စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၁ ရက်နေ့မှ စ၍ နယ်စပ်မှ တင်ပို့နေသော ပို့ကုန်မူဝါဒနှင့် ပတ်သက်ပြီး ဖြေလျှော့မှုတချို့ ထုတ်ပြန်လာသော်လည်း ကုန်သွယ်ရေးတွင် အခက်အခဲများ ရှိနေဆဲ ဖြစ်ကြောင်း ကုန်သည်များက ဆိုသည်။
ဇူလိုင် ၁ ရက်မှ စ၍ သက်တမ်းအလိုက် ၃ နှစ်အထက် ကုမ္ပဏီများသည် ပို့ကုန်ရငွေ ၂၀ ရာခိုင်နှုန်းသာကို အာမခံကြေး ပေးသွင်းရမည်ဖြစ်ပြီး ၃ နှစ်အောက် ကုမ္ပဏီများမှာ ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းကို အာမခံကြေး ပေးသွင်း ရမည် ဖြစ် ကြောင်း၊ ထို့ပြင် ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ မြေပဲဆံများကို ပြည်ပသို့ တင်ပို့ပါက ပို့ကုန်ရငွေ ကြိုတင်ပေးသွင်းရန် မလိုကြောင်း သိရသည်။
သို့သော် ပို့ကုန်ကြေညာလွှာ ရရှိပြီး ၇ ရက်အတွင်း ပို့ကုန်ရငွေသည် ကုမ္ပဏီ ငွေစာရင်းသို့ ဝင်ရောက်ရန် လိုအပ်ပြီး ပို့ကုန်ရငွေ တပတ်အတွင်း ဝင်မှသာ အာမခံကြေး ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း၊ တပတ်အတွင်း ပို့ကုန်ရငွေ ဝင် မလာပါက အာမခံကြေးကို သိမ်းယူကာ ပို့ကုန်၊ သွင်းကုန်မှတ်ပုံတင် သိမ်းဆည်းခြင်း၊ ပို့ကုန်လိုင်စင်လျှောက်ထားရန် သတ်မှတ်ထားသည့် အပ်နှံငွေ ပြည့်မီသည့် အထောက်အထားများ လိုအပ်ခြင်း အစရှိသည့် အချက်များကိုမူ ဖြေလျော့ခြင်းမရှိ သတ်မှတ်ထားဆဲ ဖြစ်သည်။
ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တဦးက “ငွေအရင် ကြိုမသွင်းရတာတော့ ကောင်းပါတယ်။ ဒါပေမယ့် ၂၀ ရာခိုင်နှုန်း Deposit ပေးရမယ်ပေါ့။ သူတို့(စကစ) က ဘောင်အတွင်းမှာ အရောင်းအဝယ် လုပ်ခိုင်းတာကျတော့ အကုန်လုံးညီရင် သူတို့ပြောတဲ့အောက်မှာ လုပ်သွားလို့ ရတယ်။ အရင် ၁ ဒေါ်လာ ၁၈၅၀ ကျပ်နဲ့ ဖြတ်တုန်းက အလုပ်လုပ်လို့ ရသေးတယ်။ ကုန်သည် ရှုံးတာတော့ တပိုင်းပေါ့နော်။ အခု ၆၅ ၊ ၃၅ ရာခိုင်နှုန်းက ရှိနေသေးတယ်”ဟု ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်သွယ်ရေးကဏ္ဍတွင် တင်းကျပ်မှုများရှိလာခဲ့ရာ ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်ဈေး တဒေါ်လာ ၂၁၀၀ ဖြင့် စစ်ကောင်စီမှ ဖြတ်ယူပြီး ကျန် ၃၅ ရာခိုင်နှုန်းကို ပြင်ပပေါက်ဈေး အတိုင်း ရောင်းဝယ် ခွင့်ပြုခြင်းဖြစ်သည်။
