ထိုင်းနိုင်ငံ၏ ရွေးချယ်ခံ လွှတ်တော်အမတ်များသည် ပါလီမန်ဥက္ကဋ္ဌအဖြစ် ဝါရင့်နိုင်ငံရေးသမားတဦးအား ခန့်အပ်ခဲ့ပြီး မေလ ရွေးကောက်ပွဲအပြီး အစိုးရသစ်ဖွဲ့ရန် ကြိုးပမ်းနေသည့် ဒီမိုကရေစီလိုလားသော ညွန့်ပေါင်းအဖွဲ့အတွက် နောက်ထပ်အရေးကြီးသော မှတ်တိုင်တခု ဖြစ်ခဲ့သည်။
ပရာချာချတ်ပါတီ၏ ခေါင်းဆောင် ဝမ် မိုဟာမက် နူးရ်မာသာ (၇၉ နှစ်) သည် လွှတ်တော်ဥက္ကဋ္ဌရာထူးအတွက် တဦးတည်း လျာထားခံရသူဖြစ်သည်။ အင်္ဂါနေ့က စတင်ကျင်းပသည့် အဖွဲ့ဝင် ၅၀၀ ပါ အောက်လွှတ်တော်အသစ်က တညီတညွတ်တည်း အတည်ပြုခဲ့သည်။
၁၁ နာရီ အကြိတ်အနယ် ဆွေးနွေးပြီး အဖွဲ့၏ သဘောတူညီမှုဖြင့် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဝမ်ကို ရွေးချယ်မှုသည် ရွေးကောက်ပွဲအပြီး ဖွဲ့စည်းခဲ့သည့် ဝန်ကြီးချုပ်လောင်း ဖိထာ လင်မ်ဂျာရွန်ရတ် ဦးဆောင်သော ၈ ပါတီ မဟာမိတ်အတွက် ရှေ့ဆက်စိန်ခေါ်မှုများကို သရုပ်ဖော်သည်။ Move Forward နှင့် Pheu Thai တို့ကြား လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် လူထုရှေ့ ဗြောင်အငြင်းပွားမှုသည် ဖိထာ ဝန်ကြီးချုပ် မဖြစ်မီ နောက်ပြန်လန်ကျသွားမလားဟု ထင်ကြေးပေးမှုများအား လှုံ့ဆော်ပေးခဲ့သည်။
ယခုအခါ ဝမ်သည် နိုင်ငံ၏နောက်ထပ်ခေါင်းဆောင် ရွေးချယ်ရန် မဲခွဲဆုံးဖြတ်မည့်ရက်ကို အား တရားဝင်ကြေညာရမည်။ ထိုင်းရွေးကောက်ပွဲ စည်းမျဉ်းအရ အထက်လွှတ်တော် ဆီးနိတ်အပါအဝင် ပါလီမန်လွှတ်တော်နှစ်ရပ်၏ ပူးတွဲအစည်းအဝေးတွင် ဝန်ကြီးချုပ်ကို ရွေးကောက်တင်မြှောက်သည်။
ဖိထာ၏ ညွန့်ပေါင်းအဖွဲ့သည် အောက်လွှတ်တော်တွင် လွှတ်တော်အမတ် ၃၁၂ ဦးဖြင့် ဖွဲ့စည်းခဲ့သော်လည်း ၎င်းအနိုင်ရရှိရန် လိုအပ်သော ၃၇၆ မဲထက် နည်းပါးနေသေးသည်။ ဘုရင်နှင့် အခြားတော်ဝင်များအား ဝေဖန်လျှင် ထောင် ၁၅ နှစ်ထိ ပြစ်ဒဏ်ချနိုင်သော ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်ရန် ကတိကဝတ်ပြုထားသည့် ဖိထာကို ဆန့်ကျင်သူ အများအပြား ရှိနေသည့် အထက်လွှတ်တော်က မည်သို့မဲပေးမည်ကို သံသယရှိနေကြဆဲဖြစ်သည်။ .
