မန္တလေးတိုင်း မြင်းခြံထောင်တွင် တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၁၇ ဦး မကွေးနှင့် သရက်အကျဉ်းထောင် သို့ ဇွန် ၃၀ ရက်က ပြောင်းရွှေ့လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPN)ထံမှ သိရသည်။
ထောင်ပြောင်းခံရသူများမှာ ကိုဥက္ကာ(မုံရွာ)၊ ကိုကျော်မင်းနိုင်(တောင်သာ)၊ ကိုသက်မောင်မောင်(တောင်သာ)၊ ကိုကျော် မျိုးတင့်(မန္တလေး)၊ ကိုဇော်ဇော်အောင်(မန္တလေး)၊ ကိုကျော်စိုးလွင်(မန္တလေး)၊ ကိုမင်းရဲထွေး(ခ)ကိုမင်းသွေး(မန္တလေး)၊ ကိုအောင်မျိုးသန့်(မြင်းခြံ)၊ ကိုစိုးရာဇာထွန်းလွင်(မြင်းခြံ)၊ ကိုဇော်လှိုင်း(မြင်းခြံ)၊ ကိုကျော်ဇင်ဦး(မြင်းခြံ)၊ ကိုထက်ဦးမာန် (မြင်းခြံ)၊ ကိုဇော်ရဲထက်(မြင်းခြံ)တို့ဖြစ်ပြီး ကျန် ၄ ဦး၏ အမည်များကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ ဇွန် ၃၀ ရက် ညသန်းခေါင် ယံနှင့် အရုဏ်တက်ချိန် ပြောင်းရွှေ့ခံရခြင်းဖြစ်ပြီး မကွေးထောင်သို့ ၈ ဦးနှင့် သရက်ထောင်သို့ ၉ ဦး ပြောင်းခံရခြင်း ဖြစ်ကြောင်း PPN က ဆိုသည်။
၎င်းတို့ကို ပြီးခဲ့သည့် မေ ၂၁ ရက်မှ ၂၄ ရက်အတွင်းက ပြင်ပရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF)များနှင့် ဆက် သွယ်သည်ဟု အကြောင်းပြကာ အိပ်ဆောင်တွင်းမှ အသုတ်လိုက်ခွဲ ခေါ်ထုတ်သွားပြီး မြင်းခြံမြို့ရှိ ခမရ (၁၅) တပ်တွင်းစစ်ကြောရေးစခန်း၌ ရိုက်နှက်နှိပ်စက်ခြင်းများ ပြုလုပ်ခံရပြီးနောက် ယခုကဲ့သို့ ထောင်ပြောင်းရွှေ့ခံရခြင်းဖြစ် ကြောင်း သိရသည်။
PPN မှ ကိုသိုက်ထွန်းဦးက “မြင်းခြံ ခမရ(၁၅) စစ်ကြောရေးထဲကို ခေါ်ထုတ်နှိပ်စက်ခံထားရပြီး တိုက်ပိတ်ခံထားရတဲ့သူတွေ ကို ဇွန် ၃၀ ရက်က မကွေးထောင်နဲ့ သရက်ထောင်တွေကို ပြောင်းရွှေ့ခံလိုက်ရတယ်လို့ သိရပါတယ်။ အဲဒီထဲက ကိုထက် ဦးမာန်နဲ့ ကိုဇော်ရဲထက်တို့ ညီအစ်ကိုဆိုရင် တယောက်တနေရာစီ ခွဲထုတ်လိုက်တယ်။ ပြီးတော့ အမှုတွဲတွေ တူနေတယ် ဆိုရင်လည်း ခွဲပြီးပို့တယ်လို့ သိရပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPN)ကို နိုင်ငံရေးပုဒ်မများဖြင့် ပြန်လည်လွတ်မြောက်လာသည့် လူငယ်နိုင်ငံရေးအကျဉ်းသားဟောင်းများက စုပေါင်းပြီး နွေဦးတော်လှန်ရေးအတွင်း ဖမ်းဆီးထောင်ချခံရသော နိုင်ငံရေး အကျဉ်းသားများအရေး