ကယား (ကရင်နီ) ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများမှာ စစ်ဘေးအန္တရာယ် မလုံခြုံသည့် အပြင် စားနပ်ရိက္ခာ အကျပ်အတည်း ဆိုးရွားစွာကြုံနေရကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူများထံမှ သိရသည်။
ကယားပြည်နယ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးနေကြရသော ဒီးမော့ဆို၊ ဖရူဆို၊ ဖယ်ခုံ၊ လွိုင်ကော်အရှေ့ဘက်ခြမ်းနှင့် ဆီဆိုင်၊ လိပ်သို စသည့် နေရာများမှ ဒေသခံ စစ်ရှောင်များမှာ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး အခက်အခဲများ အပြင် စားနပ်ရိက္ခာ အကျပ်အတည်းပါ ရင်ဆိုင် ကြုံတွေ့နေရခြင်းဖြစ်သည်။
ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက် အဖွဲ့ဝင်တဦးက “ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ စစ်ကောင်စီဘက်က ဆန် လုံးဝ တင်ခွင့်မပြုတော့ဘူး။ ကျနော်တို့ ဒီးမော့ဆိုဘက်မှာဆို စစ်ရှောင်သောင်းနဲ့ချီရှိတာ။ ဆန်စပါးလည်းစိုက်လို့မရ၊ ဝယ်လို့မရနဲ့ အရေးပေါ် ဆန်လိုအပ်မှုတွေ ဖြစ်နေတယ်။ အလှူ ရှင်တွေလည်း ဝယ်လို့မရတဲ့အခြေအနေ ဖြစ်နေတယ်။ ရိက္ခာက ဘယ်အချိန်ထိ စားလို့ရမလဲဆိုရင် ယေဘုယျအားဖြင့် ကြည့်လိုက်ရင် ဒီနှစ်မကုန်ဘူး၊ ၈ လပိုင်းလောက်ကျရင် ပိုပြီးဆိုးလာလိမ့်မယ်” ဟု ဧရာဝတီသို့ ပြောသည်။
အာဏာသိမ်းစစ်ကောင်စီသည် ကယားပြည်နယ်အတွင်းရှိ ဆန်၊ ဆေးဝါး အပါအဝင် ရိက္ခာပို့သည့် လမ်းကြောင်းများကို ဂိတ်ချတားဆီးပြီး ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေသည့်အတွက် လိုအပ်ချက်များ မြင့်တက်လာရခြင်း ဖြစ်ကြောင်း လည်း စစ်ဘေးရှောင်ကူညီနေသူများက ဆိုသည်။
ကယန်းဒေသကယ်ဆယ်ရေးကော်မတီ (KRC) အဖွဲ့ဝင်တဦးကလည်း “လောလောဆယ် ဒီကာလတွေမှာ ၈၀ ရာခိုင် နှုန်းတွေက ပြတ်လပ်နေတဲ့အပြင် တဖက်က ပိတ်ဆို့မှုတွေရှိနေတော့ ငွေရှိခဲ့ရင်တောင် ကျနော်တို့ ဝယ်ဖို့ခက်ခဲနေတဲ့ အခြေအနေမှာ ရှိနေတယ်။ ကျနော်တို့ ပေးနိုင်တာက ၁၀ ခုဆိုရင် လိုနေတာက ရာနဲ့ချီဖြစ်နေပါတယ်။ လိုအပ်မှုက နေရာတိုင်းမှာ ပုံစံမျိုးစုံနဲ့ ပြတ်လပ်နေတယ်လို့ ပြောလို့ရတယ်” ဟု ပြောသည်။

စစ်တပ်က တိုင်းပြည် အာဏာသိမ်းပြီးနောက် ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အပါအဝင် မဟာမိတ် ပူပေါင်းတပ်များနှင့် အာဏာသိမ်း စစ်တပ်အကြား ကယားပြည်နယ် အတွင်းတွင် တိုက်ပွဲများ အပြင်း အထန် ဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲများတွင် အထိနာ၍ စိုးမိုးနယ်မြေများ ဆုံးရှုံးခဲ့ရသည့် စစ်ကောင်စီတပ်သည် ဒေသခံ ပြည်သူများကိုပါ အစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်း၊ ကျေးရွာများအား လက်နက်ကြီးများ၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်သဖြင့် ဒေသခံများမှာ အိုးအိမ်များ စွန့်ခွာ၍ ဘေးလွတ်ရာ ပုန်းရှောင်နေကြရခြင်းဖြစ်သည်။
စစ်ပဋိပက္ခကြောင့် ပြည်နယ်၏ လူဦးရေ ထက်ဝက်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး ၂၀၂၂ တွင် စစ်ဘေးရှောင် ၂ သိန်းရှိရာမှ ယခု ၂၀၂၃ ထဲတွင် ၇ သောင်းကျော် ထပ်မံတိုးလာပြီး အကူအညီအရရှိမှု အလွန် နည်းပါးလာကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)ကလည်း ထုတ်ပြန်ထားသည်။
