ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲတွင် စစ်ကောင်စီတပ်က အင်အားသုံးဝင်ရောက်လာပြီး လက်နက်ကြီးဖြင့် ပစ်ခတ်နေသဖြင့် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) အကြား စစ်ရေးတင်းမာနေကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
၎င်းက “မနေ့က ညနေပိုင်းမှာ လက်နက်ကြီးနဲ့ သူတို့က လှမ်းပစ်ပါတယ်။ ဒီနေ့လည်း လက်နက်ကြီးနဲ့ လှမ်းပစ်ပြီးမှ ခြိမ်းခြောက်တဲ့ အနေအထားရှိပါတယ်။ မြေပြင်မှာက ထိတွေ့ရင်ဆိုင်တိုက်ပွဲတော့ မရှိဘူးပေါ့။ ဒီနေ့ကတော့ ၅ မိနစ်တကြိမ်နှုန်း ပစ်နေတာပါ” ဟုဆိုသည်။
ဝိုင်းမော်မြို့တောင်ဘက် နန်ဆန်ယန်ရွာအနီးသို့ ဇူလိုင်လ ၃ ရက် နံနက် ၅ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်များ စစ်ကြောင်း ထိုးလာသဖြင့် KIA တပ်ဖွဲ့ဝင်များနှင့် ၁၀ မိနစ်ခန့် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့သည်။
တိုက်ပွဲဖြစ်ပြီးနောက်တွင် စစ်ကောင်စီတပ်ဘက်က KIA တပ်ဖွဲ့ဝင်များ ရှိမည်ဟု ယူဆရသည့် နေရာများကို လက်နက်ကြီး ဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
၎င်းက “သူတို့ကတော့ မသင်္ကာတဲ့ နေရာပစ်တဲ့ သဘောရှိပါတယ်။ ရွာတွေထဲတော့ လက်နက်ကြီးကျတယ် မကြားပါဘူး။ ရွာတွေရဲ့ အပြင်ဘက်တော့ လက်နက်ကြီးကျတယ်ကြားပါတယ်” ဟုဆိုသည်။
KIA နှင့် စစ်ကောင်စီတိုက်ပွဲများအကြောင်း သတင်းရေးသားဖော်ပြနေသည့် 7Stars News သတင်းဌာနကမူ တိုက်ပွဲသည် နမ်ဆန်ယန်ချောင်း အထက်ပိုင်းရှိ လဒွမ်အောင်ဂျာရွာ ချောင်းကူးတံတားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၃ ဦးကျဆုံးပြီးနောက် ပြန်ဆုတ်သွားကြောင်း ဇူလိုင်လ ၃ ရက်ရက်စွဲဖြင့် ၎င်းတို့ Facebook တွင် ရေးသားထားသည်။
စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများကို ဧရာဝတီက သီးခြားအတည်မပြုနိုင်ပေ။ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ၂ ဖက်ထိခိုက်မှုများကို လတ်တလောမသိရသေးကြောင်းဆိုသည်။
၎င်းက စစ်ကောင်စီတပ်များသည် နန်ဆန်ယန်ရွာဝန်းကျင်ကို စိုးမိုးထိန်းချုပ်နိုင်ရန် ရည်ရွယ်ကာ စစ်ကြောင်း ထိုးလာခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
ဗိုလ်မှူးကြီးနော်ဘူက “ရန်သူရဲ့ ဗျူဟာကိုတော့ အတိအကျတော့ ကျနော်တို့ မပြောနိုင်ဘူးပေါ့။ ခန့်မှန်းသုံးသပ် ရသလောက်တော့ အဲဒီနန်ဆန်ယန်ရွာဝန်းကျင်ကို သူတို့ ပြန်ထိန်းချုပ်ချင်လို့ စစ်ကြောင်းထိုးလာတာလားပေါ့။ စစ်ကောင်စီဘက်က ၂ ပတ်လောက်တော့ရှိပါပြီ။ အဲဒီဘက်မှာ စစ်အင်အားတွေ စုထားတာပေါ့။ အင်အားကတော့ ၁၀၀ ကျော်လောက်တော့ ရှိမယ်ထင်တယ်။ အဲဒီနေရာက လိုအပ်ရင် မြစ်ကြီးနားနဲ့ ဗန်းမော်ဘက်က အင်အားတွေ နာရီပိုင်းနဲ့ရောက်နိုင်တဲ့ အနေအထားဖြစ်ပါတယ်” ဟုဆိုသည်။
နန်ဆန်ယန်သည် မန္တလေး – မြစ်ကြီးနားလမ်းအနီးတွင်ရှိပြီး နန်ဆန်ယန်၏ အရှေ့တောင်ဘက် ၈ မိုင်အကွာတွင် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ရှိသည်။
စစ်ကောင်စီလက်အောက်ခံ ကချင်ပြည်နယ်အစိုးရက ၂၀၂၃ ခုနှစ်အကုန်တွင် ကချင်စစ်ရှောင်စခန်းများကို ပိတ်သိမ်းရန် ရည်ရွယ်ကာ နန်ဆန်ယန်က စစ်ရှောင်များအား နေရပ်သို့ အတင်းအကြပ်ပြန် ခိုင်းပြီးနောက် နန်ဆန်ယန်ရွာဝန်းကျင်ကို စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
လုံခြုံရေးအရ အမည်မဖော်လိုသည့် ဝိုင်းမော်မြို့နယ်ထဲမှဒေသခံ တဦးကမူ နန်ဆန်ယန်ရွာဒေသခံများသည် ရွာဝန်းကျင်တွင် ထိတွေ့တိုက်ပွဲများ ပြန်ဖြစ်လာသဖြင့် တိုက်ပွဲပိုမိုကြီးကျယ်လာမည်ကို စိုးရိမ်နေကြောင်း ပြောသည်။
၎င်းက “အခုက တိုက်ပွဲက အကြီးအကျယ်တော့ မဟုတ်ဘူး။ တညခြား ၂ ညခြားအဲ့လိုမျိုး ဖြစ်လိုက်ရပ်လိုက် ဖြစ်နေတာပေါ့။ တချို့လည်း စိုးရိမ်လို့ ပြန်ရှောင်ကြတာရှိတယ်။ ဘယ်ကိုရှောင်သလဲတော့ မသိဘူး။ အခုကကလေး ကျောင်းတက် အပို့အကြို၊ သွားတာလာတာတွေက ရှိနေတယ်။ လူတွေက စိုးရိမ်နေကြတာပေါ့။ လောလောဆယ်က တိုက်ပွဲက အကြီးအကျယ်တော့ မဖြစ်သေးဘူး” ဟုဆိုသည်။