ကူညီပေးနိုင်ရန်အတွက် ယခုနှစ် ဇွန် ၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ တာဝန်ရှိသူတဦးက “မိသားစုဝင်တွေ ထောင်ဝင်စာပို့ ဖို့ အဆင်မပြေနိုင်တဲ့နေရာမျိုး၊ ဝေးတဲ့နေရာမျိုးကို တမင်ရွေးပို့တာ ခေတ်အဆက်ဆက်က လုပ်နေကြပုံစံမျိုးတွေပါပဲ။ လက်ရှိမှာ မိသားစုနဲ့တွေ့ခွင့်မရတဲ့အပြင် စားရေးသောက်ရေးအတွက်ပါ အခက်အခဲဖြစ်လာပြီး နိုင်ငံရေးအကျဉ်းသားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကိုပါ ညှဉ်းပန်းနှိပ်စက်နည်းတမျိုးပဲ။ ထောင်ပြောင်းခံရတော့ နေရာသစ်မှာ ဝန်ထမ်းသစ်၊ အကျဉ်းသားသစ်တွေနဲ့ တွေ့ရတဲ့အခါ မှတ်တမ်းနဲ့လာတဲ့သူတွေဆိုပြီး ထောင်ရောက်ကတည်းက ဦးချိုးခံရတာမျိုး၊ ရိုက်နှက်ခံရတာမျိုးတွေလည်းရှိတော့ ပိုပြီးဆိုးတဲ့အခြေအနေမျိုးတွေနဲ့ပဲ ရင်ဆိုင်ကြဖို့ပဲရှိပါတယ်။ ဒါတွေက အာဏာရှင် လက်အောက်မှာ ထောင်တွေကျင့်သုံးလေ့ရှိတဲ့ ယန္တရားတခုလို့ပဲ ပြောချင်ပါတယ်” ဟု မှတ်ချက်ပြုသည်။
မြင်းခြံထောင်သည် မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ်(၂) ရပ်ကွက်အတွင်းတည်ရှိပြီး အကျဉ်းသားဦးရေ ၃,၀၀၀ ခန့်ဆံ့သော အကျဉ်းထောင်တခုဖြစ်ကာ လက်ရှိတွင် အကျဉ်းသား ၁၅၀၀ ခန့်ရှိသည့်အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၉၈၀ ခန့်ထိ ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများအရေး ဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
ကိုသိုက်ထွန်းဦးက “မြင်းခြံထောင်ဗူး ထောင်ပိုင်ရုံးခန်းမှာ ခေါ်ထုတ်ပြီး ရိုက်နှက်နှိပ်စက်ခံရတာ မေ ၂၁ ရက်နေ့ နောက်ပိုင်း ကနေ ဇွန်လကုန်ထိဆိုရင် နိုင်ငံရေးအကျဉ်းသား ၉၀၀ လောက်ထိ ရှိသွားပြီလို့သိရတယ်။ မြင်းခြံထောင်ထဲမှာ ရှိတာက လည်း နိုင်ငံရေးအကျဉ်းသား ၉၈၀ လောက်ပဲ ရှိတာပါ။ လက်ရှိအချိန်ထိလည်း နိုင်ငံရေးအကျဉ်းသားတွေကို ခေါ်ထုတ်ပြီး ရိုက်နှက်နှိပ်စက်ခံနေရဆဲပဲလို့သိရပါတယ်။ လက်ရှိအကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေရဲ့ဘ၀ အာမခံချက် မရှိတော့သလို အသက်အာမခံချက်လည်း မပေးနိုင်တဲ့ပုံစံဖြစ်နေပါပြီ” ဟု ပြောသည်။