ထို့ပြင် စစ်ရှောင်စခန်းများတွင် ရိက္ခာအခက်အခဲ ရှိလာသည့်အတွက် စစ်ရှောင်အချို့က ရွာထဲရှိ ရိက္ခာများ ပြန်လည် သယ်ယူချိန် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများခံရသလို စစ်ရှောင်နေရာအချို့ကိုပါ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်ရှောင်ပြည်သူများ ထိခိုက်သေဆုံးနေကြရသည်။

စစ်အာဏာသိမ်းမှုအလွန် နိုင်ငံအနှံ့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသော စစ်ပြေးဒုက္ခသည် ၂ ဒသမ ၅ သန်းကျော် ရှိခဲ့သည့်အနက် ကယားပြည်နယ်နှင့် ရှမ်း-ကယားနယ်စပ်၌ တိမ်းရှောင်နေရ သည့် စစ်ပြေးဒုက္ခသည် ၃ သိန်းနီးပါး ရှိနေကြောင်း ၂၀၂၃ ဧပြီ ၁၀ ရက်က ထုတ်ပြန်သည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP-Myanmar) ၏ အစီရင်ခံစာ၌လည်း ဖော်ပြထားသည်။
ဒီးမော့ဆိုအနောက်ခြမ်း စစ်ဘေးရှောင်စခန်းတခုမှ စစ်ရှောင်ပြည်သူတဦးက “ဒီလိုအခြေအနေမှာ စားနပ်ရိက္ခာကို မထောက်ပံ့ပေးနိုင်ရင် ငတ်ဖို့ပဲရှိတယ်။ စိုက်ပျိုးရေးကို အားကိုးပြီးနေရတဲ့ သူတွေက စိုက်ပျိုးရေးလည်းလုပ်လို့မရ။ စစ်ကောင်စီက စားနပ်ရိက္ခာလမ်းကြောင်းကိုလည်း ပိတ်ထားလို့ မတွေးရဲစရာအခြေအနေပေါ့” ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မယ်စဲ့မြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအား ပြီးခဲ့သည့် ဇွန် ၁၃ ရက်တွင် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဖြစ်ခဲ့သည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကရင်နီတပ်မတော် (KA)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။
ထိုဖြစ်စဉ်တွင် ကျဆုံးစခန်းများ ပြန်လည်ရရှိရေး အတွက် စစ်ကောင်စီက လေကြောင်းအင်အား အသုံးပြု၍ တန်ပြန်ထိုးစစ်ဆင်ရာတွင် ဒေသခံပြည်သူ ၅၀၀၀ ကျော် နေအိမ်များ စွန့်ခွာ၍ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင် အတွင်း ထွက်ပြေးပုန်းရှောင်ခဲ့ကြရသည်။
လက်ရှိတွင်လည်း ဘော်လခဲခရိုင်အတွင်းရှိ မယ်စဲ့၊ ဖားဆောင်း၊ ရွာသစ် စသည့်နေရာများတွင် တိုက်ပွဲများဖြစ်ပွားနေ ပြီး လေကြောင်းတိုက်ခိုက်မှုများလည်း ရှိနေကြောင်း သိရသည်။
ယနေ့ နံနက် ၂ နာရီနှင့် ၄ နာရီဝန်းကျင်ကလည်း ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ နေထိုင် သည့်နေရာများသို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ၃ ကြိမ် လာရောက်ဗုံးကြဲခဲ့ကြောင်း၊ အဆိုပါ ဗုံးကြဲတိုက်ခိုက် မှုကြောင့် စစ်ရှောင်ကလေးငယ်များ စာသင်ကြားနေသည့်ကျောင်းနှင့် စစ်ရှောင်များနေထိုင်သော တဲအိမ်တချို့ ထိမှန် ပျက်စီးကာ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒီးမော့ဆို PDF တပ်ရင်း ၁၁၀၂ က ထုတ်ပြန်ထားသည်။
You may also like these stories:
ကရင်နီ နယ်စပ်တိုက်ပွဲကြောင့် ထိုင်းဘက်သို့ စစ်ရှောင် ၃ထောင်ကျော် ထွက်ပြေး
ရှမ်း-ကယား နယ်စပ်မှ ဒေသခံပြည်သူ ၃၀ ကျော် စစ်ကောင်စီသတ်ဖြတ်
မယ်စဲ့ကို ကရင်နီပူးပေါင်းတပ်တွေ ထိန်းချုပ်လိုက်ပြီ
တပြေးတည်း ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်တွေ