၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို ဖော်ထုတ်နေသည့် လွတ်လပ်သော သတင်းမီဒီယာများကို နှိမ်နင်းမှုအဖြစ် စစ်ကောင်စီထိန်းချုပ် တရားရုံးတခုက ဧရာဝတီမီဒီယာ၏ ထုတ်ဝေသူဟောင်းကို ဆူပူအောင် လှုံ့ဆော်သည်ဟု စွပ်စွဲကာ ထောင် ၅ နှစ်ချလိုက်သည်။
ထုတ်ဝေသူဟောင်း ဦးသောင်းဝင်းကို ရန်ကုန်ရှိ သူ၏နေအိမ်တွင် လွန်ခဲ့သောနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစတင်ပြီး သူ့ကို အင်းစိန်ထောင်တွင် ဖမ်းဆီးထားကာ “အမျိုးသားလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အများပြည်သူငြိမ်းချမ်းမှု ထိခိုက်စေသော သတင်းများ” ထုတ်ဝေကာ ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေကို ချိုးဖောက်မှုဖြင့် တရားစွဲသည်။
သို့ရာတွင် သူ့ကို ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ဗုဒ္ဓဟူးနေ့တွင် ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၁၂၄ (က) ဖြင့် ထောင် ၅ နှစ်နှင့် ဒဏ်ငွေ ကျပ် ၁ သိန်းချသည်။ တရားရုံးက ဧရာဝတီမှ အယ်ဒီတာ သုံးဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားကြောင်း တရားရုံး သတင်းရင်းမြစ် တဦးက ပြောသည်။
၂၀၁၁ ခုနှစ်က မြန်မာတွင် ပြုပြင်ပြောင်းလဲရေး စတင်ပြီးနောက် ဦးသောင်းဝင်းသည် ၂၀၁၂ ခုနှစ်နှောင်းပိုင်းတွင် ဧရာဝတီအတွက် ထုတ်ဝေခွင့် လျှောက်ထားခဲ့သည်။ သို့သော် သူသည် အယ်ဒီတာအဖွဲ့၏ ဆုံးဖြတ်ချက်များနှင့် ပတ်သက်ခြင်း မရှိပေ။
စစ်ကောင်စီသည် ဧရာဝတီ သတင်းဌာနကို တရားစွဲဆိုပြီး ပထမဆုံးအကြိမ် ဖြိုခွဲရန် ကြိုးစားပြီးနောက် တနှစ်ခွဲအကြာတွင် သူ့ကို ဖမ်းဆီးခြင်း ဖြစ်သည်။ ဧရာဝတီမှ သတင်းသမားများသည် စစ်ကောင်စီ ဖမ်းဆီးမှုများကို ရှောင်ရှားရန် ပုန်းအောင်းနေရသောကြောင့် ပြည်ပတွင်သာ လုပ်ငန်းဆောင်ရွက်နိုင်တော့သည်။ ထိုအချိန်မှ စတင်ပြီး ဦးသောင်းဝင်းသည် ဧရာဝတီသတင်းဌာနနှင့် ပတ်သက်ခြင်း မရှိတော့ပေ။
စစ်ကောင်စီနှင့် အဆင်ပြေသည့် ဆက်ဆံရေးရှိသော ကမ္ဘောဇကုမ္ပဏီများအုပ်စုမှ ဦးအောင်ကိုဝင်း အပါအဝင် မြန်မာခရိုနီများသည် ထုတ်ဝေသူဟောင်း ဦးသောင်းဝင်းကို စစ်ကောင်စီက တရားစွဲဆိုသည့် နောက်ကွယ်တွင် ပါဝင်ပတ်သက်နေကြောင်း ထိုအမှုနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ဧရာဝတီကို ပြောသည်။
အာဏာသိမ်းမှုဖြစ်ပြီးနောက် ဧရာဝတီသတင်းဌာနသည် စစ်ကောင်စီက အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို သတင်းဖော်ပြရာတွင် ရှေ့ဆုံးမှ ပါဝင်ပြီး စစ်ကောင်စီနှင့် မသမာသော အဆက်အသွယ်ရှိသည့် ပြည်တွင်းပြည်ပမှ ခရိုနီစီးပွားရေးသမားများ ကွန်ရက်ကိုလည်း ဖော်ထုတ်ခဲ့သည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ဧရာဝတီသတင်းဌာနသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဦးအောင်ကိုဝင်းအကြား နီးကပ်သောဆက်ဆံရေးအကြောင်း သတင်းတပုဒ် ဖော်ပြခဲ့သည်။ ထိုသတင်းဖော်ပြအပြီး သုံးရက်အကြာတွင် ဦးသောင်းဝင်းကို မှုခင်းစုံစမ်းစစ်ဆေးရေးဦးစီးဌာန (CID) မှ အရာရှိများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ CID သည် ဦးအောင်ကိုဝင်းနှင့် နီးစပ်သူ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်သော ပြည်ထဲရေး ဝန်ကြီးဌာနအောက်တွင် ရှိသည်။