ယင်းနှင့် ပတ်သက်၍ မြဝတီမြို့ရှိ ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင် တဦးက “စာထွက်တာလည်း သိပ်မကြာသေးဘူး။ ဒီဘက် နယ်စပ်ကုန်သွယ်ရေးမှာ လုပ်ရတဲ့ အပိုင်းတွေက ကျန်သေးတယ်။ ကျနော်တို့နိုင်ငံက တနှစ်ပတ်လုံး ကုန်ပစ္စည်းပို့နိုင်တာ လည်း ရှားတယ်။ ရာသီအလိုက် ပို့ရတာဆိုတော့ ခုဏ ပြောသလို ငွေကို ဖြေလျှော့ပြီး ပို့လိုက်တယ်ဆိုရင် ကျန်သေးတာ က ၆၅ / ၃၅ ကျန်သေးတော့ လောလောဆယ်တော့ ဘာမှ မထူးပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီအနေနှင့် ၎င်း၏ ဒေါ်လာငွေလိုအပ်ချက်အရ ကုန်သွယ်ရေးလုပ်ငန်းများကို ထိန်းချုပ်ထားသောကြောင့် နယ်စပ်ငွေပေးချေရေးပိုင်းတွင် ဘဏ်နှင့် လုပ်ဆောင်ရမည့် အချက်ကလည်း အခက်အခဲများ ရှိကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက“ကျနော်တို့နယ်စပ် ကုန်သွယ်ရေးမှာက Mobile Banking တွေ ရှိတော့ တချို့ဟာတွေက ဟိုဘက် ဒီဘက်အကောင့်တွေက လွှဲကြတာပေါ့။ နှစ်ဖက် ငွေလွှဲပြီးကြောင်း အထောက်အထား ပို့လိုက်ရင် အဆင်ပြေတာပေါ့။ တဖက်နိုင်ငံမှာလည်း သူတို့ရဲ့ မူဝါဒတွေ ရှိတော့ ကျနော်တို့က ပို့ကုန်ဖြစ်ပေမယ့် သူတို့ဘက်မှာက သွင်းကုန်ဖြစ်သွား တယ်ဆိုတော့ သူတို့မှာက ထွက်ငွေဖြစ်တယ်။ သူတို့မှာလဲ ထိန်းချုပ်မှုတွေရှိတယ်။ အခုကျတော့ ဘဏ်နဲ့ ဆိုတော့ ကုန်ရောင်းရတဲ့ငွေကို ကိုင်ပြီး ဘဏ်မှာသွားလဲ၊ အဲဒီအခါ ကြားထဲမှာ ဝန်ဆောင်မှုတွေ ပေါ်လာတယ်။ အဲ့ဒီတော့ စရိတ် တွေ ပိုတက်လာတယ်”ဟု ပြောသည်။
ထို့ကြောင့် စစ်ကောင်စီ၏ လက်ရှိ ပို့ကုန်နှင့် ပတ်သက်ပြီး ပို့ကုန်ရငွေ ကြိုတင်သွင်းရမှုကို ဖြေလျှော့ပေးခြင်းသည် ကုန်သွယ်ရေးအတွက် လတ်တလော မည်သည့် အကျိုးသက်ရောက်မှုမှ မရှိကြောင်း ကုန်သည်များက ပြောသည်။
ထို့ပြင် ယခုနှစ် ဇွန်လမှ စ၍ ၆၅/၃၅ ရာခိုင်နှုန်းအနက် ကျန် ၃၅ ရာခိုင်နှုန်းကိုပါ အွန်လိုင်းငွေလဲနှုန်းဖြစ်သော တဒေါ်လာ ၂၉၂၂ ကျပ်ဖြင့် ပြည်တွင်းရှိ တရားဝင်ငွေလဲကောင်တာနှင့် ဘဏ်များတွင်သာ အရောင်းအဝယ်ပြုလုပ်ရန် စီး/ကူးဝန်ကြီးဌာနက ထပ်မံ သတ်မှတ်ထားသည်။
ထို့ကြောင့် ဒေါ်လာပေါက်ဈေးမှာ ပြင်ပတွင် အမှန်တကယ်ဖြစ်နေသောဈေးနှင့် စစ်ကောင်စီ သတ်မှတ်ဈေး ၂ မျိုး ကြောင့် စုစုပေါင်း ၃ မျိုး ဖြစ်လာပြီး လုပ်ငန်းလုပ်ကိုင်ရာတွင် မှောင်ခိုအရောင်းအဝယ်မှာ ပို၍ ကြီးလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။
ပြည်တွင်း လုပ်ငန်းရှင်တဦးက “ကျနော်စိတ်ထင်တော့ ငွေက သွင်းရခက်ရင် မှောင်ခို လမ်းကြောင်းတွေ ဖြစ်လာမှာပေါ့။ အဆင်ပြေအောင် ကုန်သည်တွေက လုပ်တတ်ကြပါတယ်။ အဓိကတော့ ဒေါ်လာကို အပြင်မှာ ဈေးသိပ်မတက်ချင်လို့ လုပ်တာပေါ့။ ကိုယ့်ဆီမှာက အဝင်က သိပ်မရှိဘူး။ ဒေါ်လာ ဝယ်လိုအားက လိုတော့ အပြိုင်အဆိုင်တွေ ဝယ်နေကြတော့ ဖိထားလည်း ဘေးက လျှံလျှံတက်တာပဲ”ဟု ဧရာဝတီသို့ ပြောသည်။
