မိုးရာသီရောက်သော်လည်း ရန်ကုန်နှင့် မန္တလေးကဲ့သို့သော အဓိကမြို့ကြီးများတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ပိုမိုဆိုးရွားလာပြီး နေ့စဉ်ဘဝတွင် အခက်အခဲများဖြစ်စေကြောင်း ဒေသခံများက ပြောသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှ စတင်ပြီး နိုင်ငံတဝန်းတွင် ဓာတ်အားပြတ်တောက်မှုများ ပိုမိုရှည်ကြာလာသည်။ ၂၀၂၂ ခုနှစ် အစောပိုင်းတွင် လျှပ်စစ်ဓာတ်အား ဖြန့်ချိမှုသည် တနေ့လျှင် ၃၊ ၄ နာရီသာ ရှိတော့ပြီး မြန်မာပြည်သူများကို ဒုက္ခရောက်စေသည်။
ခြောက်သွေ့သော နွေရာသီ အခြေအနေများကြောင့် အဓိကကျသည့် ရေအားလျှပ်စစ် စက်ရုံများမှ ထုတ်လုပ်မှုစွမ်းရည် ကျဆင်းသွားသဖြင့် နိုင်ငံတဝန်း လျှပ်စစ် မလုံလောက်မှုဖြစ်ရကြောင်း နိုင်ငံပိုင် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က ဧပြီလတွင် ကြေညာခဲ့သည်။
သို့သော် ရေအားလျှပ်စစ်ဆည်များတွင် ရေပြည့်နေပြီး စွမ်းအားပြည့်ထုတ်လုပ်နိုင်သည့် မိုးရာသီတွင် ထိုသို့ ဓာတ်အားပြတ်တောက်ခြင်းမှာ ဖြစ်ခဲသောကိစ္စ ဖြစ်သည်။ မြန်မာတွင် အသုံးပြုသည့် လျှပ်စစ်ဓာတ်အား၏ ၄၀ ရာခိုင်နှုန်းကို ရေအားလျှပ်စစ်မှ ထုတ်လုပ်ပြီး ယခင်မိုးရာသီများကို လျှပ်စစ်ဓာတ်အားဖြန့်ချိမှု အကန့်အသတ် မရှိပေ။ သို့သော် အာဏာသိမ်းပြီးနောက် လျှပ်စစ်ဓာတ်အား ပုံမှန်ပြတ်တောက်နေကြောင်း စီးပွားရေးမြို့တော် ရန်ကုန်မှ ဒေသခံများက ပြောသည်။
ဇွန်လအတွင်း မိုးရေချိန်များကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မှတ်တမ်းတင်ထားပြီး ထိုလအတွင်း နိုင်ငံတဝန်း မိုးရွာသွန်းမှုနှုန်းသည် ၁၈ ရက်မှ ၂၉ ရက်အကြား ရှိသည်။ သို့သော် စစ်ကောင်စီသည် တနေ့လျှင် ၄ နာရီနှုန်းနှင့်သာ အလှည့်ကျ ဆက်လက်၍ ဓာတ်အားဖြန့်ချိနေပြီး မြို့ကြီးများတွင် မကြာခဏ ဓာတ်အားပြတ်တောက်ခြင်းသည် ပြည်သူများ၏ လူမှုဘဝနှင့် စီးပွားရေးလုပ်ငန်းများကို အနှောင့်အယှက် ဖြစ်စေသည်။
လွန်ခဲ့သောလအတွင်း တနေ့လျှင် လျှပ်စစ်ဓာတ်အား ၄ နာရီသာရကြောင်း ရန်ကုန်ဒေသခံများက အတည်ပြု ပြောကြားသည်။

“ညလုံးပေါက် ဓာတ်အားရတယ်ဆိုတာ တော်တော်ရှားတယ်။ လျှပ်စစ်နဲ့ ထမင်းတောင် ချက်လို့မရဘူး” ဟု ရန်ကုန် လှိုင်သာယာမှ ဒေသခံတဦးက ပြောသည်။
လျှပ်စစ်ဓာတ်အား ပြတ်တောက်ချိန် ကြာသောကြောင့် ချက်ပြုတ်ရန် ဓာတ်ငွေ့ (ဂက်စ်) အတွက် ငွေကြေး ပိုမိုကုန်ကျနေကြောင်း အင်းစိန်မြို့နယ်မှ အိမ်ရှင်မတဦးက ပြောသည်။
“မိုးမရွာရင် ပူတယ်။ ညဘက် မီးပြတ်ရင် အိပ်လို့တောင် မရဘူး” ဟု ဧရာဝတီသတင်းဌာနသို့ ၎င်းက ပြောသည်။
ဆေးရုံများနှင့် တက္ကသိုလ်များတွင်ပင် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေကြောင်း မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတဦးကလည်း ပြောသည်။
“ကျနော်တို့ မြို့နယ်ဆေးရုံက ပြီးခဲ့တဲ့အပတ် ဇွန်လအတွင်း ညတိုင်း ၁ နာရီ မီးပြတ်တယ်” ဟု ဧရာဝတီသတင်းဌာနသို့ ၎င်းကပြောသည်။