အသက် ၅၀ ကျော်ရှိသည့် ဦးသောင်းဝင်းက သူ၏အမည်ကို ထုတ်ဝေခွင့် လိုင်စင်လျှောက်ထားရာတွင်သာ အသုံးပြုပြီး နေ့စဉ် ရေးသားဖော်ပြနေသော သတင်းနှင့် ဆောင်းပါးများအပေါ် တာဝန်ရှိသူ အယ်ဒီတာများ၏ လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း တရားခွင်တွင် ပြောခဲ့သည်။ သူသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံတွင် တက်ကြွသော ကျောင်းသားအဖြစ် ပါဝင်သောကြောင့် နိုင်ငံရေးအကျဉ်းသားဟောင်းလည်း ဖြစ်သည်။
စစ်ကောင်စီက ဦးသောင်းဝင်းကို ထုတ်ဝေသူဟောင်းအဖြစ် ဧရာဝတီသတင်းဌာန၏ သတင်းဖော်ပြချက်များအတွက် ထောင်ချခြင်းသည် လုံးဝဆီလျော်ခြင်း မရှိကြောင်း ဧရာဝတီသတင်းဌာန မြန်မာပိုင်းမှ အယ်ဒီတာ ဦးရဲနည်က ရှုတ်ချသည်။
“ကျနော်တို့ သတင်းဖော်ပြတာတွေကို ကမ္ဘောဇက ဦးအောင်ကိုဝင်းက မကျေနပ်လို့ သူ ဓားစာခံဖြစ်သွားတယ်လို့ ကျနော်တို့သိရပြီး အဲဒီအကြောင်းကို နိုင်ငံတကာသံတမန်တွေနဲ့ သံရုံးတွေဆီ အသိပေးထားတယ်” ဟုလည်း အယ်ဒီတာ ဦးရဲနည်က ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီသည် ၁၉၉၃ ခုနှစ်တွင် တည်ထောင်ခဲ့သော ဧရာဝတီ သတင်းဌာန အပါအဝင် သတင်းဌာန တဒါဇင်ကျော်ကို ပိတ်ပင်ခဲ့သည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်ကောင်စီက သွေးချောင်းစီး နှိမ်နင်းမှုများနှင့် အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို သတင်းဖော်ပြရာတွင် ရှေ့တန်းမှ ပါဝင်ခဲ့သည်။
ဧရာဝတီသင်းဌာန ထုတ်ဝေသူကို ထောင်ချခြင်းသည် ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီး ဧရာဝတီကို ဖြိုခွဲရန် စစ်ကောင်စီ၏ အားထုတ်မှုများအနက် နောက်ဆုံး အားထုတ်မှုဖြစ်သည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် စစ်ကောင်စီသည် ဧရာဝတီသတင်းဌာနကို တရားဝင် ပိတ်ပင်လိုက်ပြီး ထုတ်ဝေခွင့်လိုင်စင်ကိုလည်း ရုတ်သိမ်းခဲ့သည်။
သို့သော် စစ်ကောင်စီသည် အာဏာသိမ်းပြီး တလအကြာ ၂၀၂၁ ခုနှစ်၊ မတ်လတွင် ဧရာဝတီ သတင်းဌာနက ထိုစဉ်ကဖြစ်ပွားနေသည့် စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများအကြောင်း သတင်းဖော်ပြရာတွင် စစ်ကောင်စီတပ်များကို မထေမဲ့မြင်ပြုသည်ဟု စွပ်စွဲကာ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခဲ့သည်။ ရဲတပ်ဖွဲ့က ဧရာဝတီမှ ဝန်ထမ်းများကို တရားမစွဲဘဲ သတင်းဌာနတခုလုံးအနေဖြင့် အမှုဖွင့်သောကြောင့် အာဏာသိမ်းပြီးနောက် ပထမဆုံး တရားစွဲခံရသည့် သတင်းဌာနဖြစ်လာသည်။
ရန်ကုန်မြို့လယ်ရှိ ဧရာဝတီ သတင်းဌာနရုံးခန်းကိုလည်း ထိုနှစ်အတွင်း စစ်ကောင်စီတပ်များက နှစ်ကြိမ် ဝင်ရောက်စီးနင်းခဲ့သည်။
ယခင်က ဧရာဝတီသတင်းဌာနတွင် လုပ်ကိုင်ခဲ့သော ဓာတ်ပုံသတင်းသမား ကိုဇော်ဇော်ကိုလည်း လှုံ့ဆော်မှုဖြင့် လွန်ခဲ့သောနှစ် သြဂုတ်လက ထောင် ၃ နှစ်ချခဲ့သည်။ ၂၀၂၂ ခုနှစ် အစောပိုင်းကလည်း ဧရာဝတီမှ ဝန်ထမ်းတဦးကို ခေတ္တ ဖမ်းဆီးခဲ့ပြီး အယ်ဒီတာတဦး၏ နေအိမ်ကိုလည်း ဝင်ရောက်စီးနင်းခဲ့သည်။
မြန်မာနိုင်ငံသည် သတင်းထောက်များ အကာအကွယ်ပေးရေး ကော်မတီ၏ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက် အကျဉ်းကျ သတင်းထောက်များ စာရင်းအရ ထောင်သွင်းအကျဉ်းချခံထားရသော သတင်းထောက် အနည်းဆုံး ၄၂ ဦးဖြင့် ကမ္ဘာပေါ်တွင် တတိယ အဆိုးရွားဆုံး နိုင်ငံဖြစ်သည်။
You may also like these stories:
စစ်အာဏာသိမ်း ခေတ်ဆိုးကြီးထဲက သတင်းသမားများ
စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားများ ဆက်တိုက် အဖမ်းခံနေရ
သတင်းသမားများကို သတ်ဖြတ်ပြီး အရေးယူမခံရသည့် စာရင်းတွင် မြန်မာပါဝင်လာ
ဧရာဝတီသတင်းဌာနအပေါ် စစ်ကောင်စီ ခြိမ်းခြောက်မှု CPJ ရှုတ်ချ
ဧရာဝတီနှင့် ဘီဘီစီကို အရေးယူမည့် နောက်ကွယ် ဒုစစ်ခေါင်းဆောင် ပါဝင်