ထိုသို့ ခေါ်ယူနှိပ်စက်ရိုက်နှက်ခံနေရသူများထဲတွင် ထောင်တွင်းတိုက်ပွဲ ဦးဆောင်သူများနှင့် ပါဝင်ခဲ့သူများ၊ အကျဉ်းသား အခွင့်အရေးအတွက် တင်ပြတောင်းဆိုခဲ့သူများ အပါအဝင် အကြောင်းပြချက်မရှိ ခေါ်ယူနှိပ်စက်ခံနေရသူများလည်း ပါဝင် ကာ တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၁၀၀ ခန့်ထိ ရှိနေကြောင်း စုံစမ်းသိရှိရသည်ဟုလည်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “အစာငတ်ခံဆန္ဒပြတဲ့သူတွေ၊ အခွင့်အရေးတောင်းဆိုခဲ့ဖူးတဲ့သူတွေကို ထောင်ဗူးဝမှာရှိတဲ့ရုံးခန်းကို ခေါ်ထုတ်ပြီးတော့ လက်ထိပ်နောက်ပြန်ခတ်၊ ရေနဲ့ပက်၊ ကျဉ်စက်နဲ့ထိုးတာတွေ လုပ်ကြတယ်။ အချို့ဆိုရင်လည်း ဘာပြစ်မှု၊ ဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ ဆံပင်လေးနည်းနည်းရှည်တာကို ဆံပင်ရှည်လို့ဆိုပြီး ရိုက်နှက်နှိပ်စက်ခံရတာမျိုးတွေ ရှိပါ တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် မေလ ၁၈ ရက်က တောင်ငူထောင်တွင် ဖြစ်ပွားခဲ့သော နိုင်ငံရေးအကျဉ်းသား ၁၀ ဦး ထောင်ဖောက်ထွက်ပြေး သည့်ဖြစ်စဉ်အပြီး အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများ အကြမ်းဖက်ဖိနှိပ်မှုများ ဆက်တိုက်ခံနေရခြင်း ဖြစ်သည်။
မြင်းခြံထောင်မှ နိုင်ငံရေးအကျဉ်းသားများအား ခေါ်ထုတ်သွားရာတွင် ညအချိန်များဖြစ်သလို ထိုသို့ ခေါ်ထုတ်သွားခြင်းအား မြင်းခြံထောင် အာဏာပိုင်များဖြစ်သည့် ဦးတင်ချိုနှင့် ဦးဝင်းကြိုင်တို့အနေဖြင့် တားမြစ်ခြင်းမရှိ၊ အကာအကွယ်မပေးနိုင်ခဲ့ ကြောင်း၊ မေ ၂၉ ရက်တွင် မြင်းခြံထောင်အိပ်ဆောင်များသို့ ပြန်လည်ရောက်ရှိလာသော်လည်း ဒဏ်ရာများအား ဆေးကု သခွင့်မပေးဘဲ တိုက်ပိတ်ခဲ့သလို မိသားစုဝင်များကပေးပို့သည့် ဆေးဝါးနှင့် စားသောက်စရာများကိုပါ လက်မခံတော့ဘဲ ထောင်ဝင်စာပိတ်ခဲ့ကြောင်း ကိုသိုက်ထွန်းဦးက ပြောသည်။
PPN ဦးဆောင်ကော်မတီအဖွဲ့ဝင်တဦးဖြစ်သလို မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်၊ မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဥက္ကဋ္ဌ ကိုရှင်းသန့်ကလည်း “မြင်းခြံ ခမရ(၁၅) စစ်ကြောရေးကို ခေါ်ထုတ်ခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မေ ၂၉ ရက် ထောင်ထဲကို ပြန်ပို့တဲ့အခါမှာ တဦးချင်းစီကို ထမ်းပြီးမှခေါ်ခဲ့ရတယ်လို့ သိရတယ်။ အဲဒီ ထဲကမှ ကိုစိုးရာဇာထွန်းလွင်၊ ကိုကျော်ရဲတင့်၊ ကိုမင်းရဲထွေးတို့ဆိုရင် ခန္ဓာကိုယ်မှာ ဓားနဲ့မွှန်းခံထားရတဲ့ ပြတ်ရှဒဏ်ရာ တွေ၊ ဖူးရောင်ဒဏ်ရာတွေနဲ့ သေလုမျောပါးဖြစ်နေတာတောင် ဆေးကုသမှုမရရှိကြဘူးလို့ သိရပါတယ်။ စစ်ကြောရေးထဲ မှာ အကုန်လုံးကို ကြိုးတုပ်ပြီး ဒူးဆစ်လက်ဆစ်တွေကိုလည်း ရိုက်နှက်နှိပ်စက်ကြတယ်လို့ သိရတယ်” ဟု ဆိုသည်။