ထို့အပြင် ဖိထာကို အရည်အချင်းမပြည့်မီဟု ဆိုနိုင်သည့် ရွေးကောက်ပွဲကော်မရှင်၏ စုံစမ်းစစ်ဆေးမှုတခုကလည်း ရှိနေသေးသည်။
ဆန္ဒမဲပေးပွဲများ
အင်္ဂါနေ့တွင် အသက် ၄၂ နှစ်အရွယ် ဟားဗတ်ပညာတတ် ဖိထာသည် အထက်လွှတ်တော်ထံမှ ထောက်ခံမှု ပိုမိုရရှိရန် စိတ်အားထက်သန်နေခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌခန့်အပ်နိုင်မှုသည် ၎င်း၏ပါတီ အပေးအယူလုပ်လိုသော ဆန္ဒရှိမှုဟု သူ့ကိုထောက်ခံရန် မဆုံးဖြတ်ရသေးသူများထံ ပေးပို့သည့် သတင်းစကားဖြစ်ကြောင်း ပြောသည်။
“ခေါင်းဆောင်တယောက်အနေနဲ့ ဘယ်အချိန်မှာ ပြင်းပြင်းထန်ထန် တွန်းအားပေးရမယ်ဆိုတာကို နားလည်ပြီး အခြေခံမူတွေ မဆုံးရှုံးဘဲ ဘယ်အချိန်မှာ ဆုတ်ပေးရမလဲဆိုတာ သရုပ်ပြခြင်းအားဖြင့် ဆီးနိတ်လွှတ်တော်အမတ်တွေဆီ သတင်းစကားပေးပို့ခဲ့ပါတယ်” ဟု ဖိထာ က ပြောကြားခဲ့သည်။
သို့သော် ဝန်ကြီးချုပ်ရွေးချယ်မှုသည် လျင်လျင်မြန်မြန်ဖြင့် ချောမွေ့စွာ ပြီးဆုံးဖွယ် မရှိကြောင်းနှင့် ရှင်းရှင်းလင်းလင်း အနိုင်ရရှိသူတဦး မပေါ်ပေါက်မီတွင် မဲအခါခါပေးရန် လိုအပ်နိုင်သည်ဟု Ubon Ratchathani တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဌာနမှူး တီတီဖိုး ဖတ်ဒီဝါနစ် က ပြောသည်။
ဖိထာ၏ ညွန့်ပေါင်းအဖွဲ့မှ ခန့်အပ်သော “လွှတ်တော်ဥက္ကဋ္ဌသည် ဝန်ကြီးချုပ် ရာထူး သေချာစေရေး အားမပေး” ဟု တီတီဖိုးက ပြောသည်။ “ကျနော်တို့ ဝန်ကြီးချုပ် ရမလာခင် အချိန်အနည်းငယ်တော့ ကြာနိုင်ပါတယ်။”
အောက်လွှတ်တော် ဒုဥက္ကဋ္ဌတဦးသည် Move Forward ပါတီမှ ပါလီမန်အမတ်ဖြစ်ကာ ဒုဥက္ကဋ္ဌ နောက်တဦးမှာ Pheu Thai မှဖြစ်လာမည်ဟု တနင်္လာနေ့ ညက မဟာမိတ်ပါတီ ခေါင်းဆောင်များနှင့် တွဲပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဖိထာက ပြောသည်။
နိုင်ငံရေးပြစ်မှုဖြင့် တရားစွဲဆိုခံထားရသူများအား လွတ်ငြိမ်းချမ်းသာခွင့်ခြင်းနှင့် စစ်တပ် ပြုပြင်ပြောင်းလဲရေးကို ဦးတည်မည့် ဥပဒေများ ပြဌာန်းနိုင်ရေး တွန်းအားပေးမည်ဖြစ်ကြောင်း ဖိထာက ပြောသည်။
အစိုးရဖွဲ့စည်းမှုသည် ထိုင်းဘဏ္ဍာရေးဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူများကို ပိုမိုစိတ်လှုပ်ရှားစေနိုင်သည်။ နိုင်ငံ၏ အခြေခံစတော့အညွှန်းကိန်းသည် ယခုနှစ် အာရှတွင် အဆိုးဆုံးဖြစ်ခဲ့သော်လည်း ဘတ်ငွေသည် မေလ ၁၄ ရက် ရွေးကောက်ပွဲ ပြီးနောက်ပိုင်း အရှေ့တောင်အာရှတွင် ဒုတိယအကြီးဆုံး အရှုံးပေါ်ခဲ့သည်။
ကိုးကား။ ။ Bloomberg နှင့် Thai PBS
You may also like these stories:
ဒီမိုကရေစီလှိုင်းကြားက ထိုင်းစစ်တပ်
ထိုင်းနိုင်ငံရေးတွင် သမိုင်းဒီရေမြင့်နေသည်
မြန်မာ့ငြိမ်းချမ်းရေး ကတိကဝတ်ကို ထိုင်းဝန်ကြီးချုပ်လောင်း ထပ်မံအတည်ပြု
ထိုင်းအစိုးရသစ် မြန်မာ့အရေး ဘာလုပ်နိုင်မည်နည်း
Move Forward ပါတီကို မြန်မာ ဒုစစ်ခေါင်းဆောင် မနှစ်မြို့