နယ်စပ်ကုန်သွယ်ရေးတွင် အများဆုံး ကုန်သွယ်မှု ပြုလုပ်နေသော မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးတွင် လာမည့် ဩဂုတ်လ ၁ ရက်နေ့မှ စတင်၍ ဘဏ်စနစ်ကို အသုံးပြု၍ ငွေလွှဲသောစနစ်ကို စတင်ကျင့်သုံးရမည် ဖြစ်ပြီး နယ်စပ်မှ ပို့ကုန်များ တင်ပို့ပါက ကြိုတင်ငွေ ပေးသွင်းရန်၊ ပို့ကုန်ရငွေ မရှိပါက ဘဏ်မှ ငွေဝယ်ယူထားသည့် အထောက်အထားနှင့် ငွေစာရင်း ရှင်းတမ်းတို့ကို တင်ပြရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သွင်းကုန်တင်သွင်းရာတွင်လည်း လိုသလောက် တင်သွင်းခွင့် မရှိဘဲ ပို့ကုန်ရောင်းရငွေ ပမာဏ သို့မဟုတ် ပြည်တွင်းဘဏ်မှ ဝယ်ယူထားသည့် ငွေပမာဏထက် ကျော်လွန်၍ တင်သွင်းခွင့် မရှိကြောင်း၊ ဝယ်ယူထားသည့် ပမာဏအတိုင်း တင်သွင်းမှသာ သွင်းကုန်လိုင်စင် ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးမှ တင်သွင်းနေသော လုပ်ငန်းရှင်များအနေဖြင့် ဩဂုတ်လ ၁ ရက်မှ စတင်၍ ပို့ကုန်ရငွေ သို့မဟုတ် ပြည်တွင်းဘဏ်မှ သွင်းကုန်တန်ဖိုးအတိုင်း ဝယ်ယူထားသည့် ဘဏ်ငွေစာရင်း အထောက်အထား သို့မဟုတ် အခြား ငွေဝင်ရောက်ထားသည့် အထောက်ထားများမှ တဆင့် ငွေပေးချေကြောင်း ပြသရမည်ဖြစ်သည်။
ယင်းသို့သွင်းကုန်ပေးငွေကို ဘဏ်စနစ်နှင့် ပေးချေရမည်ဆိုသောကြောင့်လည်း ကုန်သွယ်မှုတွင် စရိတ်များ တက်လာပြီး သွင်းကုန်ပစ္စည်းများ ဈေးတက်လာနိုင်ကြောင်း ကုန်သည်များက သုံးသပ်ကြသည်။
စစ်ကောင်စီသည် ဒေါ်လာအကျပ်အတည်းကြောင့် ကုန်သွယ်ရေးမူဝါဒကို မကြာခဏ ပြောင်းလဲမှုများလုပ်ဆောင်နေ၍ ယခုဘဏ္ဏာနှစ် ဧပြီ ၁ ရက်မှ ဇွန် ၂၃ ရက်အထိ နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၁၁၁၈ ဒသမ ၄၂၄ သန်းရှိရာ ယမန်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၂၂၇ ဒသမ ၄၅၄ သန်း ကျဆင်းသွားကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။
You may also like these stories:
ပို့ကုန်ဝင်ငွေ ဆက်တိုက် ကျဆင်းသည့် အကြောင်းအရင်း စစ်ကောင်စီ မေးမြန်း
တင်းကျပ်သည့် ပို့ကုန်မူဝါဒကြောင့် ပြောင်းတင်ပို့မှု ကျဆင်းလာနေ
တဒေါ်လာ ၃၀၀၀ ဖြစ်လာရခြင်း နောက်ကွယ်
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်လုနီးပါး ဖြစ်နေ
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ထိုးကျနေ