အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ဦးဆောင်သည့် အရပ်သားအစိုးရသည် မြန်မာ့စီးပွားရေးကို တိုးတက်အောင် မလုပ်နိုင်ဘဲ နိုင်ငံတကာအေဂျင်စီနှင့် အဖွဲ့အစည်းများက ထိုအစိုးရသည် စီးပွားရေး စီမံခန့်ခွဲမှုကောင်းသည်ဟု ထင်စေရန် ကူညီခဲ့ကြောင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ဇွန်လ ၃၀ ရက်နေ့တွင် ပြုလုပ်သည့် နိုင်ငံစီးပွားတိုးတက်ရေး အစည်းအဝေးတခုတွင် ပြောသည်။
စီးပွားရေးကျဆင်းရခြင်း အကြောင်းရင်းကို လေ့လာရန် ဝန်ကြီးဌာန လေးခုကို တာဝန်ပေးခဲ့ရာ ထိုဝန်ကြီးဌာနများက NLD အပြစ်ဖြစ်ကြောင်း အစီရင်ခံသည်ဟု ၎င်းကပြောသည်။
NLD အရပ်သားအစိုးရသည် အသိဉာဏ်ရှိရှိ မြန်မြန်ဆန်ဆန် လုပ်ကိုင်ရန် ပျက်ကွက်သောကြောင့် မြန်မာ့စီးပွားရေး ကျဆင်းကြောင်းလည်း မင်းအောင်လှိုင် ပြောသည်။
ပြည်ပအေဂျင်စီအချို့နှင့် နိုင်ငံကြီးများက NLD အစိုးရသည် ၎င်းတို့အလိုကျ လုပ်ပေးသောကြောင့် ထိုအစိုးရကို ငွေကြေးထောက်ပံ့ပြီး အဆင့်သတ်မှတ်ချက်ကောင်းများ ပေးသည်ဟု မင်းအောင်လှိုင်က စွပ်စွဲသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် ထိုနှစ်နှောင်းပိုင်းတွင် စတင်သည့် တနိုင်ငံလုံး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများအတွက်လည်း စစ်ကောင်စီခေါင်းဆောင်က NLD ကို အပြစ်တင်သည်။
NLD သည် လျှပ်စစ်ဓာတ်အား စီမံကိန်းများကို အကြောင်းအမျိုးမျိုးပြပြီး ဆိုင်းငံ့ခြင်း၊ ဖျက်သိမ်းခြင်း ပြုလုပ်ခဲ့သည်ဟု ၎င်းကပြောသော်လည်း မည်သည့်စီမံကိန်းကို ဖျက်သိမ်းခဲ့သည်ဟု တခုမှ မပြောပေ။
“စီးပွားရေးတွေ ကျလို့ စိတ်ဆင်းရဲနေတယ်။ ဘဏ္ဍာရေးပြဿနာ အတော်တက်နေတယ်” ဟု ရန်ကုန်ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။ မင်းအောင်လှိုင်၏ ပြောဆိုချက်သည် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံရာ၌ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
သူ၏ခေါင်းဆောင်မှုအောက်တွင် မြန်မာ့စီးပွားရေးသည် ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း ၃ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်မည်ဟု မကြာသေးမီက ထုတ်ပြန်သော အစီရင်ခံစာတွင် ကမ္ဘာ့ဘဏ်က ပြောသည်။
ကမ္ဘာ့ဘဏ်က မြန်မာ့စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု (GDP) သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ ဘဏ္ဍာရေး နှစ်အတွင် ၃ ရာခိုင်နှုန်း တိုးတက်နိုင်သော်လည်း အန္တရာယ်ရှိသည့် အချက်အလက်များစွာကြောင့် ထိုထက် နိမ့်ကျနိုင်ကြောင်း ပြောသည်။ မြန်မာ GDP သည် ယခုဘဏ္ဍာရေးနှစ်တွင် ၃ ရာခိုင်နှုန်း တိုးတက်သည့်တိုင် ၂၀၁၉ ခုနှစ်ကထက် ၁၀ ရာခိုင်နှုန်းအောက် နည်းနေသေးသည်။
ထိုကိန်းဂဏန်းများအရ မင်းအောင်လှိုင်က မည်သို့ပြောစေကာမူ သူ၏လုပ်ဆောင်မှုများသည် NLD အရပ်သားအစိုးရ၏ လုပ်ဆောင်မှုများထက် များစွာညံ့ဖျင်းကြောင်း ပြသနေသည်။
NLD သည် ခေတ်အဆက်ဆက် စစ်အုပ်စုများ၏ အမွေဆိုးများကို ရုန်းကန်ရသောကြောင့် နိုင်ငံ့စီးပွား တိုးတက်အောင် မျှော်မှန်းထားသည့်အတိုင်း မလုပ်နိုင်ကြောင်း အားလုံးသိကြသည်။ ထိုအမွေဆိုးများတွင် အမြဲတမ်းဖြစ်နေသည့် အဂတိလိုက်စားမှု၊ ကြိုးနီစနစ်နှင့် ပြုပြင်ပြောင်းလဲလိုစိတ်မရှိသော ဗျူရိုကရေစီတို့ ပါဝင်သည်။ NLD သည် စနစ်ဟောင်းမှ အစိုးရဌာနများ၏ ဆန့်ကျင်မှုကိုလည်း ရင်ဆိုင်ရသည်။
