ယနေ့ကျရောက်သည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မွေးနေကို ထိုင်းရောက် မြန်မာများက ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့ ဆန္ဒပြရန် သက်ဆိုင်ရာမြို့နယ်ရဲဌာနသို့ တပတ်ကြို၍ ခွင့်ပြုမိန့် တောင်းခဲ့သော်လည်း ထိုင်းအာဏာပိုင်တို့က ခွင့်မပြုခဲ့ကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများက ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့နှင့် မြန်မာသံရုံးရှေ့ ဆန္ဒပြရန် ထိုင်းရဲတပ်ဖွဲ့ကို ခွင့်ပြုချက်တင်ခဲ့ကြောင်း၊ ဇူလိုင် ၂ရက် ကုလသမဂ္ဂရုံးရှေ့ ဆန္ဒပြခြင်းကို ခွင့်ပြုခဲ့သော်လည်း မြန်မာသံရုံးရှေ့ ဆန္ဒပြခွင့်ကိုမူ သံရုံးမှ အပြင်းအထန် ကန့်ကွက်ခဲ့သလို ပြီးခဲ့သည့် ကမ္ဘာ့အလုပ်သမားနေ့ ဆန္ဒပြပွဲတွင် ထိုင်းဘုရင်စနစ်ဖျက်သိမ်း ရေး စာတန်းကိုင်ဆောင်ခဲ့သည့် ပြဿနာကြောင့်လည်း ခွင့်မပြုခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲဦးဆောင်သူများက ပြောသည်။
ဆန္ဒပြပွဲ စီစဉ်သူတဦးက “သံရုံးဆီက ခွင့်တောင်းတာ မဟုတ်ဘူး။ ထိုင်းအာဏာပိုင်ဆီကပဲ ခွင့်တောင်းတာ။ အခုပြဿနာ က အလုပ်သမားနေ့ဆန္ဒပြမှုမှာ ထိုင်းနိုင်ငံ ဥပဒေနဲ့ ငြိစွန်းတာ ဖြစ်သွားခဲ့လို့ရယ်၊ သံရုံးက ကန့်ကွက်တာလည်းပါတယ်။ သံရုံးကန့်ကွက်တိုင်း ထိုင်းအစိုးရက ခွင့်မပြုတာတော့မဟုတ်ဘူး၊ မူလရှိထားတဲ့ပြဿနာရယ် သူတို့ ကန့်ကွက်တာရယ် ကြောင့် ထိုင်းဘက်ကလည်း ခွင့်မပြုခဲ့တာ” ဟု ပြောသည်။
ယမန်နေ့ ဘန်ကောက်မြို့ ကုလသမဂ္ဂရုံးရှေ့ ဆန္ဒပြပွဲတွင် လာရောက်ပူးပေါင်းသူ လူဦးရေ ၂၅၀ ကျော်ခန့်ရှိခဲ့ကြောင်း သိရသည်။
ထိုဆန္ဒပြပွဲတွင် ပါဝင်သူတဦးက “အေးအေးဆေးဆေးနဲ့ ပြီးသွားတယ်။ ဒီပွဲမျိုးက လုပ်ချင်တိုင်း လုပ်လို့မရဘူး။ သူတို့ အစိုးရကို တင်ပြရတာဆိုတော့။ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြဖို့ ခွင့်ပြုချက်တင်တော့ သံရုံးဘက်က အပြင်းအထန် ကန့်ကွက် တဲ့အတွက် UN ရှေ့မှာပဲ ဆန္ဒပြလို့ ရခဲ့ကြတယ်။ ရန်သူကတော့ သံရုံးပဲဖြစ်ဖြစ် ဘယ်မှာပဲဖြစ်ဖြစ် ကန့်ကွက်လို့ရသလောက် ကန့်ကွက်နေဦးမှာပဲ။ ကန့်ကွက်တာကိုလည်း ဘာအကြောင်းပြချက်မှ မပေးဘဲ ကန့်ကွက်ခဲ့တာပါ “ ဟု ပြောသည်။
ဆန္ဒပြသူများမှာ ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမားများ၊ တိုင်းရင်းသား ကိုယ်စားပြု အလုပ်သမားအဖွဲ့အစည်းများ ဖြစ်ကြောင်း၊ ဆန္ဒထုတ်ဖော်ပွဲသို့ လာရောက်သူဦးရေမှာ ယခင်ထက် နည်းပါးခဲ့ပြီး ယင်းသို့ ဖြစ်ရခြင်းမှာ သက်ဆိုင်ရာမှ ဖမ်းဆီးစစ်ဆေးမည်ဟု သတင်းများထွက်ပေါ်နေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
ဆန္ဒပြပွဲဖြစ်မြောက်ရေးဆောင်ရွက်သူ ကိုသုညသစ်က “ ကျနော်တို့ပွဲက ခွင့်ပြုမိန့်ရခဲ့တယ်ဆိုပေမယ့် တောမောက ဖမ်းလိမ့်မယ်။ လက်မှတ်တွေအစစ်ခံရလိမ့်မယ်ဆိုပြီး သတင်းစကားတွေ ပြန့်ပြီး မလာကြတော့ဘဲ လူနည်းသွားခဲ့တယ် “ ဟု ပြောသည်။
ဆန္ဒပြပွဲတွင် စစ်ကောင်စီအစိုးရကို အသိမှတ်မပြုရေး၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို အစိုးရအဖြစ် အသိအမှတ်ပြုရေး ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပေးရေး စသည်တို့ကို တောင်းဆိုခဲ့ကြပြီး မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုအပါအဝင် မှတ်တမ်း အချက်အလက်များကိုလည်း ကုလသမဂ္ဂရုံးသို့ အိပ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၁ ရက်နေ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကလည်း ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ဖူလုံသည့် အနည်းဆုံး လုပ်ခလစာရရှိရေးအပြင် ထိုင်းနိုင်ငံအတွင်း အလုပ်သမားအဖွဲ့များ လွတ်လပ်စွာ စည်းရုံး ဖွဲ့စည်းခွင့်၊ ထိုင်းရောက် မြန်မာအလုပ်သမားများ၏ အထောက်အထား စာရွက်စာတမ်းများ ထိုင်းနိုင်ငံအတွင်း သက်တမ်းတိုးနိုင်ရေး ထိုင်း-မြန်မာ နှစ်နိုင်ငံညှိနှိုင်း ဆွေးနွေးပေးရန် စသည့် အချက်များပါရှိသော အိတ်ဖွင့်ပေးစာကို ထိုင်းအလုပ်သမား ဝန်ကြီးထံ ပေးပို့ခဲ့ပြီး ဆန္ဒပြခဲ့ကြသည်။
You may also like these stories:
ထိုင်းနိုင်ငံရေးလှုပ်ရှားမှု မြန်မာလုပ်သားများမပါဝင်ခဲ့ဟု MWRN ပြော
ရွှေ့ပြောင်းလုပ်သားတို့ရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနေပြီလား
စစ်အာဏာသိမ်းပြီးနောက် ထိုင်းရောက် မြန်မာလုပ်သားများ အခွင့်အရေးချိုးဖောက်ခံရမှု ပိုဆိုးလာဟုဆို
လုပ်ခလစာ တရက် ဘတ် ၇၀၀ ကျော် ပေးရန် ထိုင်းအလုပ်သမားအဖွဲ့များ တောင်းဆို