စစ်အာဏာသိမ်းမှု မဖြစ်ပွားမီက အရပ်သား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအောက်တွင် မြန်မာနိုင်ငံသည် နေ့စဉ် ဓာတ်အား ၃,၇၀၀ မဂ္ဂါဝပ်ထုတ်လုပ်ပြီး ရန်ကုန်က ထိုပမာဏ၏ ထက်ဝက်မျှ သုံးစွဲသည်။ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် နေ့စဉ် ဓာတ်အားထုတ်လုပ်မှုသည် ၃,၇၁၁ မဂ္ဂါဝပ်ရှိရာမှ ၂၀၂၂ ခုနှစ်၊ မတ်လသို့ ရောက်သောအခါ နေ့စဉ်ထုတ်လုပ်မှု ၂,၆၆၅ မဂ္ဂါဝပ်သို့ ကျဆင်းသွားသည်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကျဆင်းခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ဖြုတ်ချခံ NLD အစိုးရကို အပြစ်တင်သည်။
NLD အစိုးရအောက်တွင် အကြောင်းအမျိုးမျိုးကြောင့် ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို ရွှေ့ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်းကြောင့် ဓာတ်အား မလုံလောက်ကြောင်း ဇွန်လ ၃၀ ရက်နေ့က ပြုလုပ်သည့် နိုင်ငံစီးပွားမြှင့်တင်ရေး အစည်းအဝေးတွင် ပြောသည်။
လျှပ်စစ်ဓာတ်အား ဖြန့်ချိမှုများကို ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) က နှောင့်ယှက်သောကြောင့် ဓာတ်အား ပြတ်တောက်သည်ဟုလည်း မင်းအောင်လှိုင်က ပြောသည်။
သို့သော် ရန်ကုန်ဒေသခံများကမူ မင်းအောင်လှိုင်နှင့် စစ်ကောင်စီတွင် နိုင်ငံကို စီမံအုပ်ချုပ်နိုင်စွမ်း မရှိခြင်းအား အပြစ်တင်ကြသည်။
“အခု မိုးရာသီမှာတောင် မီးပြတ်နေရင် နွေရောက်ရင် မီတာဘောက်စ်တွေ ဖြုတ်ပစ်ရတော့မယ်” ဟု ရန်ကုန်တိုင်း သာကေတမြို့နယ်မှ ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။
ကမ္ဘာ့ဘဏ်က နောက်ဆုံးထုတ်ပြန်သည့် အစီရင်ခံစာတွင် မြန်မာမှ ဓာတ်အားပြတ်တောက်မှု အကျပ်အတည်းကို မီးမောင်းထိုးပြထားပြီး သွင်းကုန်ကန့်သတ်ချက်များကြောင့်ဖြစ်သည့် ဈေးနှုန်းများ မြင့်မားခြင်းနှင့် ကုန်စည် ပြတ်လပ်ခြင်းများကြောင့် ဖြစ်သည့် အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေကြေား ဖော်ပြထားသည်။ မြန်မာစီးပွားရေးလုပ်ငန်း အများအပြားသည် ကုန်ကြမ်းရရှိရန်ပင် ခက်ခဲနေကြောင်းလည်း ဖော်ပြထားသည်။
မြန်မာသည် အရှေ့တောင်အာရှတွင် လျှပ်စစ်ဓာတ်အား သုံးစွဲမှု အနိမ့်ဆုံးဖြစ်ပြီး အိမ်ထောင်စုများ၏ ၅၀ ရာခိုင်နှုန်းသာ မဟာဓာတ်အားလိုင်းနှင့် ဆက်သွယ်ထားကြောင်း ကမ္ဘာ့ဘဏ်က ဖော်ပြသည်။
You may also like these stories:
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မဲ့နေကြောင်း ဗျူဟာ အဖမ်းခံရမှုက နောက်ဆုံးသက်သေ
မီးပြတ်၊ ရေပြတ်နှင့် ပြည်သူတို့၏ အပူပေါင်းများစွာ
မီးမပေးနိုင်ခြင်းက နိုင်ငံ့စီးပွားရေးကို ပိုဆိုးစေ
လူ့အခွင့်အရေး စိုးရိမ်မှုများကြောင့် ဥရောပ ဆည်လုပ်ငန်း ပညာရှင်များ မြန်မာမှ ထွက်ခွာ
ဝမရှိဘဲ ဝိလုပ်နေသည့် စစ်ကောင်စီ၏ လျှပ်စစ်