သို့သော် NLD အစိုးရ အာဏာရနေချိန်အတွင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ကမ္ဘာ့ဘဏ်တို့က မြန်မာ့ GDP တိုးတက်မှုရှိကြောင်း ဖော်ပြခဲ့သည်။ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့ GDP ၆ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်မည်ဟု IMF က ခန့်မှန်းခဲ့ပြီး ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်မှုက ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့ GDP ၆ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းခဲ့သည်။
၂၀၂၁ ခုနှစ် အာဏာ မသိမ်းမီ တလအလိုက ကာလအလယ်အလတ် မြန်မာ့စီးပွားရေး တိုးတက်မှုအလားအလာသည် ကပ်ရောဂါကြောင့် ထိခိုက်မှုများ ရှိစေကာမူ အပြုသဘောဆောင်ကြောင်း ခန့်မှန်းသည်။ သို့သော် အာဏာသိမ်းပြီး ခြောက်လကြာသောအခါ ဘဝများနှင့် အသက်မွေးဝမ်းကြောင်းများကို များစွာထိခိုက်စေပြီး စီးပွားရေး ၁၈ ရာခိုင်နှုန်းကျုံ့သွားကာ ဆင်းရဲနွမ်းပါးမှု မြင့်မားလာကြောင်း ကမ္ဘာ့ဘဏ်က ဖော်ပြသည်။ အနာဂတ်စီးပွားရေး တိုးတက်မှုသည် အပြင်းအထန် ကျပ်တည်းနေကြောင်းလည်း ဖော်ပြထားသည်။
စစ်အာဏာသိမ်းပြီး ဖရိုဖရဲအခြေအနေများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ အများအပြားသည် မြန်မာမှ လုပ်ငန်းများကို စွန့်ပစ်သွားသည်။ စစ်တပ်၏ ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စီးပွားရေး ပိတ်ဆို့မှုများ ပြန်လည် ရောက်လာသောကြောင့် ကုမ္ပဏီများသည် ပြင်းထန်သောဖိအားနှင့် ရင်ဆိုင်ရသည်။
အမေရိကန်ပြည်ထောင်စုက မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ် (MICB) တို့ကို ပိတ်ဆို့အရေးယူလိုက်ကြောင်း ထုတ်ပြန်ချက်ထွက်ပြီး နောက်ပိုင်း စစ်ကောင်စီ၏ နိုင်ငံခြားငွေ လက်ခံလဲလှယ်ရေး အခက် ပိုဆိုက်လာသည်။ တချိန်တည်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်တင်ပို့မှု ဇောက်ထိုးကျဆင်းနေသောကြောင့် နိုင်ငံခြားဝင်ငွေ နည်းပါးလာနေသည်။
စစ်ကောင်စီသည် နိုင်ငံခြားကြွေးမြီ အမေရိကန် ဒေါ်လာ သန်း ၇၀၀ နှစ်စဉ်ဆပ်နေရပြီး လောင်စာဆီ၊ စားအုန်းဆီနှင့် ဆေးဝါးကဲ့သို့ အခြေခံလူသုံးကုန်ပစ္စည်းများကိုလည်း ဝယ်ယူတင်သွင်းနေရသည်။ ထို့အပြင် နိုင်ငံတဝန်း တိုက်နေရသော စစ်အသုံးစရိတ်ကလည်း ပိနေသေးသည်။ ထို့ကြောင့် စစ်ကောင်စီလက်ထဲရှိသော နိုင်ငံခြားအရန်ငွေ လုံးပါးပါးနေရသည်။
စစ်ကောင်စီသည် စီးပွားရေးကို လက်လွှတ်ထားပုံရပြီး အရာရာအတွက် ၎င်းတို့ဖြုတ်ချခဲ့သည့် အရပ်သားအစိုးရကို အပြစ်တင်နေသည်။ ပြည်သူများက ကုန်ဈေးနှုန်း မြင့်မားသောကြောင့် ညည်းညူနေသည်။ ငွေကြေးတန်ဖိုး ထိုးစိုက်ဆင်းပြီး ငွေကြေးဖောင်းပွမှု မြင့်မားနေသည်။
ကုန်သည်များသည် မတည်ငြိမ်သော ငွေလဲနှုန်းကြောင့် ရုန်းကန်နေရသည်။ တနိုင်ငံလုံးတွင် အဆက်မပြတ် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေသည်။ ထိုအရာများသည် အာဏာသိမ်းပြီးနောက် ဖြစ်ပွားခြင်းဖြစ်သည်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် တာဝန်ယူလိုပုံ မပေါ်ပေ။
“ကျနော်ကောင်းအောင် လုပ်လည်း ဘာလုပ်လုပ် အားလုံးက ဝိုင်းညစ်နေတယ်လို့ အစည်းအဝေးမှာ ပြောသွားတယ်” ဟု ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် နီးစပ်သူတဦးက ပြောသည်။
You may also like these stories:
မြန်မာ့စီးပွားရေးတွင် အထိနာကျန်ခဲ့မည်
မြန်မာ့စီးပွားရေးနာလန်ထရန် နှစ်ပေါင်းများစွာကြာမည်ဟု ကမ္ဘာ့ဘဏ်ပြော
ပို့ကုန်မူဝါဒတချို့ ဖြေလျော့သော်လည်း ကုန်သွယ်ရေး၌ အခက်အခဲ ရှိနေဆဲ
ဘဏ်နှစ်ခု ဒဏ်ခတ်ခံရမှုဟာ စစ်ကောင်စီရဲ့ အသည်းနှလုံးကို ထိတာပဲ
နှိပ်ကွပ်နေသည့် ကြားမှပင် ဒေါ်လာနှင့် ရွှေဈေး ထပ်တက်လာပြန်