စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်၊ ကိုးတောင်ဘို့တိုက်နယ်အတွင်းရှိ အင်းမ၊ မိဿလင်ကုန်းကျေး ရွာများမှ ဒေသခံ ၆၀ ကျော်ကို ဇူလိုင် ၄ ရက်နှင့် ၅ ရက် နှစ်ရက်အတွင်း စစ်တပ်နှင့်ပျူစောထီး ပူးပေါင်းစစ်ကြောင်းမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။
ကိုးတောင်ဘို့ ပျူစောထီးအထိုင်စခန်းရှိ အမှတ် ၁၀ စစ်ဆင် ရေး ကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ ကလေးမြို့အခြေစိုက် ခမရ ၃၆၃ နှင့် ပျူစောထီး ပူးပေါင်း အင်အား ၅၀ ကျော် ပါစစ်ကြောင်းက မိဿလင်ကုန်းကျေးရွာသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်စီးနင်းပြီး ဒေသခံ ၅၀ ကျော်ကို ဖမ်းဆီးသွားခြင်းဟု သိရသည်။
ကန့်ဘလူြမို့နယ်မှ စစ်ဘေးရှောင်ကူညီနေသူတဦးက “၂ ရက်တည်းနဲ့ ရွာ ၂ ရွာက ပြည်သူ ၆၀ ကျော်ကို ခမရ ၃၆၁ နဲ့ ၃၆၃ စစ်ကြောင်း ၂ ကြောင်း ဖမ်းခေါ်သွားကြတာပါ။ အင်းမရွာက ဖမ်းခံရတဲ့သူတွေဆိုရင် စိုက်ပျိုးဖို့ ထယ်ထိုးနေတဲ့ အချိန် ဖမ်းဆီးခံရတာလို့ သိရတယ်။ အဖမ်းခံရတဲ့သူတွေအားလုံး အခုအချိန်ထိတော့ ပြန်လွတ်မလာကြသေးဘူး” ဟု ပြောသည်။
မိဿလင်ကုန်းကျေးရွာ ဒေသခံတဦးကလည်း “အခုက စစ်ကြောင်းသတင်း ဘာမှမကြားရဘဲ မနက်အစောကြီး ရုတ်တရက် ဝင်လာတာမို့ တော်တော်များများ ရှောင်တိမ်းချိန်မရလိုက်ကြဘူး၊ ဖမ်းခံလိုက်ရတာ အားလုံးပေါင်း ၅၀ ကျော်တယ်၊ ကျနော်တို့တောင် ကံကောင်းလို့ လွတ်လာကြတာ။ စစ်ကြောင်းက မနက် ၈ နာရီခွဲလောက်ကျ ပြန်ထွက်သွားတယ်၊ ဖမ်းခံရတဲ့သူတွေကို ကိုးတောင်ဘို့အထိုင်စခန်းကို ခေါ်သွားကြတယ်လို့ သိရတယ်။ ဖမ်းခံရတဲ့သူတွေကို ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းမယ်လို့ ထင်တယ်” ဟု ပြောသည်။
ထို့ပြင် ဇူလိုင် ၄ ရက်က ပင့်သာနှင့် ချောင်းကြားကျေးရွာရှိ စစ်ရှောင်တဲများကို မီးရှို့ဖျက်ဆီးပြီး ထွက်လာသော အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ကလေးမြို့ အခြေစိုက် ခမရ ၃၆၁ နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ကျော်သည် အင်းမကျေးရွာ စစ်ရှောင်တဲတိုက်မှ ကုန်းကွက်များတွင် ထယ်ထိုးနေသော စစ်ရှောင်ပြည်သူ ၁၂ ဦး ကို ဖမ်းဆီးသွားခြင်းဟု သိရသည်။
အင်းမကျေးရွာမှ ဖမ်းဆီးခံရသူများမှာ နံနက် ၁၁ နာရီခန့်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အမျိုးသား ၈ ဦး၊ အမျိုးသမီး ၄ ဦးအဖမ်းခံရကာ အသက် ၁၂ နှစ်၊ ၁၃ နှစ်၊ ၁၅ နှစ်အရွယ် ယောက်ျားလေး ၃ ဦးလည်း ပါဝင်ကြောင်း သိရသည်။