ထို့ပြင် ဇူလိုင် ၂ ရက်ကလည်း မြင်းခြံထောင်တွင် အကျဉ်းကျခံနေရသည့် မြင်းခြံမြို့နယ်၊ မန်ကျည်းစုကျေးရွာမှ နိုင်ငံရေး အကျဉ်းသား ဦးစိန်ဝင်း(ခ)ဦးဝင်း သေဆုံးသည်ဟု ထောင်အာဏာပိုင်များက မိသားစုများအား ခေါ်ယူအသိပေးခဲ့ကြောင်း၊ အစာအိမ်သွေးကြောပေါက်၍ သေဆုံးသည်ဟု ထောင်အာဏာပိုင်များက ပြောဆိုသော်လည်း ရုပ်အလောင်းတွင် ခြေလက် များ ကြိုးတုပ်ခံရသည့် ဒဏ်ရာများအပြင် ရိုက်နှက်နှိပ်စက်ခံရသည့် ဒဏ်ရာများကို တွေ့ရှိခဲ့ရကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်အနေဖြင့် မြင်းခြံထောင်တွင်း ဖြစ်ပေါ်နေသည့် အခြေအနေများ နှင့်ပတ်သက်၍ အချက်အလက်များ စုဆောင်းရေးသားကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၊ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတို့ထံ ပေးပို့ခြင်းများ လုပ်ဆောင်သွားမည်ဟုလည်း PPN အဖွဲ့ဝင်များက ဆိုသည်။
AAPP ၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းချိန်မှ ၂၀၂၃ ဇူလိုင် ၃ ရက်ထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၂၃,၆၇၀ ဦးအနက် ၆,၆၄၅ ဦး ထောင်ဒဏ်ချခံထားရသလို ၁၉,၃၁၂ ဦးထိ ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေး နှင့်ဆက်စပ်၍ မျက်ကွယ်သေဒဏ်ချခံရသူ ၄၂ ဦး အပါအဝင် ၁၅၇ ဦးထိ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များ၌ ထိန်းသိမ်းခံထားရသည့် သေဒဏ်ချခံရသူ ၁၁၅ ဦးထိ ရှိကြောင်း၊ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သည့် ဒီမိုကရေစီ ရေးလှုပ်ရှားသူများနှင့်ပြည်သူများ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ ၃,၇၄၄ ဦး ရှိကြောင်း သိရသည်။
You may also like these stories:
မြင်းခြံထောင်မှ ခေါ်ထုတ်သွားသည့် နိုင်/ကျဉ်းများ၏ အသက်အန္တရာယ် စိုးရိမ်နေရ
မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသားများ နှိပ်စက်ခံနေရ
နိုင်/ကျဉ်းများအား ထောင်တွင်းအကြမ်းဖက်ဖိနှိပ်မှု ဆိုးရွားလာနေ
နိုင်/ကျဉ်း ၇၀ ကျော် ညှဉ်းပန်း နှိပ်စက်ခံရပြီး ထောင်ဝင်စာ ပိတ်ခံထားရ