးသမား လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဦးဖေသန်းကလည်း စစ်ကောင်စီသည် EAOs များနှင့် ဆွေးနွေးနေကြောင်း နိုင်ငံတကာကို ပြသနိုင်ရန် အပြသဘောဆွေးနွေးပွဲလုပ်နေခြင်းဖြစ်ကြောင်း ပြောသည်။
၎င်းက “စစ်ကောင်စီကတော့ သူတို့အနေနဲ့ EAO အဖွဲ့တွေနဲ့ စည်းစည်းရုံးရုံးရှိတယ်ဆိုတဲ့ ပုံရိပ်ကို ပြချင်တဲ့ သဘော လို့ပဲ ထင်တယ်။ ဒီပြင့် နိုင်ငံရေးဆွေးနွေးပွဲရလဒ်တွေကတော့ ဒီအဖွဲ့တွေနဲ့ ဆွေးနွေးလို့လဲ မရဘူး။ ဆွေးနွေးဖို့လည်း မလိုဘူးပေါ့။ ဒါက သူတို့နဲ့ နဂိုကတည်းက ပလဲနံပသင့်ပြီးမှ စစ်ကောင်စီချမှတ်ထားတဲ့ လမ်းကြောင်းအတိုင်းသွားမယ့် အဖွဲ့တွေ ဖြစ်ပါတယ်” ဟု ဆိုသည်။
ထို့ပြင် စစ်ကောင်စီသည် ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးအပါအဝင် လက်ရှိရထားသည့် သဘောတူညီချက်များကို လက်ငင်း အကောင်အထည်ဖော်မည် မဟုတ်ဘဲ ရွေးကောက်ပွဲလုပ်ပြီးနောက် တက်လာသည့် အစိုးရနှင့်ထပ်မံ ဆွေးနွေးပြီးမှ သာ အကောင်အထည်ဖော်မည့်သဘောရှိကြောင်း ဦးဖေသန်းက ပြောသည်။
တိုင်းရင်းသားအရေး လေ့လာသူတဦးကလည်း စစ်ကောင်စီနှင့် ဆွေးနွေးသည့် EAOs ၅ ဖွဲ့သည် လက်နက်ကိုင် တပ် အင်အား နည်းပါးနေပြီး သက်ဆိုင်ရာ မျိုးနွယ်စုအလိုက် လူထုကိုလည်း ကိုယ်စားပြုနိုင်သည့် အခြေအနေ မရှိ ကြောင်း ထောက်ပြသည်။
၎င်းက “ဒီ ၅ ဖွဲ့ကလည်း ဟန်ပြလုပ်နေသလို။ စစ်တပ်ကလည်း ဟန်ပြလုပ်ပြီး အချိန်ဖြုန်းပြီး သူတို့ငြိမ်းချမ်းရေး လုပ်တယ်ဆိုတာ ပြနေတာပဲ။ အဓိကကတော့ အာဆီယံနဲ့ ကုလသမဂ္ဂကို ပြချင်တာပေါ့။ သူတို့က ငြိမ်းချမ်းရေး လုပ်နေတယ်။ ငြိမ်းချမ်းရေးလုပ်တဲ့ အဖွဲ့အစည်းတွေလည်းရှိတယ်။ NUG နဲ့ ကျန်တဲ့ EAO တွေက အကြမ်းဖက်တွေ ဖြစ်တယ်ဆိုတာကို ပုံဖော်ချင်လို့ လုပ်နေတာပဲ။ သူတို့လက်မှတ်ထိုးလည်း အရည်မရ အဖတ်မရတွေပဲ ထိုးမှာပဲလေ။ ဘာမှအကောင်အထည်ပေါ်မှာလဲ မဟုတ်ဘူး။ အကောင်အထည်ဖော်နိုင်စွမ်းလည်း မရှိဘူး” ဟုဆိုသည်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်ကမူ မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တိုက်သည့် လက်နက်ကိုင်အဖွဲ့ပေါင်း ရာနှင့်ချီ ပေါ်ပေါက်နေပြီဖြစ်ရာ EAOs ၅ ဖွဲ့ဖြင့် ဆွေးနွေးရုံနှင့် လက်ရှိ ပြည်တွင်း ပဋိပက္ခများ ပြေလည်မည် မဟုတ်ကြောင်း သုံးသပ်သည်။
၎င်းက “ပြည်တွင်းနေ ပြည်သူတွေကတော့ တွေ့ဆုံဆွေးနွေးတဲ့အဖွဲ့တွေရဲ့ အင်အားနဲ့ အဲဒီအဖွဲ့တွေရဲ့ အခြေအနေကို အားလုံးသိနေကြတယ်။ ဒီအဖွဲ့တွေကလွဲလို့ ကျန်တဲ့အဖွဲ့တွေက စစ်ကောင်စီကို တွန်းလှန်နေတယ်ဆိုတာလည်း သိတယ်။ အဖွဲ့ပေါင်း ၅၀၀ ကျော်လောက် စစ်အာဏာသိမ်းမှုအပြီး နွေဦးတော်လှန်ရေးကာလမှာပေါ်လာတယ်။ အဲဒီအဖွဲ့တွေထဲမှာမှ အဖွဲ့ ၄ ၊ ၅ ခုလောက်နဲ့ တွေ့တာကို သတင်းကြီးတခုလို လုပ်နေတာကိုက အပြသဘောမျိုးပါပဲ” ဟု မှတ်ချက်ပေးသည်။
You may also like these stories:
ကယားနယ်ခြားစောင့်တပ်(BGF)က စစ်ကောင်စီကို ပြန်တိုက်
ကရင်နီတပ်မတော် စစ်ဦးစီးချုပ်အပြောင်းအလဲ KNPP အတည်ပြု
စစ်ကောင်စီက ကရင်နီကို ဘာကြောင့် ဒုတိယအကြိမ် စစ်ဆင်လာသလဲ