အင်းမကျေးရွာဒေသခံတဦးက “ကျနော်တို့ရွာက အမြဲစစ်ရှောင်နေရတာမျိုး မဟုတ်ပေမယ့် အခုနောက်ပိုင်းဆိုရင် တလကို ၁ ပတ်လောက်ပဲ ရွာထဲမှာ နေရပြီး တောတိုက်တွေမှာပဲနေကြတာ ပိုများလာတယ်။ အခုက မိုးလေးရထား ကြတာမို့ သီးနှံစိုက်ဖို့ ကုန်းတွေကိုထယ်သွားထိုးကြတာ။ နေ့လယ်ထမင်းစားချိန်ထိ ပြန်မလာကြလို့ စုံစမ်းတော့မှ စစ် ကြောင်းက ဖမ်းခေါ်သွားတယ်ဆိုတာ သိရတာ။ အသက် ၁၀ နှစ်လောက်ဆိုရင်ကို ကျွဲနွားကျောင်း၊ ထယ်ထိုး၊ လယ်ထွန်၊ ပျိုးနုတ်၊ ကောက်စိုက်အကုန်လုပ်နေရပြီ။ မိရိုးဖလာ အသက်မွေးဝမ်းကျောင်းအလုပ်ဆိုတော့ ကြီးသည် ငယ်သည်မရှိဘူး နိုင်ရာအကုန်လုပ်နေရတာ။ အခုဖမ်းခံရတယ်ကြားတော့ ကလေးမိဘတွေက စိုးရိမ်ထိတ်လန့်ပြီး ငိုယိုနေကြတယ်။ ကိုယ်တွေလည်း မိဘဆိုတော့ ကိုယ်ချင်းစာတယ်” ဟု ပြောသည်။
အဆိုပါစစ်ကြောင်းသည် ယမန်နေ့ညပိုင်းက ပေကုန်းနှင့် အင်းမကျေးရွာအစပ်တွင် အထိုင်ချတပ်စွဲခဲ့ပြီး ဇူလိုင် ၅ ရက်နေ့နံနက် ၉ နာရီ ကျော်အချိန်တွင်ကျွန်းလှမြို့တွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။
ဇူလိုင် ၃ ရက်နေ့ကလည်း အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ ကလေးမြို့အခြေစိုက် ခမရ ၃၆၁ နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ကျော်သည် ချပ်ကြီးအထိုင်စခန်းမှ ထွက်လာပြီး နေ့လယ်ပိုင်းတွင် မကျီးကုန်းကျေး ရွာအား စီးနင်းဝင်ရောက်ကာ နေအိမ် ၉ လုံးနှင့် စပါးတိုက် ၅ လုံး မီးရှို့ဖျက်ဆီးခဲ့သလို ချောင်းကြားကျေးရွာ အနီးရှိ စစ် ရှောင်တဲ ၂၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “ကျနော်တို့ဒေသမှာက ပျူဆိုရင်လည်း တရွာလုံး၊ PDF ဆိုရင် လည်း တရွာလုံးဆိုတာမျိုးတွေ ဖြစ်နေတော့ PDF ရွာလို့ သတ်မှတ်ခံထားရတဲ့ ရွာတွေကဆိုရင် ဖမ်းဆီးရိုက်နှက်တာ တွေ လုပ်တယ်၊ စစ်ကြောင်းကလည်း PDF ရွာလို့ စွပ်စွဲပြီး ရွာသားတွေကို ဖမ်းဆီးပြီးရင် သူတို့ရဲ့အထုပ်အပိုးတွေ ထမ်း ခိုင်းတယ်။ စစ်ကြောင်းအထိုင် ပြန်ရောက်မှ ငွေနဲ့ ပြန်ရွေးခိုင်းတာမျိုးတွေလည်း လုပ်ခံနေကြရတယ်” ဟု ပြောသည်။
ယခုအခါ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီ ဆက်တိုက် စစ်ကြောင်းထိုးလျက်ရှိသလို စစ်ကြောင်းနှင့် ထိပ်တိုက်တိုး သည့်ဒေသခံများမှာ ဖမ်းဆီးခေါ်ဆောင်ခံရခြင်းများရှိနေသလို တချို့အား PDF ဟု စွပ်စွဲကာ ညှဉ်းပန်း နှိပ်စက်သတ် ဖြတ်ခြင်းများကိုလည်း ကျူးလွန်ခံနေကြရကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများက ဆိုသည်။
စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ပြည်သူပိုင်တန်ဖိုးကြီးပစ္စည်းများအား ခိုးယူသယ်ဆောင်ခြင်း၊ လယ်ယာသုံး ကျွဲ၊ နွား၊ စက်ပစ္စည်းများကိုလည်း ခိုးယူကာ လေလံတင်ရောင်းချခြင်းများကိုလည်း ပြုလုပ်လျက်ရှိကြောင်း သိရ သည်။
You may also like these stories:
ကန့်ဘလူ ရွာတချို့ ပျူစောထီးသင်တန်းတက်ရန် ဖိအားပေးခြိမ်းခြောက်ခံနေရ
စစ်ကိုင်းနယ်တွင် စစ်တပ်ကင်းပုန်းနှင့်တိုး၍ PDF ၁၄ ဦး သတ်ဖြတ်ခံရ
ဗုံးကြဲခံရသည့် ညောင်ကုန်းရွာခံများ နေရပ်မပြန်ရဲဖြစ်နေ